Saturday, February 26, 2011

ဘုရားသုံးဆူနယ်စပ်မှအပြန်ဗျူဟာမှူးနှုတ်ဆက်သည့် ဇာတ်ပွဲဘန်းပြလောင်းကစားဝိုင်းစည်ကား

မင်းချမ်း၊ ကောင်းဝါသတင်းဌာန

ထိုင်းနယ်စပ်၊ ဘုရားသုံးဆူနယ်စပ်မြို့မှ မကြာမီရက်ပိုင်းအတွင်း ရှေ့တန်းမှပြန်တော့မည့် ဗျူဟာမှူးနှုတ်ဆက်သည့်ဇာတ်သဘင်ပွဲဘန်းပြသော လောင်းကစားဝိုင်းများ အထူးစည်ကားနေကြောင်း ကောင်းဝါမှသတင်းရယူခဲ့သည်။

“ပွဲနာမည်က ဟိန်းချစ်တဲ့၊ ပွဲကြည့်သူကနဲနဲ၊ ကစားဝိုင်းထဲမှာကလူပိုစည်ကားတယ်” ဟု ပွဲကြည့်ပရိသတ်တစ်ဦးက ပြောသည်။

အဆိုပါ ဇာတ်ပွဲသွင်းလောင်းကစားဝိုင်းများကို ဘုရားသုံးဆူမြို့၊ ရဲစခန်းရှေ့၊ ဂေါက်ကွင်း၌ လာမည့် မတ်လ ၁ ရက်နေ့အထိ တစ်ပတ်ခန့်ဖွင့်လှစ်သွားမည်ဟု အနီထောင်လောင်းကစားဒိုင်တစ်ဦးက ပြောသည်။

“နောက်ထပ်ငါးညကျန်သေးတယ်၊ ကျုပ်တို့ဒိုင်တွေအတွက်အလုပ်ဖြစ်တာပေါ့၊ တစ်ညလုံးစည်စည်ကားကား ကစားနိုင်တာပေါ့ဗျာ” ဟု အမည်ဖေါ်ခွင့်မရသောအနီထောင်ဒိုင်က ပြောသည်။

ဘုရားသုံးဆူမြို့သို့ လွန်ခဲ့သော ၃ လခန့်ကရောက်ရှိလာသော စကခ(၈) နည်းဗျူဟာ(၁)မှ ဗိုလ်မှူးကြီးသိန်းဇော် တာဝန်ချိန်ကုန်ဆုံးသဖြင့် မကြာမီရက်ပိုင်းအတွင်း ရှေ့တန်းမှပြန်မည်ဖြစ်သည်ဟုပြောဆိုသည့်အတွက် လက်ဆောင်ပဏ္ဍာဆက်သရန် လောင်းကစားဝိုင်းကျင်းပပြုလုပ်ရကြောင်း ဒေသခံကုန်သည်တစ်ဦးက ပြောသည်။

အမည်မဖေါ်လိုသော ကျောင်းသားမိဘတစ်ဦးက “စာမေးပွဲလည်းနီးနေပြီ၊ အခုတွေ့နေရတဲ့အတိုင်းပဲ ကျောင်းသားခလေးတွေ ဖဲဝိုင်း၊ အန်ဂလုံဝိုင်း၊ ကစားဝိုင်းထဲရောက်နေကုန်ပြီ၊ ကျောင်းစာကိုစိတ်ဝင်တစား ဘယ်လို ဖတ်ကြမှာတုန်း”ဟု ပြောသည်။

“ကရင်တွေလမ်းပိတ်ထားတယ်၊ သစ်တွေသယ်ခွင့်မရဘူး၊ သုံးဆူမြို့အာဏာပိုင်တွေ အခက်အခဲဖြစ်နေပုံရတယ်၊ ဒါကြောင့် ဗျူဟာမှူးအပြန်ခရီးရံပုံငွေဆိုပြီး အကြံအဖန်လုပ်ရတာပေါ့ဗျာ” ဟု ထိုင်းနယ်စပ်စစ်ရေးစောင့်ကြည့်သူတစ်ဦးက ဝေဖန်ပြောဆိုသည်။

တစ်ညလျှင် လောင်းကစားဝိုင်းအကောက်ကြေး ဘတ်ငွေလေးသောင်းခန့်ရရှိပြီ မြန်မာကျပ်ငွေ ၁၂ သိန်းခန့်ရရှိသည်ဟု ကစားဝိုင်းကောက်ခံသူမှ စုံစမ်းသိရှိရသည်။

No comments: