Monday, February 21, 2011

သိန်းစိန်အစိုးရ စစ်အာဏာရှင်စနစ်တရားဝင်ရေးအတွက်သာဟု စီအဲန်စီပြောဆို

KHONUMTHUNG NEWS

၂၀ ဖေဖော်ဝါရီ ၂၀၁၁:မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ် ရွေးကောက်ပွဲမှ ပေါ်ထွက်လာ သော ဦးသိန်းစိန်ဦးဆောင် သည့် အစိုးရ သစ်သည် စစ်အာဏာရှင်စနစ်တရား ၀င်ရေး ကို အကောင်အထည် ဖော်ဆောင်ခြင်း သာဖြစ်သည်ဟု ချင်းအမျိုးသားကောင်စီ က ပြောဆိုလိုက် သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရသစ်ဝန်ကြီး (၃၀) ဦးထဲတွင် အရပ်သား (၄) ဦးသာပါဝင်နေခြင်း၊ တိုင်းရင်းသားကိုယ်စားလှယ်များ နှင့် အမျိုးသမီးကိုယ်စားလှယ်များ မပါဝင် ခြင်းတို့သည် ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးအခြေခံမူနှင့် လုံးဝဆန့်ကျင် ပြီး စစ်အာဏာ ရှင်စနစ်တရားဝင်ရေးကိုသာ အကောင်အထည်ဖော်ခြင်းဖြစ်သဖြင့် တိုင်းပြည် ငြိမ်းချမ်းရေး နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ဖော်ဆောင်နိုင်မည် မဟုတ် ကြောင်း ချင်းအမျိုး သား ကော်စီ၏ ၆၃ နှစ်မြောက် ချင်းအမျိုးသားနေ့ထုတ်ပြန် ကျေညာချက် တွင်ဖော်ပြထားသည်။

ချင်းအမျိုးသားကောင်စီအထွေထွေအတွင်းရေးမှူး ပူး အိပ်ခ်ျစီ ရာလ်နှင်းက “ သူတို့ ၀န်ကြီး ရွေးချယ် ပုံကို ကြည့်ယင် ရှင်း ပါတယ်၊ သူတို့ ပြောတဲ့ ဒီမိုကရေစီဆိုတာက အစကတည်းက သူတို့ စိတ်ကြိုက် ပုဂ္ဂိုလ်တွေနဲ့ လုပ်ထားတာ အဲဒါ အားလုံးသိပါတယ်၊ ယခင်မဆလ စတိုင် နီးနီးပါ” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၆၀ ကျော်ကြာပြည်တွင်းစစ်ဖြစ်ပွားမှုအကျိုးဆက်ကြောင့် ဖြစ်ပေါ် လာသည့် တိုင်းပြည်၏ယိုယွင်း ပျက်ဆီးနေသော စီးပွားရေး၊ပညာရေးနှင့်ကျန်းမာရေး ပြသာနာများသည် အစိုးရသစ်မှမလွဲမသွေ ရင်ဆိုင်ရမည့် ပထမဦး ဆုံးပြသာနာဖြစ်ပြီး စေတနာမှန်ဖြင့်ဖြေရှင်းခြင်း မပြုပါက တိုင်းပြည်ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်မှုရှိနိုင်မည် မဟုတ် ကြောင်း ၄င်းတို့ကျေညာ ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အစိုးရသစ်အနေဖြင့် တိုင်းပြည်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရှုပြီး တိုင်းရင်း သား နှင့် ဒီမိုကရေစီအင်အားစုများပါဝင်သည့် တွေ့ဆုံဆွေးနွေးအဖြေရှာရေး နည်းလမ်းကို ပထမ ဦးဆုံးခြေလှမ်းအနေဖြင့်ပြုလုပ်သွား ဖို့ချင်းအမျိုးသားကောင်စီက တိုက်တွန်းထားသည်။

ထို့အပြင် တိုင်းရင်းသားများအနေဖြင့် စစ်ရေး၊နိုင်ငံရေးအရစုစည်းပေးမည့် တပ်ပေါင်း စုကြီးတရပ် ရှိရေးသည် ယနေ့ချိန်ခါ တွင် အထူးလိုအပ်ကြောင်း၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့က စတင်ကျင်းပသည့် တိုင်းရင်းသားများညီလာခံကြီးမှ တပ်ပေါင်းစု ကြီးဖွဲ့စည်းရေးအတွက် သဘောတူညီချက်အပေါ် ကြိုဆိုကြောင်း ၄င်းတို့ကျေညာချက်တွင် ဆက်လက်ဖော်ပြ ထားသည်။

အလားတူ ချင်းအမျိုးသားတပ်ဦးကလည်း ၆၃ နှစ်မြောက်ချင်းအမျိုးသားနေ့ ထုတ်ပြန် ကျေညာတွင် အများပြည်သူဆန္ဒထင်ဟပ်ခြင်းမရှိသည့် နအဖစစ်အစိုးရ၏ လမ်းပြမြေပုံ အဆင့်ဆင့်ကို တောင်း လျှောက်ဆန့်ကျင်လာကြသော ချင်းအမျိုး သားများအနေဖြင့် မိမိအမျိုးသား၏အကျိုးစီးပွားကို ဦးထိပ်ထားလျက် ကိုယ်ပိုင်ပြဌါန်းခွင့်ပြန်လည်ရရှိရေး၊ ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေး နှင့် ဒီမိုကရေစီပြန်လည်ထွန်းကားရေးအတွက် မိမိတို့ရရှိထားသည် အခွင့်အရေးများကို အသုံး ချပြီး ကြိုးပမ်းလုပ်ဆောင်သွားကြရန် လိုအပ်ကြောင်းဖော်ပြထားသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့သည် ၆၃ နှစ်မြောက်ချင်းအမျိုးသားနေ့ဖြစ်သည်။ ချင်းအမျိုးသားနေ့ကို ပြည်တွင်း၌ မြို့တော်ဟားခါး၊ တီးတိန်၊ဖလမ်း၊မန္တလေးနှင့်ရန်ကုန်စသည်တို့တွင်ကျင်းပနေကြပြီး၊ နိုင်ငံတကာရောက် ချင်းအမျိုးသား များကလည်း ၄င်းတို့ရောက်ရာ ဒေသအသီးသီးတွင်ကျင်းပပြုလုပ်နေကြသည်။

ချင်းအမျိုးသားနေ့သည် ချင်းဘိုးဘွားများက မြေရှင်ပဒေသရာဇ်စနစ် အုပ်ချူပ်မှုစနစ်ကို တိုက်ဖျက်ပြီး ဒီမိုကရေစီအုပ်ချူပ်မှု စနစ်ကို ရွေးချယ်ခဲ့ကြသည့်နေ့ထူးနေ့မြတ်ဖြစ်သည့် အတွက်ကြောင့် အမျိုး သားတည်တံ့ခိုင်မြဲရေးနှင့်သွေးစည်းညီညွတ်မှု ကိုဦးတည်လျက် အမျိုးသားရေးအနှစ်သာရရှိရှိနဲ့ကျင်း ပကြပါရန် ချင်းအမျိုးသားကောင်စီက ၄င်းတို့ထုတ် ပြန်ကျေညာ ချက်တွင် တိုက်တွန်းနှိုးဆော်ထား သည်။

ပြည်ပနိုင်ငံများတွင် ချင်းအမျိုးသားနေ့ကို လွတ်လွတ်လပ်လပ်ကျင်းပနိုင်ကြသော်လည်း မြန်မာ နိုင်ငံအတွင်း၌ ချင်းအမျိုးသားနေ့အဖြစ် ကျင်းပခွင့်မရဘဲ “ ချင်းပြည်နယ်နေ့” အဖြစ်သာ နအဖ စစ်အစိုးရက ကျင်းပခွင့်ပြုသည်။


No comments: