Thursday, March 24, 2011

ဓာတ်ဆီမှောင်ခို ဈေးကွက် ပိုကြီးထွားလာ

ဧရာဝတီ Thursday, 24 March 2011

စက်သုံးဆီ အရောင်းဆိုင်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေး ပြီးနောက် မှောင်ခို လောင်စာဆီ ဈေးကွက် ပပျောက်ရန် စနစ်သစ်ပုံစံဖြင့် ကန့်သတ် ရောင်းချပေးလျက် ရှိသော်လည်း မှောင်ခိုဈေးကွက်မှာ ပျောက်ကွယ် သွားခြင်း မရှိသည့်အပြင် ပိုမိုကြီးထွားပြီး ဈေးနှုန်းများ ထပ်မံမြင့်တက်သွားကြောင်း သတင်းရရှိသည်။

စီးပွားရေးလုပ်ငန်းရှင် ဦးတေဇက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း၏သား ဦးအောင်သက်မန်းက ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသော မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေး အသင်းက မှောင်ခိုဓာတ်ဆီ ဈေးကွက် ပပျောက်ရန် ကားများကို စက်သုံးဆီအသင်း တံဆိပ်ပါ ဓာတ်ဆီဝယ်ယူခွင့် စာအုပ်များ ထုတ်ပေးပြီး စနစ်သစ်ပုံစံဖြင့် ကန့်သတ် ရောင်းချ ပေးနေသည်။

အဆိုပါအသင်းက ကားတစီးလျှင် တနေ့ တကြိမ်သာ ၀ယ်ယူခွင့်ပြုခြင်း၊ ဓာတ်ဆီအကြိမ်ကြိမ် မထုတ်ယူနိုင်ရန် ပုဂ္ဂလိက စက်သုံးဆီ ဆိုင်များအားလုံးကို ကွန်ပျူတာဖြင့် အွန်လိုင်း ချိတ်ဆက်ပြီး ရောင်းချပေးပြီးသော ကားနံပါတ်များကို မှတ်သား စေခြင်း အပါအ၀င် အစီအစဉ်များစွာကို ရေးဆွဲ လုပ်ဆောင်လျက် ရှိသော်လည်း မှောင်ခို ဓာတ်ဆီဈေးကွက်သည် တနေ့ထက် တနေ့ ပိုမို ကြီးမားကျယ်ပြန့်လာကြောင်း စုံစမ်းသိရှိရသည်။

“အကန့်အသတ်တွေ အများကြီးကြားထဲက မှောင်ခိုဈေးကွက်က ပိုကြီးလာတယ်။ ဓာတ်ဆီထုတ်တဲ့ နေရာမှာ ကန့်သတ် ချက်တွေ များလာလေလေ မှောင်ခိုဓာတ်ဆီဈေးက ပိုတက်လေလေ ဖြစ်နေတယ်။ အခု ရန်ကုန် မှောင်ခို ဈေးကွက်မှာ ဓာတ်ဆီတဂါလန် ကျပ် ၄၅၀၀၊ ၄၆၀၀ အထိ ဈေးမြောက် လာတယ်” ဟု ရန်ကုန်ဒေသခံ အငှားယာဉ်မောင်း တဦးက ပြောသည်။

ရန်ကုန်တွင် ဖေဖော်ဝါရီလ အတွင်းက မှောင်ခိုဓာတ်ဆီတဂါလန် ကျပ် ၄၀၀၀ ခန့်သာ ပေါက်ဈေး ရှိခဲ့သည်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက အာဏာပိုင်များနှင့် ပူးပေါင်းကာ တရားမ၀င်လမ်းဘေး ဓာတ်ဆီဆိုင်များကို ဒဏ်ငွေ ကျပ် ၇ သောင်း ရိုက်မည်ဟူ၍ လည်းကောင်း၊ ကားတစီးအတွက် ဆီစာအုပ်များစွာပြုလုပ်ပြီး ဆီဆိုင်များတွင် ဓာတ်ဆီဂါလန် မြောက်မြားစွာ ထုတ်ယူပါက ဆီဝယ်ယူခွင့် ၆ လပိတ်မည်ဟူ၍ လည်းကောင်း စသည့် အရေးယူမှုများ ပြုလုပ်မည်ဟု တရားဝင်ကြေညာ ထားသော်လည်း မှောင်ခိုဈေးကွက် ပပျောက်ရန် ထိရောက်မှု မရှိဟု ရန်ကုန် ကားသမား များက သုံးသပ်သည်။

“မှောင်ခို ဆီဆိုင်တွေက ရဲတွေကို လိုင်းကြေးပေးပြီး ဖွင့်ကြတယ်။ မှောင်ခိုတွေက လာရောင်းသမျှ ဓာတ်ဆီကို ၀ယ်စုပြီး နယ်တွေကို ပြန်ပို့ရောင်းတယ်။ ရန်ကုန်မှာ ဓာတ်ဆီတဂါလန် ၄၅၀၀ လောက်ရှိရင် နယ်တွေမှာ အနည်းဆုံး ကျပ် ၅၀၀၀ ကျော် ၆၀၀၀ ဈေးပေါက်တော့ နယ်ပို့ရင် အမြတ်များတယ်။ ပုဂ္ဂလိက ဆီဆိုင်တွေကလည်း ဒီမှောင်ခိုဈေးကွက်နဲ့ ချိတ်ပြီး အရောင်း အ၀ယ်တွေလုပ်နေ တာကြောင့် မှောင်ခိုဈေးကွက်က ကြီးလာတာ” ဟု ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် မန်နေဂျာတဦးက ရှင်းပြသည်။

ကမ္ဘာ့ဈေးကွက်တွင် ရေနံစိမ်းတစည် အမေရိကန်ဒေါ်လာ ၁၀၀ အထက်သို့ ရောက်ရှိခဲ့သော ဖေဖော်ဝါရီလမှ စပြီး ရန်ကုန်တွင် မှောင်ခိုဆီဆိုင် ရာထောင်ချီ ပေါ်ထွက်လာသည်ဟု ရန်ကုန်မြို့ခံ ကားသမားများက ဆိုသည်။

“တမြို့လုံးကို မပြောသေးဘူး။ လှည်းတန်း ခုံးကျော်တံတား အောက်ကနေစပြီး စမ်းချောင်း ဂွဈေး အထိ ဗဟိုလမ်းတလျှောက် မှောင်ခိုဆီဆိုင်တွေ အစီအရီပဲ။ ဆီရောင်းတဲ့ကားတွေ တရုန်းရုန်းနဲ့၊ ရဲတွေကလည်း Police ဆိုတဲ့ စာသား ရေးထားတဲ့ အပြာရောင်ဟိုင်းလပ် ရဲကားတွေနဲ့ကို လိုက်ပြီး ဆီဆိုင်တွေမှာ လိုင်းကြေးတောင်းတာ။ သူ့ဟာနဲ့သူတော့ အဆင်ပြေနေတာပဲ” ဟု ကုမ္ပဏီကားမောင်းသူ တဦးက ပြောသည်။

ပုဂ္ဂလိကဆီဆိုင်တွင် ဓာတ်ဆီဝယ်ယူပြီး မှောင်ခိုဈေးကွက်တွင် ပြန်လည်ထုတ်ရောင်းချခြင်းဖြင့် ကားတစီးသည် တနေ့လျှင် ကျပ် ၁ သောင်းကျော် ရရှိကြောင်း သိရသည်။

ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များသည် ဓာတ်ဆီတဂါလန်ကို အစိုးရသတ်မှတ်ဈေး ကျပ် ၂၅၀၀၊ ဒီဇယ်တဂါလန် ၄၀၀၀ ကျပ်နှင့် အော့တိန်းတဂါလန် ၄၁၀၀ ကျပ်တို့ဖြင့် ရောင်းချနေသည်။

ပြည်တွင်း စီးပွားရေးပညာရှင် တဦးကမူ စစ်အစိုးရအနေနှင့် စက်သုံးဆီအရေးကိစ္စ ကိုင်တွယ်ပုံ အလွန်ညံ့ဖျင်းကြောင်း ဝေဖန် ပြောဆိုသည်။

“ပုဂ္ဂလိကတွေကို ဆီတင်သွင်းခွင့်နဲ့ လွတ်လွတ်လပ်လပ် ရောင်းခွင့်ပြုရမယ်။ ဒါဆိုရင် မှောင်ခို ဈေးကွက် ပျောက်ဖို့ သေချာတယ်။ တခြားတဘက်မှာလည်း ဓာတ်ဆီဈေးကြီးလို့ ၀ယ်မသုံး နိုင်တဲ့ ကားတွေကို သဘာဝဓာတ်ငွေ့ CNG သုံးကားတွေအဖြစ် ပြောင်းခွင့်ပေးလိုက်ရင် မှောင်ခိုဈေးကွက်ဆိုတာ လုံးဝ မရှိတော့ဘူး။ သဘာဝဓာတ်ငွေ့က ကိုယ့်နိုင်ငံက ထွက်နေတာပဲ၊ ပြည်သူကို ဈေးချိုချိုနဲ့ရောင်းပေး နိုင်ပါတယ်။ အခုတော့ သဘာဝဓာတ်ငွေ့ကို နိုင်ငံခြားရောင်းဖို့လောက်ပဲ အစိုးရက စိတ်သန်နေတယ်။ ပြည်သူကို သက်သာအောင်လုပ်ပေးဖို့ မစဉ်းစားဘူး” ဟု အဆိုပါ စီးပွားရေးပညာရှင်က ထောက်ပြသည်။

စစ်အစိုးရသည် စက်သုံးဆီအသုံးပြု မောင်းနှင်ရသော ခရီးသည်တင် လိုင်းကားများနှင့် အငှားကားများကို သဘာဝ ဓာတ်ငွေ့သုံးကားများအဖြစ် ပြောင်းလဲရန် ၂၀၀၆ ခုနှစ်အတွင်းက စီမံချက်ဖြင့် စေခိုင်းခဲ့သော်လည်း ယခုအခါ သဘာဝဓာတ်ငွေ့သုံးကားများအဖြစ် ပြောင်းလဲသော လုပ်ငန်းများအားလုံးကို အကန့်အသတ်မရှိ ရပ်ဆိုင်းထားသည်။

မြန်မာတနိုင်ငံလုံးရှိ အစိုးရစက်သုံးဆီအရောင်းဆိုင် ၂၄၀ ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အပါအ၀င် ကုမ္ပဏီအဖွဲ့အစည်း ၂၀ ထံသို့ ၂၀၁၀ ပြည့်နှစ် ဇွန်လ ၁၀ ရက်နေ့တွင် စွမ်းအင် ၀န်ကြီးဌာနက တရားဝင်လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးခဲ့သည်။

No comments: