Tuesday, February 22, 2011

ပေါ်တာအထမ်းသမားများ အလောင်းကို တွေ့ရှိ

နော်အဲဏီ၊ ကောင်းဝါသတင်းဌာန

ကေအဲန်ယူနှင့် ဒီကေဘီအေတပ်များ လှုပ်ရှားနေသော သေ့ဘောဘိုးဒေသတွင် ဖေဖော်ဝါရီလ (၁၉) ရက်နေ့မနက် (၁၁) နာရီခွဲ အချိန်တွင် ရေထဲတွင် မျှောပါ လာသော အလောင်း တစ်လောင်းကို တွေ့ရှိရ သည်ဟု ကေအဲန်ယူ တပ်မှာ အရာရှိ တစ်ဦးက အခုလို ပြောပါသည်။

“လွန်ခဲ့တဲ့နှစ်ရက်တုန်းက ကျနော်တို့အခုရှိနေတဲ့ နေရာဘက်ကို အလောင်းတစ်လောင်း မျောလာတာ တွေ့တယ်လေ။ မျောလာတဲ့လူသေအလောင်းက အသက်လေးဆယ်ကျော်ရှိမယ်။ ကတုံးနဲ့ ကျားကွက်ဘောင်းဘီ အတိုဝတ်ထားတယ်။ လည်ပင်းနဲ့ခေါင်းမှာ ရိုက်ထားတဲ့ဒါဏ်ရာတွေ့တယ်။ ရွာသားပေါ်တာသမားလား၊ အကျဉ်း သားလားတော့ကျနော်တို့မသိဘူး။ လေးဝေါ်ရွာသားတွေက ချောင်းရဲ့အထက်ဘက်မှာ အလောင်းလေးလောင်း တွေ့တယ်လို့ပြောတယ်။ သူတို့လည်း နောက် တစ်ခေါက်မလိုက်ပြရဲတော့ဘူး။ ကျနော်တို့လည်းသွားမကြည့်ရဲဘူး။ ကျနော်တို့က မျောလာတဲ့ အလောင်းကိုပဲဆယ်ပြီးတော့ ဓါတ်ပုံရိုက်ပြီး မြေမြုပ်လိုက်တယ်။”

ချောင်းရဲ့အထက်ဘက်တွင်ကျန်နေသော အလောင်းလေးလောင်းကို သွားတွေ့ခဲ့သည့် လေးဝေါ်ရွာသား များ၏ပြောပြချက်အရ အလောင်းများမှာ ယောက်ျားလေးအလောင်းများဖြစ်ပြီး မည်သူမည်ဝါမှန်း မသိရကြောင်း ၊ ပုပ်ပွနေကြောင်း နောက်တစ်ခေါက်အဲဒီနေရာကို သွားဖို့မ၀ံ့ရဲကြောင်း ပြောပါသည်။ ဒီကေဘီအေ တပ်မှူးတစ်ဦး ကမူ ယခုလိုလုပ်ရပ်သည် နအဖတပ်များရဲ့လုပ်ရပ်သာဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆို သွားပါသည်။

လူ့အခွင့်အရေးပညာပေးဌာန(မြနမာနိုင်ငံ)၏ဒါရိုက်တာ ဆရာဦးအောင်မျိုးမင်းကတော့ ပေါ်တာ အထမ်း သမားများကို ယခုလိုသတ်ဖြတ်နေတဲ့အပေါ် လူ့အခွင့်အရေးရှုထောင့်ဘက်က အခုလိုသုံးသပ် ပြောဆိုခဲ့ပါသည်။

“စစ်ပွဲအတွင်းမှာ အပြစ်မရှိတဲ့ ရွာသားတွေကို ပေါ်တာဆွဲခြင်းက တကယ့်ကိုဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ရပ် ဖြစ်ပါတယ်။ နောက်တစ်ခုက နအဖအနေနဲ့ အိုင်အယ်အို နဲ့ပေါင်းပြီး နားလည်မှုစာချွန်လွာတွေ လုပ်နေတယ်။ ဒီလိုမျိုး ဒီလုပ်အားပေးခေါ်တာတွေ၊ ဒါတွေရပ်တန့်တယ် ပြောနေတယ်ဆိုပေမယ့်၊ အခုလိုမျိုး အရပ်သားတွေကို စစ်မျက်နှာပြင်မှာ အသုံးပြုခြင်းက သူတို့ပြောနေတာနဲ့ လုံးဝကွဲလွဲနေတယ်ဆိုတာဖော်ပြနေတယ်။ နောက် အရင်တုန်းက ဒီလုပ်အားပေးဆိုတဲ့ဟာက ပြည်သူလူထုတွေက လမ်းဖောက် ၊ ရထားလမ်းဖောက်ဆိုတဲ့ နေရာမျိုးမှာပဲ အသုံးပြုတယ်။ အခုချိန်မှာ ဆိုလို့ရှိရင် တကယ့်အန္တရာယ်များလှတဲ့ ရှေ့တန်းစစ်မျက်နှာအထိ အသုံးပြုခြင်းက ပိုမိုဆိုးရွားတဲ့ အန္တရာယ်ဖြစ်စေတဲ့အတွက် ဒါဟာမလုပ်သင့်ဘူးလို့ ကျနော်ပြောချင်ပါတယ်။”

လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံရေးကြားနာဘက်မှာ လာရောက်တက်ရောက်တဲ့ ကိုယ်စားလှယ် တွေက လူ့အခွင့်အရေးကိစ္စတွေကို နောင်လာမည့် အစိုးရသစ်ကနေ လိုအပ်တဲ့အတိုင်း ပြုပြင်ပြောင်းလဲမှု တွေလုပ်ဆောင်သွားဖို့ တိုက်တွန်းသွားမည်ဟုပြောဆိုခဲ့သည်။ သို့သော်လည်း အခုတက်လာသည့် အစိုးရသစ် သည် စစ်အာဏာရှင်များမှသာ ကြိုးကိုင်ထားသည့်အစိုးရဖြစ်ပြီး သိပ်ပြီးထူးခြားလာမည့် အခြေအနေမရှိဘူးဟု ဦးအောင်မျိုးမင်းက ဆက်ပြောပါသည်။

“အရင်စစ်အစိုးရခေတ်ပဲဖြစ်ဖြစ်၊ အခုပေါ်လာတဲ့အစိုးရသစ်ပဲဖြစ်ဖြစ် ၊ ဒီလိုမျိုးပေါ်တာတွေကို ဖမ်းဆီး နေတာ စစ်တပ်ပဲဖြစ်တယ်၊ အဲဒီစစ်တပ်ရဲ့လုပ်ဆောင်မှုကို အစိုးရပိုင်းရော ၊တရားရေးပိုင်းဆိုင်ရာကရော တားမြစ်ဖို့လိုအပ်တယ်။ ဒါပေမယ့်လက်ရှိအခြေအနေမှာက ဒီ အစိုးရထဲမှာပါတဲ့သူတွေက ဟန်ပြဘဲဖြစ်ပြီးတော့ စစ်တပ်အာဏာရှင်တွေပဲ နောက်က ကြိုးကိုင်ထားတဲ့အတွက် ဒီဟာတွေကို သူတို့ထုတ်ဖော်တင်ပြဖို့၊ အရေးယူဆောင်ရွက်ဖို့က သိပ်ပြီးမဖြစ်နိုင်သေးတဲ့ အနေအထားမျိုးလို့ ကျနော်တို့ ကောက်ချက်ချတယ။်”

ဒီကေဘီအေပူးပေါင်းတပ်တို့ ဖြစ်ပွားသောတိုက်ပွဲများတွင် အကျဉ်းသားများအား နအဖတပ်များက ပေါ်တာအဖြစ်ရှေ့တန်းသို့ခေါ်ဆောင်လာခဲ့ပြီး အကျဉ်းသားများကို ရှေ့တန်းတွင်ရိက္ခာများ၊ ကျည်ဆံများသယ် ဆောင်ခိုင်းသည့်အပြင် လူသား မိုင်းရှင်းကိရိယာအဖြစ် အသုံးခဲ့ကြသည်သည်ဟု ထွက်ပြေးလာသော အကျဉ်း သားများမှပြောပါသည်။

ထွက်ပြေးရန်ကြိုးစားသူအကျဉ်းသားများကိုလည်းပစ်သတ်သော ပြစ်ဒဏ်မျိုးပေးပြီး ရှေ့တန်းစစ်မြေပြင် တွင် ဒဏ်ရာရသောသူများကို ဆေးရုံသို့မပို့ဘဲ သတ်ပစ်ခဲ့တာတွေလည်းရှိခဲ့သည်ဟု ထွက်ပြေးလွတ်မြောက် လာသော အကျဉ်းသားများမှပြောပါသည်။

No comments: