Monday, February 21, 2011

ကမ္ဘာတလွှားတွင် ချင်းအမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာကျင်းပ

ယနေ့ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်သည့် ၆၃ နှစ်မြောက်ချင်းအမျိုးသားနေ့ကို နိုင်ငံတကာ ရောက် ချင်းအမျိုးသားများ စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်ဟု သိရသည်။

ယူအက်စ်၊ ဂျာမဏီ၊ ကနေဒါ၊ နော်ဝေ၊ ဒိန်းမတ်၊ မလေးရှား၊ သြစတေးလျ၊ အိန္ဒိယနှင့် တခြား တတိယနိုင်ငံရောက် ချင်းလူမျိုးများက မိမိတို့ ရောက် ရှိရာနိုင်ငံအသီးသီးတွင် ချင်းလူမျိုးများ၏နေ့ထူးနေ့မြတ်ဖြစ်သည့် ချင်းအမျိုးသားနေ့ကို ကျင်းပကြကြောင်းသိရသည်။

မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ ချင်းအမျိုးသားနေ့ ကျင်းပရေးကော်မီတီ အတွင်းရေးမှူး ကို အောင်ရွှေက” ကျတော်တို့က ချင်းအမျိုးသားနေ့ နှင့် Chin Refugee Center ၁၀ နှစ်ပြည့်အထိမ်းအမှတ် ဆိုပြီး ကျင်းပ သွားကြ တယ် ” ဟု ပြောသည်။

ချင်းလူမျိုးများသည် အများအားဖြင့် စစ်အစိုးရ၏ဖိနှိပ်ချုပ်ချယ်မှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ရောက်ရှိ နေကြသော် လည်း ဖေဖော်ဝါရီ ၂၀ ရက်နေ့ရောက်လာရင် မိမိတို့ ရောက်ရှိရာ အရပ်တိုင်းတွင် ချင်းအမျိုးသားနေ့ကို နှစ်စဉ်ကျင်း ပလေ့ရှိကြသည်။

အိန္ဒိယ နိုင်ငံဒေလီမြို့တွင် Chin Student’s Union က ကမကထပြုပြီးချင်းအမျိုးသားနေ့ကို ကျင်းပခဲ့ကြကြောင်းလည်း သိရသည်။

ချင်းအမျိုးသားနေ့ကျင်းပခြင်းနှင့် ပါတ်သက်ပြီး ချင်းအမျိုးသားတပ်ဦးအထွေထွေ အတွင်းရေးမှူး ပူးပေါလ် ဆီထာက ” ချင်းအမျိုးသားတည်တံ့ခိုင်မြဲရေးနှင့် စည်းလုံးညီညွတ်ရေး၊ အမျိုးသားအင်္ဂါရပ် ထိန်းသိမ်းရေးအတွက်အနှစ်သာရရှိရှိနဲ့ ကျင်းပ တာမျိုးဖြစ်သင့်တယ် ” ဟု ပြောသည်။

အလားတူ ပြည်တွင်း ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ မတူပီမြို့နဲ့ချင်းတက္ကသိုလ်ကျောင်းသားများ ရှိရာ ပြည်တွင်း တက္ကသိုလ်ကျောင်းများ တွင်လည်း စည်စည်ကားကား ကျင်းပသွားကြကြောင်းသတင်းရရှိသည်။

၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင်ပေါက်ဖွားလာသည့် ချင်းအမျိုးသားနေ့ကို စစ်အစိုးရအဆက်ဆက်က ချင်း ပြည်နယ်နေ့အဖြစ် ကျင်းပခိုင်းလေ့ရှိသည်။ ယင်းလုပ်ရပ်သည် စစ်အစိုးရအဆက်ဆက်က ချင်းလူမျိုးများပပျောက်စေရေး နှင့်အမျိုးသားစိတ်ဓာတ်ကိုချိုးနှိမ်ခြင်းအဖြစ်ရည်ရွယ်ချက်ရှိရှိဖြင့်လုပ်ဆောင်နေကြောင်း၊အမှန်မှာချင်းပြည်နယ်နေ့သည်ချင်းဝိသေသတိုင်းမှ ချင်းပြည်နယ် အဖြစ် မဆလစစ်အစိုးရက သတ်မှတ်ပေးခဲ့သည့်၁၉၇၃ ဖေဖေါ်ဝါရီ ၃ ရက်နေ့သာ ဖြစ်သင့်ကြောင်း ချင်းနိုင်ငံရေးခေါင်းဆောင်များကပြောဆိုကြသည်။

” စစ်အစိုးရလုပ်ရပ်က လူမျိုးပပျောက်ရေးဝါဒပဲ၊ ပြည်နယ်နေ့ဆိုတာနဲ့အမျိုးသားနေ့ဆိုတာ တခြားစီပါ၊ သူတို့ ဘယ် လောက်ပဲ ပြောပြောချင်းလူမျိုးမပျောက်ဘို့က ချင်းလူမျိုးမှာ တာဝန်ရှိတယ်” ဟုကလေးတက္ကသိုလ်မှ ချင်း ကျောင်းသား တဦးက ပြောသည်။

ချင်းအမျိုးသားနေ့သည် လွန်ခဲ့သည့် နှစ်ပေါင်း ၆၃ နှစ်က ချင်းပြည်နယ်ဖလမ်းမြို့ ၌ကျင်းပသော ညီလာခံတွင် ချင်းလူထုကိုယ် စားလှယ်၅၀၀၀ကျော်ကမြေရှင်ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ကိုဖျက်သိမ်းပြီးလူများစုအုပ်ချုပ်ရေးစနစ်ဖြစ်သည့်ဒီမိုကရေစီစနစ်ကိုရွေးချယ်ခဲ့ကြသည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ကိုအစွဲပြု၍ ပေါက်ပွား လာခြင်းဖြစ်သည်။

No comments: