Monday, February 21, 2011

အင်ကြင်းကျောက်များ တရုတ်ကို ဦးပိုင် တရားမ၀င်ပို့နေ

သင်းအောင် Monday, 21 February 2011

မြန်မာပြည်၏ သဘာဝတွင်းထွက် သယံဇာတ တမျိုးဖြစ်သည့် အင်ကြင်းကျောက်များကို တရုတ်ပြည်နယ်စပ် ကျောက်ဈေးကွက်သို့ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် အပါအ၀င် ၎င်းနှင့် နီးစပ်သူများက တရားမ၀င် ပို့ဆောင် ရောင်းချမှုများ ပြုလုပ်နေကြောင်း ကျောက်ဈေးကွက် အသိုင်းအ၀ိုင်းက ပြောဆိုသည်။

အင်ကြင်း ကျောက်သည် ကန့်သတ် တွင်းထွက်ဖြစ်သည့် အတွက် တခြား ကျောက်ကုန်သည်များက သယ်ဆောင်ခြင်း မရှိဘဲ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်နှင့် ၎င်း၏ ဆက်စပ် ကုန်သည်များသာ နယ်စပ်စစ်ဆေးရေး ဂိတ်များကို အလွယ်တကူ ဖြတ်ကျော် ပို့ဆောင် နိုင်ကြောင်း၊ ယင်းသို့ ပို့ဆောင် ရောင်းချနေသည်မှာ ကြာမြင့်နေပြီ ဖြစ်ကြောင်း ယူနန်ပြည်နယ် ကြယ်ဂေါင် ကျောက်ဈေးကွက်မှ သိရသည်။

နယ်စပ် စစ်ဆေးရေးဂိတ်ရဲ့ အကောက်ခွန်မဲ့ ပစ္စည်း ဖမ်းဆီး ထိန်းသိမ်းရေး အဖွဲ့၊ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့၊ လေလံတင် ရောင်းချရေး အဖွဲ့တွေကို ဦးပိုင်က သူတို့နည်း သူတို့ဟန်နဲ့ ကျော်ဖြတ်နိုင်တယ်”ဟု ကြယ်ဂေါင် ကျောက်ဝိုင်း ကုန်သည် တဦးက ဆိုသည်။

မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှ ယူနန်ပြည်နယ် ကြယ်ဂေါင်သို့ အ၀င် ဂိတ်ပေါက် (၃) ခုအနက် မန့်ဝင်း ဂိတ်ပေါက်မှ ကုန်ကားများနှင့် အတူ အင်ကြင်းကျောက်များ သယ်ဆောင် ကြသည်ဟု သိရသည်။

ကြယ်ဂေါင် (၄) လမ်း ကျောက်စိမ်းဈေးကွက်အနီးတွင် ယူနန်ပြည်နယ်၏ အကြီးဆုံး အင်ကြင်းကျောက် ဈေးကွက်ရှိပြီး ရွှေလီ မြို့ ကူလုံ ကျောက်စိမ်းဈေးတန်း၌လည်း အင်ကြင်းကျောက် အရောင်းဆိုင် အနည်းငယ် ရှိသည်။

အင်ကြင်းကျောက် ကုန်သည်တဦးက“အင်ကြင်းကျောက် အရိုင်းထည်တွေကို အရည်အသွေးပေါ် မူတည်ပြီး တကီလို ယွမ် ၂၀ က နေ ၁၂၀ အထိ တရုတ်ကုန်သည်တွေက ပေးဝယ်ကြတယ်။ ကျောက်စိမ်းရောင်ရောနေတဲ့ အင်ကြင်းကျောက်တွေ၊ ပိုးကောင်မွှား ကောင်လေးတွေ ကပ်နေသလို ထင်ရတဲ့ အင်ကြင်းကျောက်တွေက ဈေးနှုန်း အမြင့်ဆုံးရတယ်။ တရုတ် ကုန်သည်တွေက အလုံး လိုက် ၀ယ်တယ်။ အခွံချွတ်၊ အရောင်တင်တယ်”ဟု ရှင်းပြသည်။

အဆိုပါ အင်ကြင်းကျောက် အရိုင်းတုံးများကို တရုတ်နိုင်ငံ၌ သစ်ပင်ပုံ၊ ရေခွက်ပုံ၊ ကျောက်တုံး အလှပုံ၊ လူပုံ ရုပ်တုများ ထုလုပ် ရောင်း ချကြကြောင်း သိရသည်။

“ကျောက်စိမ်းရောင် ထနေတဲ့ ကီလို ၃၀၀ ခန့် အရည်အသွေးကောင်း အင်ကြင်းကျောက်ကို မြန်မာကုန်သည်တွေ ကျပ် သိန်း ၅၀ ခန့်ပဲ ရလေ့ရှိတယ်။ ဒါကို တရုတ်တွေက ကွမ်ရင် မယ်တော်၊ ဦးတီပွား ရုပ်တုတွေ ထုလုပ်လိုက်တယ်။ ကျနော် မြင်ခဲ့တဲ့ ဦးတီပွား ရုပ်တု ဆိုရင် ကီလို ၃၀၀ ရှိတယ်။ ယွမ် (၁၆၀၀၀၀) ဈေးခေါ်ထားတယ်။ တယွမ် ပျမ်းမျှ ငွေလဲနှုန်း ၁၃၀ ကျပ်နဲ့ တွက်ရင် ကျပ် သိန်း ၂၀၀ ကျော် တန်ကြေးရှိတယ်”ဟု ရွှေလီ ကူလုံ ကျောက်စိမ်းဈေးတန်းမှ ကုန်သည်တဦးက ပြောသည်။

အဆိုပါ အင်ကြင်းကျောက်သည် အင်ကြင်းပင်မှ ဖြစ်သော ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ပြီး နှစ် သန်းပေါင်း ၄၀ - ၅၀ သက်တမ်းရှိ ရေ ငန်ထွက်ရှိရာ သက်ရင့်ကျောက်များ အကြားတွေ့ရှိရကြောင်း ဘူမိဗေဒ ပညာရှင်များက ပြောဆိုသည်။

မြန်မာနိုင်ငံ အလယ်ပိုင်း ပခုက္ကူ၊ မကွေး၊ မြင်းခြံ၊ မိတ္ထီလာ၊ စစ်ကိုင်း မြို့များ၌ အနည်းနှင့် အများ ထွက်ရှိလေ့ရှိသည်ဟု ဘူမိဗေဒ ကျောင်းဆင်း တဦးက ဆိုသည်။

တရုတ်လူမျိုးများသည် ၎င်းတို့၏ ဧည့်ခန်းများ၌ လှပ၍ ရှားပါးသော အင်ကြင်းကျောက်ရုပ်တုများကို တန်ဖိုးကြီးပေးဝယ်ကာ ထားရှိတတ်ကြသည်ဟု သိရသည်။

မြန်မာနိုင်ငံ ဘူမိဗေဒ အသင်း တာဝန်ရှိသူ တဦးက“အဖိုးတန် အင်ကြင်းကျောက်တွေ တရုတ်ပြည် တင်ပို့နေတာ ဆယ်စုနှစ် သက်တမ်းမက ရှိနေပါပြီ။ ပြည်တွင်းမှာလည်း ကုန်သလောက် ဖြစ်နေပါပြီ။ ဒီလိုဖြစ်ရတာကလဲ အင်ကြင်းကျောက်နဲ့ ပတ်သက်လို့ တိကျတဲ့ ဥပဒေပြဋ္ဌာန်းချက် မရှိခြင်းကြောင့် ဖြစ်ပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နေတော့ သစ်တောနဲ့ဆိုင်မလား၊ သတ္တုတွင်းနဲ့ ဆိုင်မလားနဲ့ ဥပဒေပြဋ္ဌာန်းဖို့ နှစ်အတော်ကြာ ဌာနတွင်း အငြင်းပွားနေဆဲ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်အတွင်း အင်ကြင်းကျောက်နှင့် ပတ်သက်၍ ဥပဒေပြဋ္ဌာန်းရန် ၀န်ကြီးဌာနအချင်းချင်း ညှိနှိုင်းနေသည်ဟု ကြား သိရသော်လည်း ယခုအချိန်အထိ တိကျရေရာသော ဥပဒေပြဋ္ဌာန်းချက် တစုံတရာ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း၊ ထို့ကြောင့် ပြည်တွင်းရှိ အဖိုးတန် သယံဇာတ အများအပြား ဆုံးရှုံးနေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။

ယူနန်ပြည်နယ် ကျောက်စိမ်းဈေးကွက်မှ ကုန်သည် တဦးကလည်း“အင်ကြင်းကျောက် ဥပဒေ ပြဋ္ဌာန်းမှု မရှိလေ ဦးပိုင် အပါအ၀င် မသမာသူတွေ ပိုပြီးအလုပ်ဖြစ်လေပေါ့။ အင်ကြင်းကျောက်ကို ဦးပိုင်အနေနဲ့ သယ်နေတာ တရုတ်ပြည် နယ်စပ် ကျောက်ကုန်သည် အားလုံး သိနေတာပဲ”ဟု ပြောသည်။

တရုတ်ပြည်သို့ မြန်မာနိုင်ငံမှ အင်ကြင်းကျောက်အပြင် ကျောက်စိမ်း၊ ကျွန်းသစ်နှင့် သစ်မျိုးစုံ အစရှိသည့် သဘာဝ သယံဇာတများ အပါအ၀င် သဘာဝ သားရဲ တိရစ္ဆာန် မျိုးစုံ ကို တရား မ၀င် ပို့ဆောင် ရောင်းချမှုများရှိကြောင်း တရုတ်-မြန်မာ နယ်စပ်မှ လာသော သတင်းများအရ သိရသည်။

No comments: