Friday, February 25, 2011

နေပြည်တော် တည်ဆောက်မှု တရက် ကျပ်သန်းလေးထောင် ခန့်သုံး

စည်သူ Friday, 25 February 2011

နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းခွင် အသုံးစရိတ်သည် လတ်တလောတွင် တရက် ကျပ်သန်း လေးထောင် ခန့်ရှိနေကြောင်း တည်ဆောက်ရေး လုပ်ငန်းများနှင့် စည်ပင်သာယာ ဘဏ်မှ စုံစမ်း သိရှိရသည်။

ယခင်က တည်ဆောက်ရေး လုပ်ငန်းများတွက် နေပြည်တော်ရှိ စည်ပင်သာယာ ဘဏ်မှ ၁၀ ရက်တကြိမ် ကျပ် သန်း နှစ်သောင်း ခန့် ပုံမှန်ထုတ်ပေးနေရာမှ ယခု နောက်ပိုင်းတွင် ၁၀ ရက် တကြိမ် သန်း လေးသောင်း အထိ ထုတ်ပေးလာ ရကြောင်း စည်ပင်သာယာ ဘဏ် အရာရှိတဦး က ဧရာဝတီ သို့ ပြောသည်။

“ကျမတို့ ဘဏ်က ၂၀၁၀ နှစ်ကုန်ခါနီး လောက်ကစပြီး ၁၀ ရက်ကို တကြိမ် သန်း လေးသောင်း လောက်အထိ ထုတ်ပေးနေရ တယ်”ဟု ၎င်းက ပြောပြသည်။

နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းများတွက် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးနှင့် စည်ပင်သာယာရေး ၀န်ကြီး မြို့တော်ဝန် ဦးသိန်း ညွန့်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အာဏာကုန် လွှဲပေးထားပြီး ဖြစ်သည့်အတွက် တည်ဆောက်ရေး ကုန်ကျစရိတ်၊ အသုံးစရိတ်များကို စည်ပင်သာယာ ဘဏ်တွင်သာ ထုတ်ယူရလေ့ ရှိကြောင်း ဆောက်လုပ်ရေး လုပ်ငန်းတခုမှ တာဝန်ခံ အင်ဂျင်နီယာ တဦးက ဆိုသည်။

ထို့အပြင် ယခုကဲ့သို့ အသုံးစရိတ်များ ယခင်ကထက် မြင့်တက်လာရခြင်းမှာ လွှတ်တော် အဆောက်အအုံ၊ သမ္မတ အိမ်တော်နှင့် ဒု သမ္မတ အိမ်တော်များ အပြီးမသတ်နိုင်သေးခြင်းနှင့် နိုင်ငံတော် ဧည့်ဂေဟာ၊ တပ်မတော် စစ်သမိုင်းပြတိုက်၊ အမျိုးသားစာကြည့် တိုက်၊ အမျိုးသားမော်ကွန်းတိုက်နှင့် အမျိုးသားပြတိုက်များကို အမြန်ပြီးပြတ်စေရန် ဆောက်ရွက်နေစေခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

“လွှတ်တော်ဆို တကယ့် ခမ်းခမ်းနားနား ဆောက်ထားတာ။ လွှတ်တော်မှာ သုံးတဲ့ ကျိုင်းဆိုတာတောင် ရွှေ ၆ ပိသာလောက်ရှိတယ်။ ကျန်တဲ့နေရာတွေကလည်း ရွှေအစစ်တို့၊ ကျောက်သံပတ္တမြားတွေနဲ့ အလှဆင် ထားတာတွေကော၊ မြန်မာမှုလက်ရာတွေဆိုလည်း တကယ့် ခမ်းခမ်းနားနားဆိုတော့ ကုန်တာပေါ့”ဟု ဆောက်လုပ်ရေး အင်ဂျင်နီယာ တဦးက ပြောသည်။

၎င်းက ဆက်လက်၍“အစိုးရပိုင်းက နောက်အစိုးရကို အာဏာမလွှဲခင် အမြန်ပြီးစေချင်ပုံရတယ်။ နောက်အစိုးရ လက်ထက်မှာ ရသုံး မှန်းခြေတို့ ၊ ဘတ်ဂျက် စာရင်းတို့ တင်ပြရမယ်ဆိုတော့ အခုအချိန်မှာ ပိုက်ဆံ သုံးလို့ရသလောက် သုံးမယ်ဆိုတဲ့ သဘော လားမသိပါဘူး”ဟုလည်း ဆိုသည်။

ထုတ်ပေးငွေများအနက် လွှတ်တော်တည်ဆောက်နေသော ACE ကုမ္ပဏီနှင့် အေ၀မ်း ကုမ္ပဏီတို့က အများဆုံး ထုတ်ယူ ရနေကြောင်းလည်း အထက်ပါ စည်ပင်သာယာ အရာရှိက ပြောသည်။

“ထုတ်တာကတော့ ACE က အများဆုံးပဲ။ လွှတ်တော်တို့ သမ္မ အိမ်တော်၊ ဒု သမ္မတ အိမ်တော်တွေက အချောကိုင်နေလို့ ပိုကုန်တယ်လို့ ပြောပါတယ်”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အဆိုပါ အသုံးစရိတ်များကို ရန်ကုန်နှင့် မြန်မာနိုင်ငံ တ၀န်းရှိ နိုင်ငံပိုင် အဆောက်အအုံများ လေလံပစ်ရာမှ ရငွေများ၊ သဘာဝ ဓာတ်ငွေ့ ရောင်းရငွေများ၊ ကျောက်မျက်ရောင်းရငွေများမှ သုံးစွဲနေခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောသည်။

No comments: