Tuesday, February 22, 2011

ကျောင်းသားတပ်မတော် နဝမအကြိမ် ညီလာခံ ကျင်းပပြီးစီး

ရိုးမ ၃

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မကဒတ) (ကျောင်းသားတပ်မတော်) ၏ နဝမအကြိမ်မြောက် ညီလာခံကို ဗဟိုဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ညီလာခံမှနေ၍ နိုင်ငံရေးဆိုင်ရာ သဘောထားအမြင်များ စုစည်းနိုင်ခဲ့ပြီး အချက်(၅) ချက်ပါ ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့သည်။

ကျောင်းသားတပ်မတော်အနေဖြင့် (၁) ရွေးကောက်ပွဲထွက် ကြံ့ဖွံ့အစိုးရအားဆန့်ကျင်ရေး၊ (၂) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၉၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ပြည်တွင်းပြည်ပမှ အပြည့်ဝထောက်ခံရေး၊ (၃) နအဖအနေဖြင့် အင်အားသုံးထိပ်တိုက် ဖြေရှင်းရေးကိုသာ အဖက်ဖက်မှ ပြင်ဆင်ထားသည့်အတွက် ကျောင်းသားတပ်မတော်အနေဖြင့် နိုင်ငံရေး၊ စစ်ရေးများကို အမျှော်မြင်ရှိရှိ အဖက်ဖက်မှ ပြင်ဆင်ဆောင်ရွက်သွားရေး၊ (၄) မြန်မာ့နိုင်ငံရေးအခင်းအကျင်းများနှင့်အညီ ရှေ့ဆောင်ဦးရွက် ပြုလုပ်နိုင်မည့် ခိုင်မာအားကောင်းသော ဦးဆောင်မှုများနှင့် လှုပ်ရှားမှုများ ပေါ်ပေါက်ရေးအတွက် အခြားသော မဟာမိတ်အဖွဲ့များနှင့် ဆက်လက် လက်တွဲဆောင်ရွက်ရေး၊ (၅) စစ်အာဏာရှင်တိုက်ဖျက်ရေး ဒီမိုကရေစီ အရေးနှင့် အမျိုးသားတန်းတူရေးတို့အတွက် တိုက်ပွဲဝင်နေသော အဖွဲ့အစည်းများအား နိုင်ငံတကာမှ လက်တွေ့ပူးပေါင်းကူညီရေးအတွက် လုပ်ငန်းစဉ်များ အစီစဉ်တကျ စည်းရုံးလုပ်ဆောင်နိုင်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ကျောင်းသားတပ်မတော်၏ ယနေ့ နိုင်ငံရေး ဦးတည်ချက် (၄) ရပ်ဖြစ်သည့် အဖိနှိပ်ခံပြည်သူ တရပ်လုံး စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ချမှတ်ထားသည့် လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တပ်ပွဲပေါင်းစပ်ရေး သေနင်္ဂဗျူဟာ လုပ်ငန်းစဉ်များကို အရှိန်မြှင့်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

နဝမအကြိမ်မြောက် ကျောင်းသားတပ်မတော် ညီလာခံကို ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှ စတင်၍ (၂၀) ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး တပ်ရင်းတပ်ဖွဲ့အသီးသီးမှ ညီလာခံကိုယ်စားလှယ်(၄၀) ကျောက်တက်ရောက်ခဲ့သည်။

နဝမ အကြိမ်ညီလာခံ သက်တမ်း ဗဟိုကော်မတီဝင်များအဖြစ် ရဲဘော်သံခဲ (ဥက္ကဌ)ဲ၊ ရဲဘော်မျိုးဝင်း (ဒုဥက္ကဌ)၊ ရဲဘော်ဆန်နီ (အထွေထွေအတွင်းရေးမှူး)၊ ရဲဘော်မြင့်ဦး (တွဲဘက် အထွေထွေအတွင်းရေးမှူး -၁) ၊ ရဲဘော်ခင်ကျော် (တွဲဘက် အထွေထွေအတွင်းရေးမှူး- ၂)၊ ဗဟိုဦးဆောင်ကော်မတီဝင်များအဖြစ် ရဲဘော် ဆလိုင်းယောအောင်၊ ရဲဘော်ဝေလင်းဇင်၊ ဗဟိုကော်မတီဝင်များအဖြစ် ရဲဘော် စိုးထွဋ်၊ ရဲဘော် မိုးကျော်ဦး၊ ရဲဘော် ကျော်ကို၊ ရဲဘော်မောင်ဦး၊ ရဲဘော် အေးလွင်၊ ရဲဘော် သန့်ချိန်မြင့်၊ ရဲဘော် ကျော်လင်း၊ ရဲဘော် ဒီးယူ၊ အရံ ဗဟိုကော်မတီဝင်များအဖြစ် ရဲဘော်မြဝင်း၊ ရဲဘော် အောင်ဝင်းတင်၊ ရဲဘော် သိန်းလွင်တို့အား အသီးသီးရွေးချယ်ခဲ့ကြသည်။

No comments: