Wednesday, February 23, 2011

ဦးတေဇ ကယ်ဆယ်ရေး ပူတာအို စစ်ဗျူဟာ လုပ်ဆောင်

ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရေခဲပြင်သို့ ရဟတ်ယာဉ် ကျွံကျသွားသဖြင့် ဖုန်ကန်ရာဇီ ရေခဲတောင်ပေါ်၌ သောင်တင်နေသော စီးပွားရေးလုပ်ငန်းရှင် ဦးတေဇနှင့် အဖွဲ့ကို ကယ်ဆယ်ရန် ပူတာအို စစ်ဗျူဟာမှ တာဝန်ရှိသူများ ဗုဒ္ဓဟူးနေ့ မနက်တွင် ထွက်ခွါသွားပြီဟု ခရိုင်ရဲအရာရှိက ပြောသည်။

ဦးတေဇသည် ရဟတ်ယာဉ်ဖြင့် အင်္ဂါနေ့တွင် ထွက်ခွါသွားရာ ကချင်ပြည်နယ် ပူတာအိုမြို့မှ ဖုန်ကန်ရာဇီ ရေခဲတောင်ပေါ်သို့ ရဟတ်ယာဉ် ဆင်းသက်စဉ် ကျွံကျမှု ဖြစ်ပွားခဲ့သည်။

“ဒီကိစ္စကို ဗျူဟာက အဓိက လုပ်ပါတယ်။ သူတို့ ဒီမနက်ကယ်ဆယ်ရေးတွေလုပ်ဖို့ ရေခဲတောင်ကို သွားကြပါတယ်” ဟု ပူတာအို ခရိုင်ရဲအရာရှိ တဦးက မဇ္ဈိမကို ပြောဆိုခဲ့ပြီး၊ အသေးစိတ် ဖြေကြားရန်ကိုမူ ငြင်းဆိုသည်။

ရဟတ်ယာဉ်ပေါ်တွင် ၈ ဦး လိုက်ပါသွားသည်ဟု ဦးတေဇပိုင် ထူးထရိတ်ဒင်းကုမ္ပဏီမှ မန်နေဂျာတဦးက မိသားစုဝင်များထံမှတဆင့် သိရှိရကြောင်း ပြောသည်။ သို့သော် အခြားသော သတင်းပေးပို့ချက်များတွင် ၆ ဦး လိုက်ပါသွားသည်ဟု ဆိုသည်။

ယာဉ်ပေါ်တွင် လိုက်ပါလာသူ တဦးတယောက်မျှ ထိခိုက်ဒဏ်ရာရမှု မရှိဟု ယုံကြည်ရသည်။

ထို့အတူ မိတ္ထီလာ လေတပ်စခန်းမှလည်း ကယ်ဆယ်ရေးပြုလုပ်ရန် ရဟတ်ယာဉ်များနှင့် သွားရောက်ခဲ့သည်ဟု ဧရာဝတီသတင်းတွင် ဖော်ပြထားသည်။

No comments: