Saturday, February 19, 2011

ကျပ်သိန်း ၄ဝ ကျော် ဆိုက်ကားသမားများ အလိမ်ခံရဟုဆို

ကျော်ခ

ဧရာဝတီတိုင်း မြောင်းမြမြို့ရှိ ဆိုက်ကား ၁၁၄ဝ စီးထံမှ အခွန်ငွေ ကျပ်သိန်း ၄ဝ ကျော်ကို စည်ပင်နှင့် ဆိုက်ကားယာဉ် အသင်း တာဝန်ရှိသူများက လိမ်လည်ကောက်ခံသည်ဟု စွပ်စွဲကာ ဆိုက်ကားသမားများက မြို့နယ်ကောင်စီသို့ တိုင်ကြားထားကြောင်း စုံစမ်းသိရှိရသည်။

မြို့နယ်စည်ပင် ဒုအခွန်ဦးစီးမှူး ဒေါ်လှလှမြင့်၊ ဆိုက်ကားယာဉ်အသင်း ဥက္ကဋ္ဌ ဦးမောင်လတ်နှင့် အတွင်းရေးမှူး ဦးကျော်ကျော်တို့က ဆိုက်ကားသမား ၁၁၄ဝ ထံမှ တနှစ်စာ စုစုပေါင်း ကျပ်သိန်း ၄ဝ ကျော် လိမ်လည် ကောက်ခံသည်ဟု ဆိုက်ကားသမားများက သက်သေခံ စာရွက်စာတမ်းများဖြင့် တိုင်ကြားခဲ့ကြောင်း သိရှိရခြင်း ဖြစ်သည်။

“ဆိုက်ကားသမား တထောင်ကျော်အတွက် သူတို့အထဲက ၄ ဦးက ငွေလက်ခံစာရွက်တွေ၊ တိုင်စာတွေနဲ့ အတိအကျ လာတိုင်တယ်။ ဥက္ကဋ္ဌကြီး ဦးတင့်နိုင်ကလည်း စုံစမ်းစစ်ဆေးရးအဖွဲ့ ဖွဲ့ပြီး၊ လာမယ့်အပတ်ထဲမှာ ဝင်စစ်ပေးမယ်လို့ မနေ့က ပြောလိုက်တယ်” ဟု မြို့နယ် မယက ရုံးဝန်ထမ်း တဦးက မဇ္ဈိမကို ပြောသည်။

ဆိုက်ကားသမားများထံမှ လိုင်စင်ကြေးနှင့် ဘီးခွန်ကြေး သတ်မှတ်ခအဖြစ် စည်ပင်နှင့် ဆိုက်ကားယာဉ်အသင်းသို့ ဆိုက်ကားတစီးလျှင် ကျပ် ၁၃၈ဝဝ ဖြစ်သော်လည်း ဒေါ်လှလှမြင့်နှင့် ဦးမောင်လတ်၊ ဦးကျော်ကျော်တို့က တစီးလျှင် ၁၇၈ဝဝ နှုန်း ကောက်ခံသဖြင့် ဆိုက်ကားသးမားက တိုင်တန်းခြင်း ဖြစ်သည်။

တိုင်စာကို ဆိုက်ကားသမားများဖြစ်ကြသည့် ကိုစိုးမြင့်၊ ကိုစိန်သန်း၊ ကိုညွန့်တင်၊ ကိုကျော်မြင့်တို့က လက်မှတ်ထိုးကာ၊ သက်သေခံ စာရွက်စာတမ်းများနှင့်အတူ မယက သို့ တိုင်တန်းခဲ့သလို၊ ဧရာဝတီတိုင်း စည်ပင်သာယာဌာနသို့ပါ တိုင်တန်းခဲ့သည်။

တိုင်တန်းမှုသည် ယခုမှသာ မဟုတ်ဘဲ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းတွင်လည်း ဧရာဝတီတိုင်း စည်ပင်သာယာဌာနသို့ တိုင်တန်းခဲ့ပြီး တိုင်းစည်ပင်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့ တကြိမ်နှင့် ယခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က တိုင်စာအရ စာရင်းစစ်ရုံး၏ ညွှန်ကြားမှုဖြင့် မြောင်းမြခရိုင် စာရင်းစစ်ရုံးမှလည်း တကြိမ် လာရောက်စစ်ဆေးခံခဲ့ရသည်ဟု မြောင်းမြမြို့နယ် စည်ပင်ဝန်ထမ်း တဦးက ပြောသည်။

ယခုလ ပထမ အပတ်ထဲတွင် တိုင်းစည်ပင်၏ ညွှန်ကြားချက်ဖြင့် ဒေါ်လှလှမြင့်ကို ဝါးခယ်မမြို့နယ် စည်ပင်သာယာဌာနသို့ နေရာပြောင်း၍ တာဝန်ပေးလိုက်ပြီးဖြစ်ကာ၊ စစ်ဆေးမှုများ ပြုလုပ်သည့်အခါ မြောင်းမြသို့ ပြန်လာရမည်ဖြစ်သည်။

ဆိုက်ကားယာဉ်အသင်းတွင် ဥက္ကဋ္ဌ ဦးမောင်လတ်နှင့် အတွင်းရေးမှူး ဦးကျော်ကျော်တို့သည် စည်ပင် ဝန်ထမ်းများ ဖြစ်ပြီး၊ ၎င်းတို့၏ ရာထူးများကိုလည်း ဒေါ်လှလှမြင့်က ချပေးခဲ့ခြင်းဖြစ်သည်ဟု စည်ပင် အသိုင်းအဝိုင်းက ပြောသည်။

“ပထမတကြိမ် တိုင်းက လာစစ်တယ်။ အဲဒီတုန်းက ဒေါ်လှလှမြင့်က သူ့လူတွေကိုပဲ ခေါ်ပြီးတော့ ၁၃၈ဝဝ ပဲ ကောက်တယ်လို့ ပြောခိုင်းတယ်လေ။ အခု မနေ့က ကျနော်တို့တင်တဲ့အထဲမှာ သူတို့လူ မဟုတ်တဲ့ တခြား ဆိုက်ကားသမားတွေကို ခေါ်မေးဖို့ ပါပါတယ်” ဟု သွားရောက်တိုင်တန်းခဲ့သည့် ဆိုက်ကားသမား တဦးက မဇ္ဈိမကို ပြောသည်။

ဆိုက်ကားသမား ၁ ထောင်ကျော်သည် နှစ်စဉ် မြောင်းမြ ဘိုးဘွားရိပ်သာအတွက် အလှူငွေများ လှူဒါန်းသည့်အပြင် ဝါတွင်း ၄ လ အလှူငွေများ၊ သာရေးနာရေးအတွက် အလှူငွေများကိုလည်း တနှစ်စာ ပုံမှန်သွင်းပေးနေကြောင်း သိရပြီး၊ ဆိုက်ကားသမားထဲမှ တဦးဦး ဒုက္ခရောက်ခဲ့လျှင် ကူညီရန်အတွက်ပါ အသင်းတွင် စုငွေများ ထားရှိသည်ဟု ဆိုသည်။

ထို့ကြောင့် တိုင်းနှင့် မြို့နယ် မယက မှ စုံစမ်းစစ်ဆေးရေးများ လာရောက်စစ်ဆေးသည့်အခါ ဆိုက်ကားယာဉ် အသင်း၏ ဘဏ်၌ အပ်ထားငွေများကို ပြန်လည်စစ်ပေးစေလိုကြောင်း ဆိုက်ကားသမားများက ပြောဆိုကြသည်။

မြို့နယ်စည်ပင် ဒုအခွန်ဦးစီးမှူး ဒေါ်လှလှမြင့်ထံ မဇ္ဈိမက ဆက်သွယ်ကြည့်သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

No comments: