Monday, February 21, 2011

သံယောဇဉ်ထက် ရင်းနှီးမှုက ပိုမိုအရေးကြီနေမလား…

ထွားမယ်၊ ကျဲမယ်

နွေရာသီကျောင်းပိတ်ရက်တွေ နီးလာပြီ။ ကရင်နီခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲရေးကျောင်းမှာ နောက်ဆုံးနှစ်ပညာ သင်ယူနေတဲ့ ကျမတို့လည်း ကျောင်းပြီးသွားတော့မယ်။ ကျောင်းနေဖက် သူငယ်ချင်းတွေနဲ့ တကွဲတပြားစီ ခွဲရတော့မှာမို့ သတိရလွမ်းဆွတ်မှုတွေက ရင်ထဲမှာကြိုပြီး ပြည့်နှက်နေတာတော့ အမှန်ပါဘဲ။ ဒါ့အပြင် လာမည့်နှစ်မှာ ကျမတို့ ကျောင်းလေးလည်း မရှိတော့ဘူး ဆိုတဲ့အကြောင်းတွေ ကြားနေရလို့ စိတ်မကောင်းမိပါဘူး။

ကရင်နီခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲရေးကျောင်း KLMC ကို ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်က ကရင်နီကျောင်းသားများ သမဂ္ဂအဖွဲ့တို့ကနေ ဦးဆောင်ပြီး စတင်ထူထောင်ခဲ့တာပါ။ စတင်ထူထောင်ချိန်ကနေစပြီး အင်္ဂလန်က ကရင်နီကျောင်းသားများ ဖွံ့ဖြိုးရေး အစီအစဉ် KSDP က ငွေရေးကြေးရေး အထောက်အကူတို့ဖြင့် ယနေ့အထိ ကျမတို့ကျောင်း ရှင်သန်ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လာမည့်နှစ်မှာတော့ ငွေကြေးထောက်ပံ့မှု အခက်အခဲတို့ကြောင့် ကျမတို့ကျောင်း ဆက်လက်မလည်ပတ်နိုင်တော့ပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကရင်နီကျောင်းသားများ သမဂ္ဂ KSU ဥက္ကဌဖြစ်သူ ခူးမာတိယာလေးက ယခုလိုရှင်းပြပါတယ်။

“ကျနော်တို့ဒီ KLMC ကျောင်းကိုရပ်ပြီးတော့မှ ကျနော်တို့ဘာကြောင့် အခြားကျောင်း ဒီKnPT ကျောင်းနဲ့ ကျနော်တို့ ဘာကြောင့် ပေါင်းရတာလဲဆိုရင်တော့ အဓိက ကျနော်တို့ KLMC ရဲ့အလှူရှင်ပေါ့လေ သူတို့က လာမယ့်ဒီနှစ်ပေါ့လေ သူတို့က မထောက်ပံ့တော့ဘူး ဆိုတာကို သူတို့က ကျနော်တို့ KSU ကို ပြောလာတာပေါ့လေ အဲဒါကျတော်တို့ ခါတိုင်းနှစ်ဆိုလို့ရှိရင် ကျနော်တို့ KLMC ကျောင်းကို အဲလိုမျိုး ကျနော်တို့ ဆက် run နိုင်ဖို့ဆိုလို့ရှိရင် ဒီအချိန်မျိုးပေါ့လေ ဒီဇင်ဘာ၊ ဇန်နဝါရီ အဲမှာဆိုလို့ရှိရင် ကျနော်တို့ အဖြေသိရပြီပေါ့နော် ဘာဖြစ်လဲဆိုလို့ရှိရင် ကျနော်တို့ ဒီဝန်ထမ်းတွေ ပြန်လည်ခန့်အပ်ဖို့ရယ် နောက်ပြီးတော့မှ ကျောင်းသားတွေ အသစ်ခေါ်ဖို့ရယ် အဲသလိုမျိုး ကိစ္စတွေပေါ့လေ ကျနော်တို့အခုချိန်ထိ ဒီနှစ်ဟာ KLMC ရဲ့အလှူရှင်ဟာ ဒီကနေ့အချိန်အထိ KLMC အလှူရှင်က အဖြေမပေးရသေးဘူးပေါ့လေ ဒါကြောင့်မလို့ ကျနော်တို့ ဒီ KLMC ကျောင်းကို ဒီ KnPT ကျောင်းတို့နဲ့ ပေါင်းရခြင်းဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ ဒီ KLMC ရဲ့ အလှူရှင်ဟာ ဒီကျောင်းတစ်ခုကိုတော့ သူနားမယ်လို့တော့ သေချာတယ် ဒါပေမယ့် KSU အနေနဲ့တော့ ဒီဘောဒါကိစ္စဝိစ္စတွေတို့တော့ KLMC အလှူရှင်က ဆက်လက်ပံ့ပိုးပေးဖို့ ကျနော်တို့ မျှော်လင့်ထားတယ်ပေါ့လေ”။

KLMC ကျောင်းဟာ ကရင်နီလူမှုအသိုင်းအ၀ိုင်းတွေ နေထိုင်တဲ့ ထိုင်း-မြန်မာနယ်စပ် တစ်နေရာမှာ ဖွင့်ထားတာပါ။ ငွေကြေးထောက်ပံ့မှု အခက်အခဲကြောင့် ကျောင်းကို ပိတ်ပြစ်ရမယ်ဆိုပေမဲ့လို့ တက်လာမယ့် အနာဂတ်ကျောင်းသား လူငယ်များအဖို့ နှစ်နာဆုံးရှုံးမှုတွေမရှိစေရန် နည်းလမ်းတွေရှာဖွေကြပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ကရင်နီလူမှုအသိုင်းအ၀ိုင်းတို့ကြားမှာ ကရင်နီပညာရေး ရေရှည်မှာ ပိုမိုတည်တံ့ခိုင်မြဲရေးအတွက် ယခုလက်ရှိ KLMC ကျောင်းကို ကရင်နီဝိဇ္ဇာ၊ သိပ္ပံကျောင်း KnPT နဲ့ အတူပူးပေါင်းပြီး ခိုင်မာတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပေါ်လာဖို့ စတင်တွေးတောကြံဆ လာကြတာကို တွေ့ရပါတယ်။

ငွေကြေးထောက်ပံ့မှု အခက်အခဲတွေအကြား နယ်စပ်က ကရင်နီလူမှုအသိုင်းအ၀ိုင်းမှာ ယခုလိုခိုင်မာတဲ့ ကျောင်းတစ်လုံး ဖြစ်မြောက်လာရေးအတွက် KSU မှာ တွေးခေါ်ကြံဆမှုအပေါ်မှာ KLMC နဲ့ KnPT တို့ကနေပြီး ဆုံးဖြတ်ချက်တွေ ခက်ခက်ခဲခဲ ချကြရပါတော့တယ်။

ဒါပေမဲ့ KLMC ကျောင်းဆက်လက် မရပ်တည်နိုင်တဲ့ အကြောင်းအရင်းဟာ အနောက်နိုင်ငံတို့ကနေပြီး ငွေကြေးထောက်ပံ့မှု ပြတ်တောက်သွားခြင်း တစ်ခုထဲ မဟုတ်ဘဲ လူမှုအသိုင်းအ၀ိုင်းတို့ကြားမှာ အရည်အချင်းပြည့်ဝတဲ့ ၀န်ထမ်းတွေ တတိယနိုင်ငံ အခြေချထားရေး အစီအစဉ်ဘက်ကို ပါသွားတဲ့ကိစ္စဟာလည်း ကျောင်းဆရာ၊မ မလုံလောက်မှုတို့ကို ဖြစ်ပေါ်စေပါတယ်။

“နှစ်စဉ်နှစ်တိုင်းမှာ ကျောင်းသူကျောင်းသားပဲ ရှိပြီးမှ ကျောင်းဆရာ၊ဆရာမ ရှာလို့ မရတော့ဘူး။ ရှာလို့ မရတဲ့ အပေါ်မှာ ဆရာ၊ဆရာမ မလုံလောက်တဲ့ အပေါ်မှာ အဓိက ပြဿနာ ဖြစ်လာပြီးမှ ကျောင်းနှစ်ကျောင်း ပေါင်းတာ ဖြစ်ပါတယ်။ ကျောင်းနှစ်ကျောင်း ပေါင်းရတဲ့ ရည်ရွယ်ချက်လည်း အများကြီး အကျိုးအမြတ် ရှိပါတယ်။ ကျောင်းနှစ်ကျောင်းဟာ အဓိက ရပ်တည်လိုက်လို့ရှိရင် ၀န်ထမ်းတွေက နှစ်ဆ ဖြစ်လာမယ်။ လခလည်း နှစ်ဆ တိုးလာတယ်” ဟု KnPT ကျောင်းအုပ် ဆရာရီးချက်လောင်က ရှင်းပြပါတယ်။

KnPT နဲ့ KLMC ကျောင်းတို့ ပေါင်းစည်းရခြင်းဟာ လာမည့် အနာဂတ်မှာ ကရင်နီလူမှုအသိုင်းအ၀ိုင်းအကြား ထိုကျောင်းနှစ်ကျောင်းမှ ဆက်လက်ရပ်တည်သွားနိုင်ရေးနှင့် ကျောင်းသူကျောင်းသားများအတွက် ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုအားကောင်းလာစေရေးအတွက် ဖြစ်တယ်လို့လည်း KLMC ကျောင်းအုပ်ဖြစ်သူ ဆရာမယ်ရယ်က ယခုလို ရှင်းပြပါတယ်။

“ကျနော်တို့ ကျောင်းပေါင်းကြတာ ရေရှည်အတွက် ကောင်းတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ကျောင်းသူကျောင်းသားတွေ အတွက်လည်း စည်းလုံးညီညွတ်မှု တခုပဲလေ။ ပြီးတော့ ကျောင်းသူကျောင်းသားတွေအတွက် အမြှော်အမြင်တွေ တိုးတက်မှုတွေ ပိုရှိလာမှာပါ”

KnPT နဲ့ KLMC ကျောင်းတို့ ပေါင်းကြသော်လည်း ကျောင်းသူကျောင်းသားများအတွက် သင်ရိုးညွှန်းတန်းများကို ယခင်က ရှိထားသည့်အတိုင်း ခွဲထားပြီး သင်ကြားသွားမှာဖြစ်ကြောင်း၊ သို့သော် ကျောင်းစာသင်ခန်းများကို ခွဲထားမည်ဖြစ်ပြီး၊ ကျောင်းဆရာ၊မများက နှစ်ကျောင်းစလုံး တာဝန်ယူသင်ကြားရမယ်လို့လည်း ပြောကြားသွားပါတယ်။

KnPT နဲ့ KLMC ကျောင်းတွေဟာ ကရင်နီလူမှုအသိုင်းအ၀ိုင်းအတွင်း ကျောင်းသူကျောင်းသားများအတွက် အဆင့်မြင့်ဆုံးကျောင်းများဟု ဆိုနိုင်ပါတယ်။ ထိုကျောင်းများမှ ကျောင်းသူကျောင်းသားများဟာ အဝေးသင်ကျောင်းများသို့ ဆက်လက်သွားနိုင်ရန်အတွက် အခြေခံ အုတ်မြစ်ဖြစ်သလို ကျောင်းပြီးသွားတဲ့ သူတွေလည်း လူမှုအသိုင်းအ၀ိုင်းတို့ကြားမှာ အလုပ်အကျွေးတွေ ပြန်ပြုနေကြပါတယ်။ KnPT နဲ့ KLMC ပူးပေါင်းပြီး တစ်ကျောင်းထဲဖြစ်လာဖို့ လာမယ့်နှစ်ပညာသင်နှစ်မှာ စတင်အကောင်အထည် ဖေါ်ဆောင်မယ်လို့ သိရပါတယ်။

KnPT ကျောင်းမှာ ကျောင်းသူကျောင်းသားဦးရေ ၅၀ ကျော်လောက် ရှိပြီး ပထမနှစ်နှင့် ဒုတိယနှစ် ဟူ၍ ခွဲထားပါတယ်။ ထိုကျောင်းကို လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်က ကရင်နီပညာရေးဌာနနဲ့ အင်္ဂလန်နိုင်ငံသူ ဆရာမခလဲ တို့ကနေပြီး စတင်တည်ထောင်ဖွဲ့စည်းခဲ့တာပါ။ အလားတူ KLMC ကျောင်းမှာတော့ ကျောင်းသူကျောင်းသား အယောက် ၄၀ ကျော်လောက် ရှိပြီး ပထမနှစ်နှင့် ဒုတိယနှစ် ဟူ၍ ခွဲထားပါတယ်။

ပြောင်းလဲမှုတွေဟာ အခြေအနေနဲ့ အကြောင်းအရင်းတို့ပေါ်မှာ မူတည်ပြီး တရွေ့ရွေ့ဖြစ်ပေါ် သွားတတ်ကြပါတယ်။ အခုလည်း ကျမတို့နှစ်နဲ့ချီပြီး ပညာသင်ယူလာခဲ့ရတဲ့ ကျောင်းနဲ့အဆောင်ကို သံယောဇဉ်တွေ တွယ်ငြိနေတဲ့အချိန်လေးမှာ ကျမတို့ ကျောင်းကြီးပျောက်ကွယ်သွားရတော့မဲ့ အခြေအနေတွေ ပေါ်ပေါက်လာခဲ့တဲ့အတွက် အဲဒီပြောင်းလဲမှုကို အတော်လေးနှမျောမိတယ်။ ကျမတို့ရဲ့ကျောင်းနေဘက် သူငယ်ချင်းတွေလည်း အဲဒီလိုခံစားမှုတွေ ရှိကောင်းရှိကြမှာပါဘဲ။

ဒါပေမဲ့လို့ ကျောင်းပြီးသွားတော့မယ့် ကျမတို့လို အစ်ကိုအစ်မတွေအနေဖြင့် တစ်ခု လေးလေးနက်နက်စဉ်းစားရမှာက နောင်တက်လာမယ့် ညီငယ်နှမငယ်တွေအတွက် ပညာဆက်လက်သင်ယူနိုင်ဖို့ အခွင့်အလမ်းတွေရှိနေဖို့က ပိုပြီးအရေး မကြီးနေဘူးလား…

ကျမတို့ကျောင်း ပျောက်ကွယ်သွားတာဟာ တက်လာမယ့် ညီငယ်နှမငယ်လေးတွေအတွက် ပညာတွေဆက်လက် သင်ယူနိုင်ဖို့ အခွင့်အလမ်း လုံးဝပိတ်ပင်နေတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။ အများအားဖြင့် ကျမတို့ လူမှုအတိုင်း အ၀ိုင်းမှာ လုပ်နေကြတဲ့ လုပ်ငန်းအစီအစဉ်တွေဟာ အနောက်နိုင်ငံက ငွေကြေးအထောက်အကူတွေနဲ့သာ ရပ်တည်လုပ်ကိုင်နေကြရတယ်။

ငွေကြေးအထောက်အကူတွေကြောင့် အစီအစဉ်တွေ လုံးဝပြတ်တောက်သွားရတဲ့ အခြေအနေကို မရောက်စေဖို့ ကျမတို့ဘက်က ကြိုတင်ပြင်ဆင်မှုတွေ ရှိထားဖို့ လိုအပ်သလို ကျမတို့ကိုယ်တိုင်ကလည်း ရင်းနှီးမှုအားတွေများများ ထုတ်နိုင်မှသာလျှင် ကျမတို့ လိုလားတောင်းတနေကြတဲ့ ပညာရဲ့တန်ဖိုးကို အတိုင်းအတာတခုထိ နားလည်နိုင်မှာ ဖြစ်တယ်လို့ တင်ပြရင်း…။

No comments: