Friday, February 18, 2011

အမျိုးသားခေါင်ဆောင်ကြီးနဲ့ လမ်းလျှောက်သူများ

ကူးဒူ၊ ဒီမင်း

ထောင်နဲ့ ချီတဲ့ လူအုပ်ကြီးက ကရင်နီအမျိုးသားခေါင်းဆောင် ဆရာကြီး ထဲဘူးဖဲ ရုပ်ကလပ်ကို ထိုင်း-မြန်မာနယ်စပ်မှာ ရှိတဲ့ မိမိနေအိမ်ကနေပြီး ကရင်နီပြည်ထဲသို့ လမ်းလျှောက်ပြီး ပို့ပေးနေကြတာကို တွေ့ရပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ) ဥက္ကဌလည်းဖြစ်၊ ကရင်နီနိုင်ငံတော်အစိုးရ ၀န်ကြီးချုပ်လည်း ဖြစ်တဲ့ ဆရာကြီး ထဲဘူးဖဲရဲ့ ရုပ်ကလပ်ကို နယ်စပ်မှ ၁၂ မိုင် ကွာဝေးတဲ့ ကရင်နီ နယ်မြေထဲကို မနားတမ်း ထမ်းပို့နေကြတာပါ။

မျက်ရည်တွေ တပေါက်ပေါက် ကျနေတဲ့ ဆရာကြီး ထဲဘူးဖဲရဲ့ စတုထ္တမြောက်သမီး မော်သဲမာက “တခြားလူတွေကိုပေါ့နော သူမှာထားတာကတော့ သူသေလို့ရှိရင်ပေါ့ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော သူ့တိုင်းပြည်ကို သူပြန်မြုပ်ခိုင်းစေချင်တာပေါ့နော။ ဒါကြောင့်မို့လို့ တောင်ပေါ်မှာပေါ့နော သူ့ကို သွားမြုပ်ဖို့၊ အဖေက သူတော်လှန်ရေး လုပ်တာ ကြာပါပြီပေါ့နော သူအမြဲအနစ်နာခံတယ်။ သူအမြဲ မျှော်လင့်ချက် ရှိတယ်။ သူများတွေ ဘာပဲပြောပြောလေ သူတစ်ခါမှ စိတ်ဓာတ် မကျဘူး။ ကျမ သူ့နဲ့ နေတာ သိတယ်။ သူဆို သူများတွေ အကုန်စိတ်ဓာတ်ကျတဲ့ အချိန်ဆို ဥပမာ သူများတွေ မျှော်လင့်ချက် မရှိဘူး ပြောတဲ့ အချိန်ဆို အဖေက ဘာမှ မဖြစ်ဘူး။ သူက အေးဆေးပဲ” လို့ ပြောပါတယ်။

ဆက်လက်ပြီး သူမက “တော်လှန်ရေး မအောင်မြင်မချင်း သူက ဆက်လုပ်မယ် ဒါတော့ သူအမြဲတမ်း ပြောတယ်။ ဥပမာနော သူများသွားတယ် နိုင်ငံခြားမှာ သူများတွေ နိုင်ငံခြား တတိယနိုင်ငံ ထွက်သွားကြတယ်။ သူဘာမပြောဘူး။ အဲဒီကိစ္စ သူဘာမပြောဘူး။ အမြဲသူ့မှာ မျှော်လင့်ချက် ရှိတယ်။ တစ်နေ့နေ့ကျရင် သူပြန်နိုင်မယ်ဆိုတာ သူ့မှာ မျှော်လင့်ချက် ရှိတယ်။ ဒါကြောင့်မလို့ အခုချိန်မှာ သူဆုံးသွားပေမယ့် သူ့တိုင်းပြည်ကိုပဲ ရောက်အောင် ပြန်ပို့ပေးပါလို့ သူပြောတယ်လေ” လို့ ပြောပါတယ်။

ဆရာကြီးရဲ့ ရုပ်ကလပ်ကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က ကရင်နီပြည်မှာ ရှိတဲ့ အာဇာနည် ကျောက်တိုင် နံဘေးမှာ အုတ်ဂူသွင်း သင်္ဂြိုလ်ပါတယ်။ အုတ်ဂူ မသွင်းခင်မှာ ကျန်ရစ်နေခဲ့ကြတဲ့ မိသားစုတွေနဲ့ ကရင်နီအမျိုးသားတွေက နှစ်ခြင်း ခရစ်ယာန်ဘာသာနဲ့ ၀တ်ပြုဆုတောင်းပေးခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် အဖွဲ့အစည်းများ၊ နိုင်ငံရေး အဖွဲ့အစည်းများနဲ့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းများမှ ဝမ်းနည်းကြောင်း သ၀ဏ်လွှာ စုစုပေါင်း ၃၄ စောင် ပေးပို့ခဲ့ကြပါတယ်။

“ဆရာကြီး ထဲဘူးဖဲဟာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများတွေသာမက အခြားဒီမိုကရေစီ အင်အားစုများ အကြားတွင် လေးစားခံရသော ခေါင်းဆောင်ကောင်း တစ်ဦးလည်း ဖြစ်ပါသည်” လို့ တိုင်းရင်းလူမျိုးများကောင်စီမှ ပေးပို့လာတဲ့ သ၀ဏ်လွှာကို ကရင်နီဆယ်တန်းလွန် KnPT ကျောင်းသူ မော်ဆိုဒဲမြာက ဆရာကြီး ထဲဘူးဖဲရဲ့ ဂူသွင်း သင်္ဂြိုလ်တဲ့ အခမ်းအနားကို တက်ရောက်လာတဲ့ ကရင်နီမိဘပြည်သူ ၂၀၀၀ ၀န်းကျင်ရဲ့ ရှေ့မှောက်မှာ ဖတ်ကြားခဲ့တာပါ။

တိုင်းရင်းသား မဟာမိတ်များနဲ့ မြန်မာ့ဒီမိုကရေစီအရေး လုပ်ဖေါ်ကိုင်ဖက်များအကြား ဆရာကြီး ထဲဘူးဖဲ သက်ရှိထင်ရှားချိန် မှတ်မှတ်ရရ ကျန်ရစ်ခဲ့တဲ့ နိုင်ငံရေး လှုပ်ရှားမှုများနဲ့ တွေးခေါ်ယူဆချက်များကို ပြည်ထောင်စုတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဥက္ကဌ ခွန်းမားရ်ကိုဘန်က အခုလို ပြောပါတယ်။

“ဆရာကြီး ထဲဘူးဖဲဟာ အဲဒီကတည်းက တကယ်ရိုးသားတယ်။ သာမန်လူထက်တောင်မှ သူက နှိမ့်ချပြောဆိုဆက်ဆံတာကို တွေ့ရတယ်။ တော်လှန်ရေးမှာ ရောက်ရင်လည်း အားလုံးသိတဲ့ အတိုင်းပဲ သူက နေပုံထိုင်ပုံ အားလုံးနှိမ့်ချပြီးတော့ အင်မတန် ရိုးသားတယ်။ ဒါတွေဟာ ကျနော်တို့ ဒီကရင်နီခေါင်းဆောင်နဲ့တကွ ကရင်နီပြည်သူများ ဒီကျနော်တို့ ပြည်ထောင်စုတိုင်းရင်းသား ပေါင်းစုံတွေအားလုံး ကျနော်တို့ဟာ လိုက်ပြီးတော့ ကျင့်ဆောင်သင့်တယ် ဂုဏ်ပြုသင့်တယ်။”

ဆက်လက်ပြီး ခွန်းမားရ်ကိုဘန်က “ကျနော် ဂုဏ်ပြုလိုတာကတော့ ကျနော်တို့ ကရင်နီဟာ သီးခြားလွတ်လပ်တဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်တယ်။ ဒါကြောင့် အဲဒီသီးခြားလွတ်လပ်မှုကို ယုံယုံကြည်ကြည်နဲ့ အဲဒီဆရာကြီးက ဆုပ်ကိုင်ထားတာ ဖြစ်တယ်။ ကျနော်တို့ ကရင်နီပြည်သူများကလည်း ဒါကိုယ့်သမိုင်း အမှန်ကို ဆုပ်ကိုင်ထားရမှာ ဖြစ်ပါတယ်။”

ကွယ်လွန်သွားသူ ဆရာကြီး ထဲဘူးဖဲဟာ ကနေ့က စပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ ကရင်နီနိုင်ငံတော်အစိုးရမှ အပြီးအပိုင် ထွက်သွားပြီ ဖြစ်ကြောင်း ကရင်နီနိုင်ငံတော် အစိုးရမှ အခုလို အမိန့်စာ ထုတ်ပြန်ပါတယ်။

“ရဲဘော် ခူးထဲဘူးဖဲ သင်သည် ယနေ့ အမိန့် ထုတ်ပြန်သည့် အချိန်မှ စ၍ သင်သည် ကရင်နီအမျိုးသားခုခံတော်လှန်ရေး၊ ကရင်နီအစိုးရတို့နှင့် လုံးဝသက်ဆိုင်ခြင်း မရှိတော့သဖြင့် သင်သွားလိုရာသို့ သွားနိုင်ပြီ ဖြစ်သည်။”

No comments: