Saturday, February 26, 2011

တောင်ကုတ် NLD လူငယ် ၅ ဦး ပြန်လွတ်

ကျော်ခ | စနေနေ့၊ ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၁၁

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် နှစ် ၂၀ မြောက်နေ့ ၈၈ လူထုအရေးတော်ပုံနေ့တွင် အသက်ဆုံးရှုံးခဲ့သည့် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူများကို ရည်စူး၍ ၂၀၀၈ သြဂုတ် ၈ ရက်နေ့တွင် လူစုလူဝေးဖြင့် စုတောင်းမေတ္တာပို့ရန် ပြုလုပ်သဖြင့် အာဏာပိုင်များ၏ ဖမ်းဆီးထောင်ချ ခြင်း ခံခဲ့ရသည့် တောင်ကုတ် NLD လူငယ် ၅ ဦး ယခုလ ၇ ရက်နေ့တွင် လွတ်မြောက်လာခဲ့သည်။

ဆုတောင်းမေတ္တာပို့ရန် တောင်ကုတ်မြို့ ဘုရားပေါ်သို့ လူ ၈၀ ကျော်ဖြင့် ချီတက်စဉ် ဦးဥတ္တမ လမ်းမကြီးပေါ်၌ မြို့ခံအာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး၊ ကျန်လူအားလုံး လက်မှတ်ထိုး လွတ်မြောက်သွားသော်လည်း မနီနီမေမြင့်၊ ကိုမောင်မောင်သက်၊ ကိုချစ်မောင်မောင်၊ ကိုမိုးနိုင်စိုးနှင့် ကိုသန်းလွင်တို့ ၅ ဦးမှာ လူစုလူဝေးဖြင့် ဆန္ဒပြမှု ပုဒ်မ ၁၄၃ နှင့် နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) တို့ဖြင့် ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်ခဲ့ကြရာမှ လွတ်ရက်စေ့သဖြင့် ပြန်လွတ်လာခဲ့ခြင်း ဖြစ်သည်။

သံတွဲထောင်နှင့် ဘူးသီးတောင်ထောင်တို့တွင် အကျဉ်းကျခံရာမှ လွတ်မြောက်လာပြီးနောက် ဆက်လက်လှုပ်ရှားမည့် အကြောင်းအရာများ၊ ထောင်တွင်း ကျန်းမာရေး၊ စားဝတ်နေရေး၊ ဘူးသီးတောင် ထောင်အခြေအနေနှင့် မြန်မာနိုင်ငံတွင် လက်ရှိပြုလုပ်နေသည့် လွှတ်တော် အခြေအနေအပေါ် သဘောထားများကို လွတ်မြောက်လာသူ ၅ ဦးထဲမှ ကိုမိုးနိုင်စိုးကို မဇ္ဈိမသတင်းထောက် ကျော်ခက မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။


ကိုမိုးနိုင်စိုးတို့ ဒီလ ၇ ရက်နေ့မှာ ဘူးသီးတောင်ထောင်ကနေ လွတ်လာတယ်လို့ သိရတယ်။ ဘယ်လိုလွတ်လာတာလဲ။

’’ဟုတ်ပါတယ်။ အခု ဖေဖော်ဝါရီ ၇ ရက်နေ့က ဘူးသီးတောင် ထောင်ကနေ ကျနော်နဲ့ အမှုတွဲ တခုထဲဖြစ်ခဲ့တဲ့ ကိုသန်းလွင်၊ မနီနီမေမြင့်၊ ကိုမောင်မောင်သက်၊ ကိုချစ်မောင်မောင်တို့ အကုန်လုံး ၅ ယောက် နှစ်စေ့နဲ့ လွတ်လာကြတာပါ။ ဘာအာမခံချက် လက်မှတ်မှ မထိုးရပါဘူး’’

ကိုမိုးနိုင်စိုးတို့ ၅ ဦး အဖမ်းခံရတာနဲ့ ပတ်သက်ပြီး သိပါရစေခင်ဗျ။

’’ကျနော်တို့က ၈၈ အရေးအခင်းကာလမှာ ကျဆုံးသွားတဲ့ ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူတွေကို ရည်စူးပြီးတော့ ဗုဒ္ဓဘာသာရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာအရပေါ့၊ ဘုရားမှာ ကောင်းမှုကုသိုလ် လုပ်မယ်ဆိုပြီးတော့ တောင်ကုတ်မြို့ပေါ်က ဘုရားကို ဦးဥတ္တမ လမ်းကြီးအတိုင်း ကျနော်တို့ အဖွဲ့ဝင် ၈၀ ကျော်လောက် ရှိတယ်ခင်ဗျ။ တန်းစီသွားနေတုန်း ၈ ရက် ၈ လ ၂၀၀၈ မနက်ပိုင်းမှာ အဖမ်းခံရတယ်’’

’’အဲဒီတုန်းက ဖမ်းတဲ့အချိန်မှာ ၄၈ ယောက် အဖမ်းခံရတယ်။ ၄၃ ယောက်ကို လက်မှတ်ထိုးခိုင်းပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်။ ကျနော်တို့ ၅ ယောက်ကိုကျတော့ သူတို့ ယူထားလိုက်တယ်ပေါ့ဗျာ။ ဖမ်းထားပြီးနောက်တော့ သံတွဲခရိုင် တရားရုံးမှာ ပုဒ်မ ၅၀၅ (ခ) ရယ်၊ ၁၄၃ ရယ် ၂ နှစ်နဲ့ ၆ လ ချလိုက်တယ်ခင်ဗျ’’

အာဏာပိုင်တွေဘက်က ဖမ်းဆီးပြီး ဒီပုဒ်မတွေနဲ့ ချမှတ်ထောင်ချလိုက်တဲ့ အပေါ်မှာရော ကိုမိုးနိုင်စိုးအနေနဲ့ ဘယ်လိုမြင်လဲ။

’’ကျနော်တို့ တိုင်းပြည်အတွက် လူထုလှုပ်ရှားမှု ပြုလုပ်ရင်း အသက်ဆုံးရှုံးသွားတဲ့ လူတွေအတွက် ဘုရားမှာ ကောင်းမှုကုသိုလ် ပြုလုပ်ဖို့ သွားတာ။ ကျနော်တို့အနေနဲ့ ဆူပူလိုတဲ့ စိတ်ဆန္ဒနဲ့ သွားတာလည်း မဟုတ်ဘူး။ ကျနော်တို့လက်ထဲမှာလည်း ဒုတ်၊ ဓား၊ လက်နက် တစုံတရာ ကိုင်ထားတာလည်း မရှိဘူး။ ဆူဆူပူပူ ကြွေးကြော်ဖို့အရာလည်း မရှိဘူး။ ဘုရားကို ငြိမ်းငြိမ်းချမ်းချမ်း သွားနေတာကို ဆူပူလှုပ်ရှားမှု၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုနဲ့ဆိုပြီး ချလိုက်တာခင်ဗျ’’

’’အဲဒီတုန်းက တရားရုံးမှာ ကိုယ်တိုင်ချေပတယ်။ တရားသူကြီး ဒေါ်ဆောင်းတင်က ကျနော်တို့ကို မေးတယ်ခင်ဗျ။ အပြစ်ရှိလားတဲ့။ ကျနော်ကပြောတယ် မရှိဘူးလို့။ ဘာဖြစ်လို့ မရှိလဲတဲ့။ လူအခွင့်အရေး အာစီယံ ပဋိညာဉ် စာချုပ်မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို ဖော်ဆောင်ပါ့မယ်ဆိုပြီးတော့ လွတ်လွတ်လပ်လပ် လက်မှတ်ထိုးထားတယ်။ အဲဒီတော့ ကျနော်တို့က ဒီဘောင်အတွင်းက ကျော်ပြီးတော့ လုပ်တာမဟုတ်ဘူး။ အဲဒီအထဲမှာ လူတိုင်းက လွတ်လပ်စွာ စီတန်းလမ်းလျှောက်ခွင့်တို့၊ ဆန္ဒထုတ်ဖော်ခွင့်တို့ ဒါတွေပါတာပဲ။ ကျနော်တို့က ဒီဘောင်တွေကို ကျော်ပြီးတော့ လုပ်တာမဟုတ်ဘူးဆိုပြီး ပြောသေးတယ်ခင်ဗျ။ မရပါဘူး။ ချလိုက်တာပဲ’’

အစတုန်းက ကိုမိုးနိုင်စိုးတို့ ၅ ဦးလုံး သံတွဲထောင်မှာကျတယ်လို့ သိရတယ်။ နောက် ဘယ်လိုဖြစ်ပြီး ဗူးသီးတောင် ထောင်ကို ပြောင်းလိုက်တာလဲခင်ဗျ။

’’ကျနော်တို့က သံတွဲထောင်မှ ၁ လလောက် ကြာတယ်ခင်ဗျ။ နောက် စက်တင်ဘာ ၉ ရက် ဆရာတော် ဦးဥတ္တမနေ့မှာ အစာငတ်ခံ ဆန္ဒပြလို့ ဆိုပြီး နောက်တနေ့မှာ ဗူးသီးတောင်ထောင်ကို ကျနော်တို့ ၅ ယောက်လုံးကို တခါထဲ ပြောင်းလိုက်တယ်ခင်ဗျ’’

ပြောင်းသွားတော့ သံတွဲထောင်နဲ့ ဘူးသီးတောင်ထောင်က ဘာတွေကွာလဲဗျ။ အကောင်းအဆိုးတွေပေါ့လေ။

’’သံတွဲထောင်က လူနည်းတော့ မိသားစုဆန်တယ်။ ပြောရဆိုရတာ အဆင်ပြေတယ်။ အဲဒီနေရာကနေ ဗူးသီးတောင် ထောင်ကို ပို့လိုက်တော့ တော်တော်ကြီးကို ဆိုးရွားတဲ့နေရာကို ပြောင်းလိုက်တဲ့ အနေအထားပေါ့ဗျာ။ ကျနော်တို့က ထောင်လည်း မကျဖူးဘူး။ မြင်လည်း မမြင်ဘူးတော့ အဲလောက်ထိ ဆိုးရွားတဲ့ နေရာကို လူ့ပြည်မှာ ရှိတောင်ရှိလိမ့်မယ်လို့ မထင်ဘူး။ တကယ့်ကို ဆိုးရွားတဲ့နေရာ လူတယောက် ဝင်သွားရင် အသက်နဲ့ ပြန်ထွက်လာဖို့တောင် အင်မတန် ခဲယဉ်းတဲ့ နေရာ၊ ငရဲတွင်းလို့ကို ပြောလို့ရတယ်’’

ဗူးသီးတောင် ထောင်ရဲ့ ထောင်တွင်း ကျန်းမာရေး၊ အစားအသောက်နဲ့ နေရေးထိုင်းရေး အခြေအနေကရော ဘယ်လိုရှိလဲခင်ဗျ။

’’နေရေးထိုင်ရေးဆိုရင် ရေစိုနေတဲ့ မြေပြင်မှာ ဝါးကဒ်တွေကို ခင်းပြီး အိပ်ရတယ်။ အခန်းကလည်း ၈ တောင်၊ ၁၀ တောင် လောက်ပဲ ရှိတယ်။ မိလ္လာကန်ကလည်း အဲဒီမှာတွဲရက်ပဲ။ အဲဒီအခန်းထဲမှာ ၄ ယောက်လောက်က ပြွတ်သိပ်ပြီးတော့ အိပ်ရတယ်။ လေဝင် လေထွက်ကလည်း ဝင်ပေါက်ထွက်ပေါက် တပေါက်ပဲ ရှိတယ်’’

’’ကျန်းမာရေး စောင့်ရှောက်မှုက လုံးဝမကောင်းဘူးခင်ဗျ။ ပြည့်စုံမှုလည်း မရှိဘူး။ ကျန်းမာရေး တာဝန်ယူထားတဲ့ ဆေးထောင်မှူးတွေကလည်း ဆေးထောင်မှူးတွေနဲ့ မတူဘူး။ နှိပ်စက်မယ့် ငရဲသားတွေနဲ့ တူနေတယ်’’

’’နေမကောင်းလို့ လူနာတယောက်က သွားပြီးတော့ ဆေးတောင်းမယ်ဆိုလို့ရှိရင် ဒါ မင်းတို့ အမေအိမ် မဟုတ်ဘူး၊ ထောင်ကျနေတာ ဘာညာနဲ့ ဆဲဆိုပြီး ရိုတ်တာနှက်တာ အထိတောင် ရှိတယ်။ တချို့ ထုံနာကျင်နာဖြစ်လို့ ဆေးသွားတောင်းတဲ့ လူတွေကို ပတ်ပြီး အပြေးခိုင်းတာကို ကျနော်တို့ မျက်စိရှေ့မှာ မြင်နေရတယ်’’

’’နောက် သောက်ရေ၊ သုံးရေတွေကလည်း မသန့်ရှင်းဘူး။ အမှုန်အမွှားတွေ၊ ပိုးလောက်လန်းတွေနဲ့ နေ့တိုင်း ဖြစ်နေကြပဲ။ ရေချိုးတဲ့အခါလည်း ထောက်လှမ်းရေးအဖြစ်ကနေ ကျနေတဲ့ ထောင်သားတွေလောက်ပဲ ရေဝအောင် ချိုးရတယ်။ ကျနော်တို့လို လူတွေကတော့ ဝအောင် မချိုးရဘူး။ နောက်ပြီး ရေကန်တွေကလည်း မလုံလောက်ဘူးလေ’’

’’ထမင်းဆိုလည်း နီကျင်ကျင်နဲ့ စပါးလုံးနိုင်းချင်းပဲ။ ငပိတွေထဲမှာလည်း အုတ်မှုန့်၊ သဲမှုန့်တွေနဲ့။ နောက်ပြီးတော့ ကျနော်တို့ ထောင်ထဲမှာ စားနေကျ တာလဘောပေါ့။ အဲဒါကလည်း ကန်ဇွန်းရွက်တွေနဲ့ ချက်ထားတာ။ ကန်ဇွန်းရွက်ဆိုလည်း အဖျားပိုင်းမပါဘူး။ လက်မလုံးလောက် အရင်းပိုင်းတွေကို ဖြတ်ပြီးတော့ ချက်ကျွေးတယ်။ ရေငြှိတွေရော၊ အမြစ်တွေရော ညစ်ပတ်နေတာပဲ။ တော်တော် ဆိုးဆိုးရွားရွားပါပဲ’’

ထောင်ကျတဲ့ အခါမှာရော ထောင်အာဏာပိုင်တွေက နှိပ်စက်တာတို့၊ ညှဉ်းပန်းတာတို့ လုပ်တာမျိုးကြုံရလားခင်ဗျ။

’’ရှိတယ်။ အဲဒီထောင်မှာက ထောင်ဗူးဝ ဝင်တာနဲ့ ထောင်မှူးတွေက လက်စွမ်းပြတာကို တန်းခံရတာပဲ။ ကျန်းမာရေး၊ အစားအသောက် စောင့်ရှောက်မှု အားနည်းတာတွေကို ထောင်မှူးတွေကို ကျနော်တို့က တင်ပြတာရှိတယ်။ အေးအေးဆေးဆေး တင်ပြလို့ မရတဲ့အခါမှာ အစာငတ်ခံ ဆန္ဒပြတောင်းဆိုတာတွေ ရှိလာတယ်’’

’’ဥပမာ သူတို့ချက်တဲ့ ဟင်းတွေက လူတယောက်ကို ကျွေးတဲ့ အစားအစာနဲ့ မတူဘူး။ ဝက်တို့၊ ကြက်တို့ ကျွေးတဲ့ အဆင့်ပဲ ရှိတယ်။ အဲဒါကို ကျနော်တို့က လူသားတွေ ဖြစ်တဲ့အတွက်ကြောင့် လူသားတယောက် စားရမယ့် အစားအစာ မဟုတ်ဘူး။ အဲဒါကြောင့် ကျနော်တို့က အစာငတ်ခံ ဆန္ဒပြတယ်’’

’’အဲဒါကို သတင်းပေါက်ကြားသွားပြီးတော့ ရိုက်နှက်တာတွေ ရှိတယ်။ အဲဒီမှာ ထောင်ပိုင်ကြီး ဦးစိန်ထွန်း ရှိတယ်။ နောက် ဦးသိန်းရွှေ ရှိတယ်။ သူတို့ကိုယ်တိုင် နံပါတ်တုတ်တွေနဲ့ ဝိုင်းပြီး ရိုက်ကြတယ်။ ကျနော်ဆိုရင် သတိတောင် မေ့သွားတယ်ဗျ။ နောက် မောင်မောင်သက် ဆိုလို့ရှိရင် သူက လေဖြတ်နေတာ။ ကိုယ်တခြမ်းက သိပ်မလှုပ်နိုင်ဘူး။ သူ့ကိုပါ အရိုက်ခံရတယ်။ ကျနော်တို့ ၄ ယောက်စလုံး အရိုက်ခံရတယ်ခင်ဗျ’’

အကိုတို့နဲ့ တတွဲထဲကျတဲ့အထဲမှာ မနီနီမေမြင့်လည်း ပါတယ်ဆိုတော့ သူကရော ကိုမိုးနိုင်စိုးတို့ ၄ ဦး ကြုံတွေ့ရတဲ့ အခက်အခဲမျိုးတွေ ကြုံတွေ့ရလားဗျ။

’’သူက အမျိုးသမီးဆိုတော့ အမျိုးသမီးဆောင်ကို ရောက်သွားတဲ့အခါကျတော့ အဲလောက်ထိတော့ ဘာမှမသိရဘူးခင်ဗျ။ ဒါပေမဲ့ မိန်းကလေးတယောက်အနေနဲ့ ထောင်ထဲမှာနေရတာ အခက်အခဲအများကြီးတော့ ရှိမှာပေါ့။ ဒါပေမဲ့ ကျနော်တို့လောက်တော့ ဆိုးမယ် မထင်ပါဘူး။ ရိုက်နှက်တာတွေ မရှိပေမယ့် ထောင်ဝါဒါတွေရဲ့ မိန်းမတွေက မိန်းကလေးအချင်းချင်း ပါဝါပြတာတွေ ဘာတွေတော့ ရှိတာပေါ့’’

ထောင်ထဲမှာတော့ စားဝတ်နေရေး၊ ကျန်းမာရေး ဒါတွေ မကောင်းမွန်တဲ့အတွက် ဆိုးကျိုးတွေ တွေ့တယ်ဆိုတော့ ကောင်းကျိုးတွေရော ဘာမှ မရှိဘူးလား။

’’ရှိပါတယ်။ အဲဒီမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ်တို့လို ပုဂ္ဂိုလ်တွေနဲ့ တွေ့ခွင့်ရတယ်ဗျ။ သူတို့လို လူမျိုးတွေနဲ့ ခဏပဲ တွေ့ခဲ့တွေ့ခဲ့၊ တစက္ကန့်ပဲ တွေ့ခဲ့တွေ့ခဲ့ ကျနော်တို့အတွက် အတုယူစရာတွေ အများကြီး တွေ့ခဲ့ရတယ်ပေါ့ဗျာ’’

’’နောက်ပိုင်းမှာ အသစ်ရောက်လာတဲ့ ထောင်မှူး၊ ထောင်ပိုင်တွေက စာကြည့်တိုက်တွေ ထောင်တော့ ရှိတဲ့အချိန်တွေမှာ စာအုပ်တွေ ဖတ်ဖြစ်တယ်’’

အဲဒီထောင်မှာရော နိုင်ငံရေးအကျဉ်းသား ဘယ်နှယောက်လောက် ကျန်ခဲ့လည်း ဘယ်သူတွေလဲဗျ။ ကိုဋ္ဌေးကြွယ်လည်း ရှိတယ်ဆိုတော့ သူ့ကျန်းမာရေး အခြေအနေက ဘယ်လိုရှိလဲ။

’’ကိုဋ္ဌေးကြွယ် ကျန်းမာရေးကတော့ ကျနော်တို့ရှိတုန်းကတော့ ကောင်းပါတယ်ခင်ဗျ။ အဲဒီမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကတော့ ကိုဋ္ဌေးကြွယ် အပါအဝင် ရှမ်းပြည်က ဦးခွန်ထွန်းဦးအဖွဲ့က ဦးထွန်းညိုလည်း ရှိတယ်။ ရခိုင်ပြည်နယ် အတွင်းရေးမှူး ဦးခင်လှ၊ အမေရိကန် စင်တာမှာ အဖမ်းခံရတဲ့ ကိုဝဏ္ဏ၊ ၈ လေးလုံး နှစ်ပတ်လည်မှာ အဖမ်းခံရတဲ့ ကိုသန်းထွန်းဇော် ရှိတယ်။ နောက် ကိုသန့်ဇင်မျိုး၊ ကိုစည်သူမောင်၊ ကိုမြတ်သူတို့၊ ကိုအောင်ဇော်ဦးတို့နဲ့ စုစုပေါင်း ၁၀ ယောက်ကျော် ရှိတယ်’’

အပြင်မှာ သတင်းတွေ ခဏခဏ ထွက်နေတယ်။ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို ရာဇဝတ်မှုတွေနဲ့ ထောင်ကျတဲ့ လူတွေနဲ့ ရောထားတယ်လို့ ကြားနေရတယ်။ ကိုမိုးနိုင်စိုးတို့ရော ဒါမျိုးတွေ ကြုံခဲ့လား။

’’ဟုတ်တယ်ခင်ဗျ။ အဲဒါတွေ ရှိတယ်ခင်ဗျ။ ကျနော်တို့ကိုယ်တိုင် အဲဒီလို လူသတ်မှုတွေ၊ မုဒိမ်းမှုတွေ၊ ခိုးမှုတွေနဲ့ ကျတဲ့ လူတွေ။ နောက် ကုလားတွေ၊ တရုတ်တွေ၊ ဂျပန်တွေနဲ့ အတူတူနေရတာမျိုး ကြုံတွေ့ခဲ့ရတယ်။ အခု ကျနော်တို့ လွတ်လာတဲ့ အခါမှာတောင် စစ်တွေက စက်တင်ဘာ အရေးအခင်းမှာ အဖမ်းခံရတဲ့ ဦးကုဿရိယပေါ့။ သူဆိုလို့ရှိရင် ရာဇဝတ် အကျဉ်းသားတွေနဲ့ အတူတူနေခဲ့ရတယ်’’

သူတို့နဲ့ အတူတူ နေခဲ့ရတယ်ဆိုတော့ ဆိုးကျိုး၊ ကောင်းကျိုးအဖြစ် ဘာတွေ တွေ့ခဲ့ရလဲခင်ဗျ။

’’ကျနော်တို့ကို နိုင်ငံရေးအကျဉ်းသားတွေနဲ့ အတူတူထားလို့ရှိရင် ကျနော်တို့အတွက် လေ့လာစရာတွေ၊ သင်ယူစရာတွေ အများကြီး ရနိုင်တယ်လေ။ အဲဒါကို ရာဇဝတ်သားတွေနဲ့ ရောထားတဲ့အတွက် အဲဒီအခွင့်အရေးတွေ မရနိုင်ဘူး’’

’’ကောင်းကျိုးအနေနဲ့ကတော့ သူတို့ကို ကျနော်တို့ရဲ့ အတွေ့အကြုံတွေ၊ ယုံကြည်ချက်တွေ၊ ခံယူချက်တွေကို မျှပေးခဲ့တယ်။ နောက် သူတို့ အထဲမှာ တခုခု အခက်အခဲဖြစ်ရင် ကျနော်တို့က သူတို့ ရှေ့ကနေပြီး ရပ်တည်ဖြေရှင်းပေးနိုင်ခဲ့တာတွေ ရှိခဲ့တယ်ခင်ဗျ။ ဒါတွေကတော့ ကောင်းကျိုးတွေပေါ့ဗျာ’’

ပြန်လွတ်လာတဲ့နေ့ နောက်တနေ့မှာ ရန်ကုန်ရွှေဂုံတိုင်က NLD ရုံးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားတွေ့ခဲ့တယ်လို့ သိရတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တော့ သူနဲ့ ဘာတွေ ဆွေးနွေးဖြစ်ကြလဲခင်ဗျ။

’’ကျနော်တို့က ဒေါ်စုနဲ့ တွေ့ခဲ့တယ်ဆိုပေမယ့် အဲလောက်ထိ အကြာကြီး စားပွဲပေါ်မှာထိုင်ပြီး ဆွေးနွေးတာမျိုး မဟုတ်ဘူးခင်ဗျ။ မက်တပ် အနေအထားပဲ တွေ့တယ်ဆိုရုံလောက်ပဲ ပြောဖြစ်တာပါ။ သူကတော့ လွတ်လာတဲ့အခါ ကျန်းမာရေးအခြေအနေနဲ့ ကူညီစရာ လိုအပ်ရင်ပြောဖို့ ကျနော်တို့ကို ပြောပါတယ်။ အဲလောက်ပါပဲ’’

အပြင်မှာတော့ သတင်းတွေထွက်နေတာ ထောင်ထဲမှာလည်း လာဘ်ပေးလဘ်ယူတွေ ရှိတယ်လို့ ကြားတယ်။ အဲဒီထောင်ထဲမှာရော ရှိလားခင်ဗျ။

’’ဒါတွေကတော့ ရှိတယ်ခင်ဗျ။ ဒါပေမဲ့ အခု အသစ်ရောက်လာတဲ့ ထောင်ပိုင်ကြီး ဦးတင့်ဆွေကတော့ သူက ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ ကြိုးစားကြတယ်ခင်ဗျ။ ကျနော်တို့ရဲ့ တင်ပြချက်တွေကိုလည်း နားထောင်တယ်။ ဒါပေမဲ့ သူတို့က အကျဉ်းသားတွေနဲ့ အမြဲတမ်း တိုက်ရိုက် ထိတွေ့နေတဲ့ လူတွေ မဟုတ်ဘူးဆိုတော့ အဲဒီမှာ သူတို့ခန့်ထားတဲ့ အကျဉ်းသား အရာရှိတွေပေါ့။ အခန်းလူကြီးတွေ၊ တန်းစီးတွေ၊ တန်းစီးချုပ်တွေ ဒီလိုလူတွေက လာဘ်ပေးလာဘ်ယူတွေ လုပ်ပြီးတော့ နေရာပေးမှုတွေ၊ အခွင့်အရေး ပေးတာတွေ ရှိတယ်ခင်ဗျ’’

ထောင်ကျခဲ့တဲ့ လူတယောက်အနေနဲ့ပေါ့လေ ထောင်ကို ဘယ်လိုမြင်လဲဗျ။

’’ထောင်ကို ဘယ်လိုမြင်လဲဆိုတော့ ထောင်က ရာဇဝတ်အကျဉ်းသားတွေ အတွက်တော့ ထောင်က မရှိလို့ မဖြစ်ဘူး။ ဒါပေမဲ့ အပြစ်မရှိတဲ့ လူသားတွေကိုတော့ အပြစ်ပေးပြီး ဒီနေရာမျိုးကို ပို့ဖို့တော့ မသင့်ဘူး’’

ထောင်ကနေ ထွက်လာတော့ရော စိတ်ထဲမှာ ဘယ်လိုဖြစ်မိလဲဗျ။

’’ထောင်ကနေ ထွက်လာပေမယ့်လည်း ကျနော့်စိတ်ထဲမှာ ဘာမှမဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ ထောင်ထဲမှာ နေရတုန်းကတော့ ထောင်ကျဉ်းကျဉ်းလေးပေါ့။ အခုအပြင်ထွက်လာတော့လည်း ကျနော်တို့အတွက် လွတ်လပ်မှုက ထူးထူးခြားခြား ရလာတာမျိုးလည်း မရှိဘူးဆိုတော့ ထောင်ကျဉ်းကျဉ်းလေးထဲက ထောင်အကြီးကြီး ရောက်လာသလိုပေါ့ဗျာ။ ဘာမှမထူးပါဘူး’’

လွတ်မြောက်လာပြီဆိုတော့ ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ်တွေ ရှိလဲဗျ။

’’ကျနော်တို့ ထောင်ကျတုန်းက တဖွဲ့လုံးက NLD အဖွဲ့ဝင်အနေနဲ့ ကျသွားတာကိုး။ အခု ပြန်လွတ်လာတော့လည်း NLD ကတော့ ရုံးကလည်း ဆက်ရှိနေသေးတယ်။ ကိုယ့်လူတွေရဲ့ လှုပ်ရှားမှုကလည်း ဆက်ရှိနေသေးတယ်ဆိုတော့ ကျနော်တို့က ကိုယ့်ကို ပေးအပ်တဲ့ တာဝန်နဲ့ ကိုယ့်ရဲ့ အသိတရားနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိတယ်ခင်ဗျ’’

’’ကျနော်တို့နိုင်ငံက တခြားနိုင်ငံတွေနဲ့ မတူဘူး။ ကျနော်တို့နိုင်ငံက တိုင်းရင်းသားတွေနဲ့ စုပေါင်းပြီးတော့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်တဲ့ အတွက်ကြောင့် စစ်မှန်တဲ့ ပြည်ထောင်စုတခုတော့ ပေါ်ပေါက်လာဖို့တော့ လိုတယ်။ ဒီအပေါ်မှာ တိုင်းရင်းသား ခေါင်းဆောင်တွေကလည်း ဝိုင်းပြီးတော့ တခြား လူမျိုးကြီးတွေကလည်း သဘောထားကြီးကြီးနဲ့ အကောင်အထည်ဖော်ဖို့ လိုတယ်လို့ မြင်တယ်ခင်ဗျ’’

’’မဟုတ်လို့ရှိရင် ဘယ်စနစ်၊ ဘယ်ခေါင်းစဉ်ပဲ တပ်တပ်၊ ဒီမိုကရေစီ ခေါင်းစဉ်ပဲ တပ်တပ်၊ ဆိုရှယ်လစ် ခေါင်းစဉ်ပဲ တပ်တပ်၊ ဒီတိုက်ပွဲတွေ တော်လှန်ရေးတွေဟာ အဆက်ဆက် ဖြစ်နေဦးမယ်လို့ ထင်ပါတယ်ခင်ဗျ’’

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား တဦးအနေနဲ့ အခုမြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲရဲ့ နောက်ဆက်တွဲ လွှတ်တော်တွေအပေါ်မှာရော ဘယ်လိုမြင်လဲခင်ဗျ။

’’အခု လက်ရှိကျင်းပနေတဲ့ ရွေးကောက်ပွဲရဲ့ နောက်ဆက်တွဲဖြစ်တဲ့ လွှတ်တော်ဆိုတာတွေဟာလည်း နားလှည့်ပါးရိုက်ပြီးတော့ လုပ်ချင်သလို လုပ်နေတာကိုပဲ တွေ့ရတယ်။ အဲဒါကို ကျနော်တို့ လက်လည်း မခံပါဘူး။ သပိတ်လည်း ဆက်မှောက်နေရမှာပဲဗျ။ ဒီရွေးကောက်ပွဲတင် မဟုတ်ဘူး၊ ဆန္ဒခံယူပွဲကတည်းက ကျနော်တို့က သပိတ်မှောက်ထားတဲ့ လူတွေဗျ။ အခုလည်း ဆက်လုပ်သွားမှာပဲ’’

No comments: