Thursday, February 24, 2011

ကိုလိုနီခေတ် အဆောက်အအုံများဖြင့် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်မည်

နရီလင်းလက် Thursday, 24 February 2011

ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ၀င်ငွေ တိုးစေရန် ရည်ရွယ်၍ ရန်ကုန်မြို့ရှိ ကိုလိုနီခေတ် ရုံးအဆောက်အအုံ ၅ လုံးကို ယခုနှစ်ဆန်းပိုင်းမှစတင်၍ ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက် နေသည်။

ပြုပြင်မွမ်းမံမည့် အဆောက် အအုံများမှာ ၀န်ကြီးများရုံး၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းရုံး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနရုံး၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနရုံးနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနရုံး တို့ဖြစ်သည်။

အဆိုပါ အဆောက် အအုံများအား ရှေးဟောင်း အထိမ်းအမှတ် အဆောက် အအုံများအဖြစ် ပြသကာ ကမ္ဘာလှည့် ခရီးသွားများထံမှ ၀င်ငွေရရှိလာရန် ရည်ရွယ်ထားပြီး ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို ပိုမို မြှင့်တင်သည့် နည်းလမ်းတခု ဖြစ်သည်ဟု မြန်မာ့ဟိုတယ်နှင့် ခရီးသွားရေး ၀န်ကြီးဌာနနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

“ရှေးမူ မပျက်အောင်ဆိုတဲ့ ရည်ရွယ်ချက်အတိုင်း အပြင်ပန်း ကြည့်ရင်တော့ လုံးဝ မပျက်ဘူး။ အတွင်းမှာကတော့ အဆောက်အအုံ ပြိုမကျအောင် သံမဏိ ထောက်တိုင်ကြီးတွေ ထောက်တာမျိုးနဲ့ ဥပမာ - နံရံတွေမှာ အက်ကြောင်း တွေဖြစ်နေတာ၊ ပြိုပျက်နေတာတွေကို အခုခေတ်သုံး ပစ္စည်းတွေနဲ့ ပြန်ပြင်ရမှာပေါ့။ အတွင်းပိုင်းကတော့ ရှေးလက်ရာ နည်းနည်း ပျက်မယ်။ တတ်နိုင်သလောက် မပြင်မနေရ နေရာကလွဲလို့ ရှေးခေတ် တည်ဆောက်ထားတဲ့ လက်ရာ ကွယ်ပျောက် မသွားအောင် တိုင်ပင်လုပ်တာပေါ့” ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ယင်းကဲ့သို့ ပြန်လည် တည်ဆောက်ရာတွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ဗိသုကာအသင်း၊ ရှေးဟောင်း သုတေသနနှင့် အထပ်မြင့် အဆောက်အအုံ အရည်အသွေးကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ကော်မတီတရပ် ဖွဲ့စည်း၍ ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း နာယက ဦးသန်းမြင့်က ဆိုသည်။

“လက်ရှိ ပထမ အဆင့်အနေနဲ့ လေ့လာစစ်ဆေးမှုတွေ အရင်ဆုံး လုပ်နေတယ်။ ဘယ်လောက် ပျက်စီးနေတာလဲ လေ့လာပြီးရင်တော့ ဘယ်လိုတွေ ပြုပြင်မလဲဆိုတာ ကော်မတီထဲမှာပါတဲ့ အဖွဲ့တွေနဲ့ တိုင်ပင်ပြီး ရှေးမူမပျက်အောင် ဘယ်လိုတွေ ပြုပြင်မယ်၊ အဲဒီလိုတွေ တိုင်ပင်ရမှာပေါ့” ဟု ဦးသန်းမြင့်က ဧရာဝတီသို့ ပြောသည်။

အဆိုပါ အအောက်အအုံများကို နှစ်ပေါင်း ၁၀၀ ကျော်သည့် သမိုင်းဝင် အဆောက်အအုံများအဖြစ် သတ်မှတ်ထားသည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန၏ မှတ်တမ်းအရ သိရသည်။

ယခင်သတ်မှတ်ပြဌာန်းထားသော ဥပဒေအရ ရှေးဟောင်းအဆောက်အအုံများ ပြန်လည်ပြုပြင် မွမ်းမံရာတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနကသာ တာဝန်ယူ ပြုလုပ်ခဲ့သော်လည်း ယခု အဆောက်အအုံ ၅ ခုကိုမူ ဆောက်လုပ်ရေး ကုမ္ပဏီ ၅ ခုက ပြုပြင်ခွင့်ရရှိသည်ဟု သိရသည်။

“နိုင်ငံသားတွေပဲ ပြန်ဝယ်ထားတာများတော့ သူတို့နဲ့ ပြန်ညှိတာပေါ့။ ဒီအဆောက်အအုံတွေကို ဖြိုမချဘဲ ဆက်ထား၊ သက်ဆိုင်ရာက ကုန်ကျစရိတ်တွေ ကျခံပြီး ပြန်ပြုပြင်ပေးမယ်။ ဒီကနေ အကျိုးအမြတ်တွေ ရလာရင် အကျိုးတူစနစ် သဘောမျိုး သွားကြမယ်ဆိုပြီး စလုပ်ဖြစ်သွားတာ။ အာဏာပိုင်တွေ ဘက်ကလည်း ရှေးဟောင်းအအောက်အအုံတွေ မပျက်စီးဘူး၊ ၀င်ငွေလည်းရလာနိုင်တယ်၊ ၀ယ်ထားတဲ့ ပိုင်ရှင်ဘက်လည်း အကျိုးရှိမယ်ပေါ့” ဟု နေပြည်တော် ရှေးဟောင်း သုတေသနဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

ပြုပြင်မွမ်းမံပြီး ရှေးဟောင်းအဆောက်အအုံများအား ပြတိုက်အဖြစ် နိုင်ငံခြားသားများကို ၀င်ရောက်လေ့လာနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ လည်ပတ်နိုင်သည့် အစီအစဉ်များတွင်လည်း အဆိုပါ အဆောက်အအုံများနှင့် ပတ်သက်၍ ကြော်ငြာများကို ခရီးသွားလုပ်ငန်းများမှတဆင့် ပြုလုပ်သွားရန် အစီအစဉ်ရှိသည်ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ရုံးအဆောက်အအုံ ၅ လုံးထဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရုံးကို မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်မှ အပြီးအပြတ်ဝယ်ယူထားခဲ့ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ရုံး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရုံးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူးရုံးတို့ကို BOT (တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း) စနစ်ဖြင့် ငှာရမ်းသုံးစွဲခွင့် ပြုထားကြောင်း သိရသည်။

၁၉၉၈ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဥပဒေအရ ၁၈၈၆ ခုနှစ် မတိုင်မီအချိန်ကတည်းက ရှိခဲ့သော ဗိသုကာလက်ရောက်မြောက် အဆောက်အဦ၊ စေတီပုထိုး၊ နန်းတော်၊ လူနေ အဆောက်အအုံများကို သမိုင်းအရဖြစ်စေ၊ အနုပညာလက်ရာမြောက်ဖြစ်စေ၊ ရှေးဟောင်းသုတေသန လေ့လာရေးအရဖြစ်စေ တန်ဖိုးကြီးမားသောကြောင့် ကာကွယ် ထိန်းသိမ်းရန် လိုအပ်သည်ဟု ဖော်ပြထားသည်။

ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ဝန်ထမ်းတဦးက “ဗိုလ်ချုပ်လမ်းပေါ်က မြန်မာ့မီးရထားဝင်းကြီးလိုမျိုး ပုံစံသွားမှာပေါ့။ အဲဒါကို ထိုင်းကုမ္ပဏီတခုက ၀ယ်တယ်။ ကြိုက်တဲ့ စီးပွားရေးလုပ်လို့ ရတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ ဥပဒေအရ ပြုပြင်ခွင့်မရှိဘူး ဆိုတော့ အခုချိန်အထိ အဆောက်အအုံက ဒီအတိုင်းပဲ ဖြစ်နေတယ်။ အခု အဆောက်အအုံတွေလည်း ဒီလို ပုံစံမျိုးပဲ သွားမှာပဲ ပုဂ္ဂလိက လွှဲပေးလိုက်ပြီး ဟိုတယ်ပဲ လုပ်လုပ်၊ ရုံးပဲဖွင့်ဖွင့် အဆောက်အအုံကိုတော့ ပြင်ခွင့်မရှိဘူး။ ပြင်မယ်ဆိုရင်လည်း စည်ပင်ဌာနကိုတင် မကဘဲ ယဉ်ကျေးမှုဝန်ကြီးဌာနကိုပါ စာတင်ရမယ်။ ခွင့်ပြုချက်တောင်းလို့ ရရင်တောင် အတွင်းပိုင်းပဲ ပြင်ခွင့်ရှိတယ်” ဟု ရှင်းပြသည်။

၂၀၀၆ ခုနှစ်က ရန်ကုန်တက္ကသိုလ်တွင် ပြုလုပ်ခဲ့သော သမိုင်းဆိုင်ရာ စာတမ်းဖတ်ပွဲတွင် ဂျာမနီနှင့် မလေးရှားနိုင်ငံတို့မှ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး ယခု ပြုပြင်ရာတွင် ပါဝင်မည့် ၀န်ကြီးများရုံးအဆောက်အအုံကို မလေးရှားနိုင်ငံရှိ ကုမ္ပဏီတခုမှ ပြုပြင်ခွင့်နှင့် ပြတိုက်လုပ်ခွင့် တောင်းဆိုခဲ့ဖူးသည်ဟု အဆိုပါ ဝန်ထမ်းက ပြောသည်။

၎င်းက ဆက်လက်၍ “အဲဒီတုန်းက ပြုပြင်ခွင့်ပါတောင်းတော့ ဥပဒေကလည်း ရှိနေတာနဲ့ မပေးဖြစ်ခဲ့ဘူး။ ခန့်မှန်းကြည့်သလောက် အဲဒါကို အခု အကောင်အထည်ဖော်ဖို့ လက်ခံလိုက်တယ်ထင်တယ်။ ပြုပြင်မှုအပိုင်းကိုတော့ အာဏာပိုင်တွေ လုပ်မယ်။ ကျန်တဲ့ ကိစ္စကတော့ အကျိုးတူ သဘောမျိုးပေါ့။ မလေးကုမ္ပဏီက အဲဒီတုန်းက လုပ်ကြံခံရတဲ့ ၀န်ကြီးတွေထိုင်သွားတဲ့အတိုင်း ဘယ်အခန်းမှာ ဘာလုပ်တယ်ဆိုတာ ပြတိုက်ပုံစံ ပြန်လုပ်ချင်တယ်လို့ တောင်းဆိုခဲ့တာ” ဟု ဆိုသည်။

No comments: