Wednesday, March 30, 2011

ပိုက်လိုင်း စီမံကိန်းကြောင့် မြန်မာတိုင်းရင်းသားများ အဆိုးရွားဆုံး အခွင့်အရေးချိုးဖောက်ခံရ

ကန္တာရ၀တီတိုင်း(မ်)

မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ် မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သဘာဝဓါတ်ငွေ့နှင့် ရေနံပို့လွှတ်မည့် ပိုက်လိုင်း သွယ်ယူ တည်ဆောက်သည့် စီမံကိန်း ဒေသ တလျှောက်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုခံရမှုများ ရှိနေရကြောင်း၊ ၎င်းတို့အနက် တိုင်းရင်းသား ရခိုင်ပြည်သူများအနေဖြင့် အဆိုးဝါးဆုံး ကြုံတွေ့ခံစားနေကြရကြောင်း EARTHRIGHTS INTERNATIONAL အဖွဲ့က ထုတ်ဖေါ် ပြောကြားလိုက်သည်။

တရုတ် နှင့် ကိုရီးယား နိုင်ငံမှ ကုမ္မဏီများ အဓိကပါဝင်သည့် ရွှေ ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း ဒေသများ၌ တွေ့ရသည့် လူ့အခွင့်အရေး ချိုးဖေါက်မှုများတွင် အဓမ္မလုပ်အားပေးမှုများ၊ အကြောင်းမဲ့ ဖမ်းဆီးမှု၊ ထိန်းသိမ်းမှု၊ နှိပ်စက်မှု နှင့် တိုင်းရင်းသားများ၏ ရပိုင်ခွင့်များ ချိုးဖေါက်မှုများ ပါဝင်ပြီး မြေယာအသိမ်းခံရမှုမှာ အများပြားဆုံး ဖြစ်သည်ဟု ယနေ့ထုတ်ပြန်သည့် ERI အစီရင်ခံစာတွင် ဖေါ်ပြထားသည်။


“ကျနော်တို့ မှတ်တမ်းတင် လေ့လာထားချက်မှာ အဓိက တွေ့ရတဲ့ချိုးဖေါက်မှုကတော့ မြေယာသိမ်းခံရတဲ့ ကိစ္စပါပဲ။ ရခိုင်ပြည်နယ်မှာ အဆိုးဆုံး ဖြစ်ပါတယ်။ တချို့ရွာတွေကိုတော့ လျော်ကြေးပေးတယ် မလောက်ဘူး။ တချို့ရွာတွေဆို လျော်ကြေး လုံးဝ မရဘူး” ဟု (ERI) အဖွဲ့မှ အကြံပေးအရာရှိ Matthew Smith က ပြောသည်။

၎င်းတို့ အနေဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အထိ အရှည် ၁၇၂၇ ကီလိုမီတာ ရှိသည့် သဘာဝဓာတ်ငွေ့ ပိုက်လှိုင်း စီမံကိန်းဒေသများ ဖြစ်သည့် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း အတွင်းရှိသည့် ဒေသခံများကို လျှို့ဝှက်စွာ တွေ့ဆုံမေးမြန်းခြင်း နှင့် သတင်း အချက်အလက်များ ရယူခြင်း တို့ကို နှစ်နှစ်ခန့်အကြာ သုတေသနပြုပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု Mr. Smith က ဆိုသည်။

ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများ အကြောင်းကို အောက်ခြေလူထုများ အကြား လူထုအဆင့် ဆွေးနွေးမှုများ လုပ်ခဲ့သည့် ဒေသခံတစ်ဦးမှာ (၆)လ အကျဉ်းချခံခဲ့ရကြောင်း လည်း ERI ၏ အစီရင်ခံစာထဲတွင် ကောက်နှုတ် ဖော်ပြထားသည်။

ပိုက်လိုင်း စီမံကိန်းတွင် မြန်မာနိုင်ငံမှ ထွက်သည့် သဘာဝဓါတ်ငွေ့ အပြင် အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှလာသည့် ရေနံများ ကို တရုတ်နိုင်ငံ အထိ ပို့လွှတ်မည် ဖြစ်သည်။

မြန်မာစစ် အစိုးရနှင့်အတူ အဓိက ပါဝင်လုပ်ကိုင်သည့် ကုမ္မဏီများမှာ တရုတ်နိုင်ငံမှ China National Petroleum Corporation (CNPC)၊ တောင်ကိုရီးယားမှ ဒေ၀ူးကုမ္ပဏီ နှင့် Korea Gas Corporation (KOGAS)၊ အိန္ဒိယနိုင်ငံမှ Gas Authority of India (GAIL)၊ ONGC Videsh ကုမ္ပဏီ များ ဖြစ်သည်။

ပိုက်လိုင်း တည်ဆောက်မှုကို ၂၀၁၀ ဇွန်လတွင် စတင်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ် တွင် ပြီးစီးမည် ဟု စီမံကိန်း ထုတ်ပြန်ချက်များတွင် ဖေါ်ပြထားသည်။

No comments: