ရန်ကုန်သားတာတေ
“ခေါင်းလောင်းသံ … တညံညံ … ပေး …. အေးအေး … ရွာကျောင်း … ဟောင်းဟောင်းမှာ … လက်ချင်း ဟင်ဟင်း ယှက်ကာ … ပြေး ဟေး ကာ … လွှား ဟား ကာ … ကျောင်းတက်လာကြ တာဟာတွေ … မေ့နိုင်ပါမလား ဟာ ဟား… မင်းတို့ ငါတို့ ငယ်ငယ် တုန်းကလေ ဒန့်တန်ဒန် … ဒန့်တန်ဒန်”
ချိုကုပ်ဒူးကြီး အခန်းထဲတွင် နာမည်ကျော် တွံတေးသိန်းတန် သီချင်းဖွင့်ထားခြင်း မဟုတ်ပါ။ ဖွင့်ထားသော ရုပ်မြင်သံကြား ဖန်သားပြင်ကို စူးစိုက်ကြည့်၍ … ချိုကုပ်ဒူးကြီး ကာရာအိုကေ ဆိုနေခြင်း ဖြစ်သည်။ နောက်တွင် ဦးရုက္ခစိုး ရောက်လာတာကို မသိပေ။
ရုက္ခစိုး။ ။ ဟား ချိုကုပ်ဒူးကြီးက တွံတေးကြီးသီချင်းနဲ့ တယ်လန်းနေပါလား။ သူငယ်ပြန်နေတာလား။
သီချင်းသံ ရုတ်တရက် ရပ်သွားပြီး ချိုကုပ်ဒူးကြီး လှည့်ကြည့်လိုက်သည်။
ချိုကုပ်။ ။ သြော် ဦးရုက္ခစိုး။ လာ လာ။ နောက်ဆို … ခင်ဗျားနဲ့ ကျုပ်လည်း သိပ်တွေ့ချင်မှ တွေ့ရတော့မှာ။ ကာတွန်း ကိုဟန်လေးနဲ့ တွေ့ရင်လည်း ပြောလိုက်။ ကျုပ်ပုံချည်းပဲ ရေးမနေနဲ့လို့ …။ သိန်းဂိန် ပုံလေးဘာလေး လေ့ကျင့်ထားလို့ ...။
ရုက္ခစိုး။ ။ ဘာဖြစ်လို့လဲ။ ချိုကုပ်ဒူးကြီးက ရာထူးက နားပြီး တရားစခန်းဝင်တော့ မလို့လား။
ချိုကုပ်။ ။ နားတော့မနားပါဘူး။ ကာကွယ်ရေး ဦးစီးချုပ်ချုပ်ကြီးပဲ ဆက်လုပ်မှာ။ ဒါပေမယ့် အများအမြင်မှာ အရပ်သား အစိုးရဆိုတော့ ကျုပ်ပုံကြီး နေရာတကာ မြင်နေရလို့ မဖြစ်တော့ဘူးလေ။ ကျုပ်က နောက်ကွယ်ကနေပဲ စီစဉ်ညွှန်ကြား တော့မယ်။
“ကျည်းရေလေ တပ်မတော်ထဲက သယ်ယင်းတွေ … ရဲရဲတောက် တိုက်စစ် ဆင်ကာလေ … ”
ချိုကုပ်ဒူးကြီးက ဖန်သားပြင်ကို ကြည့်ကာ သီချင်းဆက်ဆိုလိုက်ပြန်သည်။ ဆိုနေရင်း ဦးရုက္ခစိုးဘက် လှည့်၍ “လမ်းပျောက်မြေပုံကြီး အားလုံး ပြီးဆုံးသွားပြီလေ … အဲဒါကြောင့် ပျော်လို့ ကာရာအိုကေ ဆိုနေတာ” ဟု ပြောလိုက်သည်။
ရုက္ခစိုး။ ။ လွှတ်တော်ကြီးကို ဒီတိုင်းပဲ လွှတ်ထားတာလား ချိုကုပ်ဒူးကြီးရဲ့။
ချိုကုပ်။ ။ မလွှတ်ပါဘူး။ ကျုပ်ပြောသမျှ လိုက်လုပ်တဲ့ သိန်းဂိန်နဲ့ လွှဲထားတယ်။ ကျုပ် ရေးပေးတာတွေပဲ သူ ဖတ်လိမ့်မယ်။ မယုံရင်ကြည့်။
ချိုကုပ်ဒူးကြီးက ရီမုတ်ကွန်ထရိုးကို နှိပ်လိုက်ရာ တီဗီပေါ်တွင် လွှတ်တော် ခန်းမကြီး ဘွားကနဲ ပေါ်လာသည်။
ချိုကုပ်။ ။ ဝန်ကြီးဌာနတွေနဲ့ ဝန်ကြီးစာရင်းတွေ ဖတ်ပြနေတယ် တွေ့လား။
တီဗီပေါ်တွင် ငလဒကြီး ဦးသိန်းဂိန်က ဝန်ကြီးဌာန အရေအတွက်ကို ဖတ်ပြနေသည်။ စုစုပေါင်း ၃၃ ခုဖြစ်သည်။ ဦးသိန်းဂိန် ဖတ်အပြီး တိုင်းရင်းသား ကိုယ်စားလှယ် တယောက် နေရာက ထလိုက်ရာ ဦးသိန်းဂိန်က ချိုကုပ်ဒူးကြီးနှင့် ဆက်သွယ် ထားသော အင်တာကွန်ကို ဖွင့်၍ “အစီအစဉ်ထဲမှာ အဲဒါမပါဘူး ချိုကုပ်ဒူးကြီး။ ကျနော် ဘာလုပ်ရမလဲ” ဟု မေးလိုက်သည်။ ချိုကုပ်ဒူး ကြီးက “အသာနားထောင်လိုက်” ဟု ပြန်ပြောသည်။
တိုင်းရင်းသား။ ။ ဝန်ကြီးဌာန နောက်တခု ထပ်တိုးစေချင်ပါတယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးဆိုပြီး လုပ်ပေးပါ။
သိန်းဂိန်။ ။ (အသံကို နှိမ့်ကာ) ဘာပြောရမလဲ ချိုကုပ်ဒူးကြီး။
ချိုကုပ်။ ။ မပေးနိုင်ဘူးလို့ ပြောလိုက်ကွာ။
သိန်းဂိန်။ ။ အားလုံး စီစဉ်ပြီးသား ဖြစ်နေလို့ တိုင်းရင်းသား ကိုယ်စားလှယ်တော်ကြီး တင်ပြချက်ကို လောလောဆယ် လက်မခံနိုင်ပါဘူး။ ဒါပေမယ့် စာရင်းတို့ထားလိုက်ပါမယ်။
ထိုစဉ် ဦးဆော်ကြမ်းက နေရာမှ ခပ်တည်တည်ထကာ “ဒါက ဒီလိုရှိပါတယ်၊ ဟိုဟာက ဟိုလို ရှိပါတယ်။ ငလဒကြီး လုပ်ထားတာ ထောင့်စေ့လွန်းပြီး ကောင်းလွန်းအား ကြီးနေပါတယ်။ ကျုပ်ရောက်ဖူးတဲ့ အိန္ဒိယတို့ တရုတ်တို့ အီသီ ရိုးပီးယားတို့ ဆိုမာလီတို့ ဟိုနိုင်ငံ ဒီနိုင်ငံတွေ ဆိုရင်လည်း ဒီလိုပါပဲ။ ဟောဒီက ငလဒကြီး ဦးသိန်းဂိန်လိုပဲ စဉ်းစားတာပါပဲ။ ငလဒကြီးကို ကြည့်ပါလား သေချာ စဉ်းစားထားရလို့ ထိပ်တွေတောင် ပြောင်နေပါပြီ။ ထောက်ခံပါတယ်။ ထောက်ခံပါတယ်” ဟု ပြောလိုက်သည်။
ချိုကုပ်။ ။ သိန်းဂိန် … ဆော်ကြမ်းတော်တယ် … သူ့ကို ပြန်ကြားရေးဝန်ကြီး ဆက်ခန့်လိုက်။
ချိုကုပ်ဒူးကြီးက လှမ်းပြောရာ ဦးသိန်းဂိန်က စာရွက်တွင် တေး မှတ်ထားလိုက်သည်။ ခဏနေတော့ ဝန်ကြီးများ စာရင်းကို ဦးသိန်းဂိန်က ဖတ်ပြန်သည်။
ရုက္ခစိုး။ ။ ဝန်ကြီးတွေကလည်း အရင်ဝန်ကြီးဟောင်းတွေနဲ့ ... ကျန်တာက ကြံ့ဖွံ့ပါတီက ချည်းပါပဲလား။ ချိုကုပ်ဒူးကြီး လုပ်ကွက်က သိပ် သိသာနေသလိုပဲနော်။
ချိုကုပ်။ ။ သိသာလို့လား။ ကျုပ်က အပြောင်းအလဲတော့ လုပ်ထားပါတယ်။ ဟိုဝန်ကြီးကို ဒီရွှေ့၊ ဒီဝန်ကြီးကို ဟိုရွှေ့ လုပ်ထားတယ်လေ။ တချို့ကို အပြောင်းအလဲ ဖြစ်သွားအောင် ဌာန နှစ်ခု သုံးခု ပေါင်းကိုင်ခိုင်းလိုက်မယ်။ ဂျပု ဆော်ကြမ်း ကတော့ မဖြစ်ဘူးဗျ။ သတင်းသမားတွေကို နိုင်တာ သူပဲရှိတော့ သူ့ကိုတော့ အပြောင်းအလဲ လုပ်လို့မဖြစ်ဘူး။
ထိုစဉ် ငလဒကြီးဦးသိန်းဂိန် ဖတ်ပြသွားသော ဝန်ကြီး ဌာနစာရင်းကို စက်ခလုပ်ဖြင့် မဲပေး အတည်ပြုကြသည်။ ထိုအထဲတွင် ကန့်ကွက်မဲများ ပါလာသည်ကို ချိုကုပ်ဒူးကြီး တွေ့လိုက်ရာ ဒေါပွပြီး စားပွဲကို လက်သီးဆုပ်ဖြင့် ထုလိုက်၏
ချိုကုပ်။ ။ ဘာကန့်ကွက်မဲမှ မလိုချင်ဘူး။ အဲဒါ စက်က မှားတာပဲဖြစ်မယ်။ ပြင်စမ်း၊ အမြန်ဆုံးပြင်စမ်း။
ထိုစဉ် အန်ချင်စရာဗိုလ်ပြူး တယောက် ပြူးပြူးပြာပြာဖြင့် ချိုကုပ်ဒူးကြီးနား ရောက်လာသည်။
အန်ချင်စရာ။ ။ အဲဒါက ပြင်လို့မရပါဘူး ချိုကုပ်ဒူးကြီး။ စက်မှားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ စက်က ဂျာမနီက လာတာပါ။
ချိုကုပ်။ ။ ဟ … ဂျာမနီလည်း မှားနိုင်တာပဲ။ တို့ စက်မှုဇုန်တွေက လုပ်တဲ့ စက်တွေနဲ့ ပြောင်းသုံးစမ်း။
အန်ချင်စရာ။ ။ ဒီစက်က အာဆီယံမှာလည်း သုံးနေတယ်၊ ယူအန်မှာလည်း သုံးနေတာပဲလေ။ သူတို့ သုံးတော့ ဘာမှမဖြစ်ပါဘူး။ အခုလည်း ပျက်တာ မဖြစ်နိုင်ပါဘူး။
ချိုကုပ်။ ။ မလိုချင်ဘူး။ ကန့်ကွက်မဲ ပါတယ်ဆိုကတည်းက ဒီစက် ပျက်နေတာ။ ပြင်ကို ပြင်ရမယ်။
အန်ချင်စရာ။ ။ ပြင်လို့မှ မရဘဲ။
ချိုကုပ်။ ။ ဒါဆို မောင်မင်းကို ရာထူးချမယ်။ ဒိုးတော့ … ရှင်းရှင်းပဲ မင်းကို ပြောမယ် ဒိုးတော့။
ငလဒကြီး သိန်းဂိန်က ကုပ်ချောင်းချောင်းပုံစံဖြင့် လှမ်းကြည့်ကာ “ကန့်ကွက်မဲ ပါပေမယ့် အရေအတွက်က အရမ်းနည်းပါတယ် ချိုကုပ်ဒူးကြီး။ ခုလို ကန့်ကွက်မဲ ရှိတယ်ဆိုတော့ အင်တာနေရှင်နယ်မှာ တရားမျှတတယ်ဆိုပြီး ပြောလို့ကောင်းတာပေါ့။ သဘာဝလည်း ပိုကျမယ်ထင်တယ်” ဟု လေသံလေးဖြင့် ပြောလိုက်သည်။
ချိုကုပ်။ ။ ဟေ … အင်တာနေရှင်နယ်မှာကော ဒီလိုပဲလား။
သိန်းဂိန်။ ။ ဟုတ်ပါတယ်။ ကျနော် ရောက်ခဲ့တဲ့ ကန်းထရီးတိုင်း ဒီလိုချည်းပါပဲ။ လိမ်မယ်ဆိုရင်လည်း သဘာဝကျကျ လိမ်တာ ပိုကောင်းပါတယ်။
ချိုကုပ်။ ။ အိုကေ အိုကေ။ မောင်မင်းပြောတာ ကောင်းတယ်။ ဆက်လုပ်။
ဦးသိန်းဂိန်ကို အမိန့်ပေးပြီးသည်နှင့် ချိုကုပ်ဒူးကြီးက “ကျည်းရေလေ တပ်မတော်ထဲက သူငယ်ချင်းတွေ” ဟုဆိုပြီး ထက တော့သည်။
ထိုစဉ် ဗိုလ်ပြူးတယောက်ဝင်လာကာ “ချိုကုပ်ဒူးကြီး … ရှမ်းပြည်နယ်နေ့ ရန်ကုန်မှာ လုပ်ချင်တယ် ပြောနေပါတယ်” ဟု ပြောလိုက်သည်။
ချိုကုပ်။ ။ ကြံကြံဖန်ဖန် … ဘာရှမ်းပြည်နယ်မှ မရှိဘူး၊ … ပြောလိုက် လုပ်ချင်ရင် တခြား ဈေးရောင်းပွဲတို့၊ အကပွဲတော်တို့ နာမည်တခုခုတပ်လို့။ လုပ်ရင်လည်း တရက်ပဲလုပ်လို့၊ ရှမ်းပြည်နယ်နေ့တော့ ပေးမလုပ်နိုင်ဘူးလို့။
ရုက္ခစိုး။ ။ တရုတ်နှစ်သစ်ကူး ကျတော့ ၅ ရက်၊ ၆ ရက် စည်စည်ကားကား ပေးလုပ်တယ်နော်။
ချိုကုပ်။ ။ ဒါက ဆွေမျိုးပေါက်ဖော်တွေလေ။ ပေးလုပ်မှ ရမှာပေါ့။
ထိုဗိုလ်ပြူး ပြန်ထွက်သွားသည်နှင့် “ကျည်းရေလေ တပ်မတော်ထဲက ဆွေမျိုးတွေ” ဟုဆိုကာ ဆက်ကပြန်သည်။ ထိုစဉ် နောက်ထပ် ဗိုလ်ပြူးတယောက် ထပ်ဝင်လာကာ “ချိုကုပ်ဒူးကြီး … ပြည်ထောင်စုနေ့ သဝဏ်လွှာပါ” ဟု ဆိုကာ စာရွက် တရွက်ကို လာပြသည်။
ချိုကုပ်။ ။ (ထိုဗိုလ်ပြူးလက်ထဲမှ စာရွက်ကို ဆွဲဖြဲကာ) တော်တော်ညံ့တာပဲ။ ပြန်ပြင်ရေးစမ်း။ တို့တိုင်းရင်းသား ညီအစ်ကိုတွေဟာ ချစ်ကြည်ရင်းနှီးမှု တိုးတက် ခိုင်မြဲလာပြီဆိုတဲ့အကြောင်း သေချာ ပေါ်လွင်အောင်ရေး။
ရုက္ခစိုး။ ။ နယ်စပ်မှာ စစ်တပ်နဲ့ တိုင်းရင်းသား တိုက်ပွဲတွေ ဖြစ် … ဖြစ် ...။
ချိုကုပ်။ ။ ဟာ ဦးရုက္ခစိုး ပြောမှ သတိရတယ်။ နယ်စပ်တိုက်ပွဲတွေမှာ လက်နက်ကြီးတွေ များများသုံး၊ အင်အားတွေ ထပ်ဖြည့်၊ တိုင်းရင်းသား ရွာတွေပါ မီးရှို့လို့ ပြောလိုက်ကြစမ်း။ ကဲ ဗိုလ်ပြူး ငါပြောနေတာ ဘယ်ရောက်သွားပြီလဲ။
ဗိုလ်ပြူး။ ။ တိုင်းရင်းသား ညီအစ်ကိုတွေ ချစ်ကြည်ရင်းနှီးမှု ခိုင် မြဲ … မြဲ။
ချိုကုပ်။ ။ ဟာ … နေဦး နေဦး … အရမ်း အရမ်းကို ကဗျာဆန်တဲ့ စကားလုံးလေးတွေ သဝဏ်လွှာမှာ ထည့်ချင်တယ်။ ဦးရုက္ခစိုး လုပ်ပါဦး။ ခုနက ကျုပ်ဆိုနေတဲ့ သီချင်းခေါင်းစဉ်လေ။ အရမ်းမိုက်တယ်ဗျာ။ အသီးတွေ ပြွတ်တယ်ဆိုလား။
ရုက္ခစိုး။ ။ သြော် … အသီးတရာ အညှာတခုပါ ချိုကုပ်ဒူးကြီးရယ်။
ချိုကုပ်။ ။ တရာ ဆိုမှတော့ ပြွတ်တာနဲ့ အတူတူပါပဲဗျာ။ ဆက်ရေး ဗိုလ်ပြူး၊ တိုင်းရင်းသား ညီအစ်ကိုတွေအားလုံး နိုင်ငံသားတွေအားလုံးဟာ အသီးတရာ အညှာတခုပမာ တွယ်ဆက်ပြီး …. တွယ်ဆက်ပြီး … လည်ထွက် … အင်း … ခဏနေဦး စဉ်းစားလိုက်ဦးမယ်။
ချိုကုပ်ဒူးကြီးက မျက်လုံးကို မှေးစင်း၍ ခံစားပြီး စဉ်းစားနေစဉ် ဘေးကလိုက်ရေးနေသော ဗိုလ်ပြူးမှာ ပဲဟင်း အစား များခဲ့သဖြင့် ဗိုက်ရစ်နေသည်။ ဆက်မအောင့်နိုင်တော့သည့် အဆုံး အသက်အောင့်၍ အီးပေါက်လိုက်တော့၏။
“ဘူ” ဆိုသည့် အသံကြီး ရုတ်တရက် ထွက်ပေါ်လာရာ ငြိမ်၍ စဉ်းစားနေသော ချိုကုပ်ဒူးကြီး လန့်သွားပြီး “အဲဒါ ကေအန်ယူ လက်ချက်၊ ကေအန်ယူ လက်ချက် …... ပစ် …. ပစ် ........” ဟု ထအော်လိုက် သဖြင့် ဦးရုက္ခစိုးပင် ယောင်ရမ်းပြီး ခြေဦးတည့်ရာသို့ ထွက်ပြေးမိခဲ့ လေတော့သည်။ ။
No comments:
Post a Comment