Wednesday, March 23, 2011

တရားစွဲသည့် လယ်ပိုင်ရှင်များကို အမှုဆင် ရိုက်နှက်ဖမ်းဆီး

ဇာနည်မာန် Wednesday, 23 March 2011

မကွေးတိုင်း၊ သရက်ခရိုင် ကံမမြို့နယ် စစ္စရံကျေးရွာ အနီးတွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ထူးကုမ္ပဏီတို့ ပူးပေါင်း၍ ကော့စတစ်စက်ရုံ တည်ဆောက်ရန် လယ်ယာမြေများ သိမ်းယူမှုအပေါ် တရားစွဲဆိုထားသည့် လယ်ပိုင်ရှင်များကို မတ်လ ၂၁ ရက်နေ့ညက ယင်းကုမ္ပဏီများမှ စေခိုင်းသူဟု ယူဆရသူများက ရိုက်နှက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည့်အပြင် ရဲစခန်းမှ ဖမ်းဆီးထားဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ရွာခံတဦးက “ဦးသန်းဦးက ခေါင်းမှာ ဒဏ်ရာတွေ အများကြီးရတယ်။ ခေါင်းက ဒဏ်ရာက သွေးမတိတ်သေးဘူး။ ဦးအောင်လင်းလည်း တကိုယ်လုံး ဒဏ်ရာတွေချည်းပဲ။ ဗိုက်လည်း တအားအောင့်တယ်လို့ပြောတယ်။ သူတို့ အခု ကံမဆေးရုံမှာ။ ခြေကျင်းတွေ ခတ်ထားတွေ့တယ်။ သူတို့နဲ့ အဖော်ပါတဲ့ ၃ ယောက်က လွတ်သွားပေမယ့် မနက်မှာ ရဲက မေးစရာရှိတယ်ဆိုပြီး လာခေါ်သွားတာ ပြန်မလွတ်သေးဘူး” ဟု ပြောသည်။

ဦးသန်းဦး၊ ဦးအောင်လင်းနှင့် တခြား လယ်ပိုင်ရှင် ၂ ဦးတို့ ပိုင်ဆိုင်သော လယ်ဧက ၄ ထောင်ကျော်ကို ၂၀၁၀ နှစ်ကုန်ပိုင်းအတွင်း မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ထူးကုမ္ပဏီတို့က နစ်နာကြေးတစုံတရာမပေးပဲ သိမ်းယူခဲ့သည်။

လယ်မြေပိုင်ဆိုင်ခွင့် ပြန်လည်ရလိုမှုနှင့် မတရားသိမ်းယူမှုအပေါ် တရားရုံးအဆင့်ဆင့်သို့ တိုင်ကြားထားခြင်းကို တဘက်မှ မကျေနပ်၍ အာဏာပိုင်နှင့်ပူးပေါင်းကာ ယခုလို ပြုမူခံရခြင်းဖြစ်သည်ဟု ရွာခံများက ဆိုသည်။

ရွာခံတဦးက “ည ၉ နာရီလောက် သူတို့ ၅ ယောက် ရွာအပြန် အဲဒီရုံးရှေ့လမ်းရောက်တော့ သူခိုး၊ သူခိုးဆိုပြီးတော့ လူ ၂၀ လောက်က ထွက်လာပြီးတော့ ၀ိုင်းရိုက်ကြတာ။ အမှန်က အဲဒီဒီ အခြေစိုက်ရုံးထဲမှာက လုံခြုံရေးအတွက် ရဲ ၃ ယောက်လောက်က ရှိနေတာ။ ဒီလို ရှိနေတာကို သူခိုးဆိုပြီး လုပ်တာက တမင်လုပ်တာပေါ့ဗျာ” ဟု ပြောသည်။

ဒဏ်ရာများရသွားသည့် ၎င်းတို့နှစ်ဦးကို စက်ရုံစီမံကိန်း အခြေစိုက်ရုံးခန်းအတွင်း အခင်းဖြစ်သည့်ညက ချုပ်နှောင်ထားပြီး လာရောက်သည့် မိသားစုဝင်များကိုလည်း တွေ့ဆုံခွင့်မပေးကြောင်း သိရသည်။

လယ်ပိုင်ရှင်များမှ တရားစွဲဆိုမှုကိုလည်း ကံမမြို့နယ်တရားရုံးနှင့် သရက်ခရိုင် တရားရုံးတို့က ပယ်ချခဲ့သည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေကြီး ဦးအောင်သိန်းက ဆိုသည်။

“ကိုယ့်ဘက်က ခံနေရတာ ပေါ်လွင်နေတာကို ဒီလို ဖန်တီးပြီး အာဏာပိုင်တွေနဲ့ ပေါင်းလုပ်တာကို ကျနော်တို့က အထက်အဆင့်ဆင့်ကို ဆက်ပြီး တိုင်သွားမယ်” ဟု ဦးအောင်သိန်းက ပြောသည်။

ပဲမျိုးစုံနှင့် နှမ်းတို့ အဓိကထား စိုက်ပျိုးရာ စစ္စရံကျေးရွာအနီးရှိ အဆိုပါ ကော့စတစ်စက်ရုံစီမံကိန်းအတွက် မြေနေရာ၊ လယ်မြေများတွင် လယ်ပိုင်ရှင်များကို အသိမပေးဘဲ အလံများစိုက်၍ သတ်မှတ်ထားကြောင်း၊ ဆောက်လုပ်ရေးအတွက် ထူးကုမ္ပဏီက တာဝန်ယူထားပြီး ကနဦး မြေဖော်မှု ဆောက်လုပ်မှုများအတွက် စတင်နေရာ လယ်ယာဧက ၄ ထောင်ကျော် ဆုံးရှုံးပြီးဖြစ်ကြောင်း သိရသည်။

ထပ်မံ သိမ်းယူမည့် လျာထား လယ်မြေများလည်း ရှိနေသေးပြီး အဆိုပါ လယ်မြေများကို ထိခိုက်လာပါက လယ်ယာပိုင်ရှင်များက တရားစွဲဆိုမှုများ ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း၊ မိမိတို့ လယ်မြေများ ဆုံးရှုံးရမှုကြောင့် အဆိုပါ စက်ရုံတည်ဆောက်မှုကို မလိုလားကြကြောင်း ဒေသခံများက ပြောသည်။

No comments: