Wednesday, March 23, 2011

ထက်ထက်မိုးဦးအမှု လက်ခံလိုက်ပြီ

မင်းနိုင်သူ Wednesday, 23 March 2011

ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက 7 Day News ဂျာနယ် သတင်းထောက် မအေးသူစံကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုအတွက် ထက်ထက်မိုးဦးကို သာမန်နာကျင်စေမှုဖြင့် တရားစွဲရန် ရန်ကင်းမြို့နယ် တရားရုံးက လက်ခံလိုက်ပြီဖြစ်သည်။

ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း ခံခဲ့ရသော သတင်းထောက်က ရန်ကင်းမြို့နယ်တရားရုံး၌ ၂၀၁၀ ပြည့်နှစ် ဇွန်လ ၃ ရက်နေ့တွင် သာမန်နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ဖြင့် ထက်ထက်မိုးဦးကို တရားစွဲခဲ့သော်လည်း တရားစွဲဆိုမှု တနှစ်ပြည့်ခါနီးတွင် သာမန်နာကျင်စေမှု ပုဒ်မ ၃၂၃ တခုတည်းဖြင့်သာ တရားစွဲရန် လက်ခံလိုက်ခြင်းဖြစ်သည်။

အမှုကို စောင့်ကြည့်နေသည့် ရန်ကုန်မြို့မှ သတင်းထောက်တဦးက “ပြီးခဲ့တဲ့ ၂၁ ရက်နေ့ ရုံးချိန်မှာ တရားရုံးကို ထက်ထက်မိုးဦးနဲ့ သူ့ယောက်ျားလာတယ်။ သူတို့ရောက်ပြီးပြီးချင်းပဲ တရားသူကြီးက သင့်ကို ပုဒ်မ ၃၂၃ ဖြင့် စွဲချက်တင်လိုက်သည်ဆိုပြီး အမိန့်ကို ဖတ်ပြခဲ့ပါတယ်” ဟု ပြောသည်။

တရားစွဲတင်လိုက်မှုနှင့် စပ်လျဉ်း၍ ထက်ထက်မိုးဦးကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ဆီဒိုးနား ဟိုတယ်တွင် ၂၀၁၀ ပြည့်နှစ် မေလ ၁၉ ရက်နေ့က ပြုလုပ်သော ကုန်စည်ပြပွဲတခု၌ ထက်ထက်မိုးဦးနှင့် သတင်းထောက် မအေးသူစံတို့ အင်တာဗျူးတခု ပြုလုပ်ခဲ့ပြီးနောက် ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိ လက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်းမြို့နယ် တရားရုံးတွင် ပြီးခဲ့သည့်နှစ်ကတည်းက တရားရင်ဆိုင်နေခဲ့ရသော်လည်း ထက်ထက်မိုးဦးသည် တရားရုံးသို့ နှစ်ကြိမ်သာ တက်ရောက်ခဲ့သည်။

“ဒီအမှုဖြစ်စဉ် သတင်းတွေကို ပြည်တွင်းဂျာနယ်တွေမှာ ဖော်ပြလို့မရဘူး။ ပေါ့ပ်ဂျာနယ်တခုမှာတော့ ထက်ထက်မိုးဦးနဲ့ အင်တာဗျူးလုပ်ပြီး ဖော်ပြတာတော့ရှိတယ်။ တဘက်သတ်ပေါ့ဗျာ။ သူ့ဘက်က ငြိမ်းချမ်းချင်ပါတယ်တို့ ဘာတို့ ပြောတာပေါ့။ တကယ့်တကယ်မှာတော့ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတဲ့ မအေးသူစံကို ပါးစပ်နဲ့တောင် တောင်းပန်မှု မရှိသေးဘူးလို့ သိရပါတယ်” ဟု ရန်ကုန် သတင်းထောက်က ဆိုသည်။

ထိုအမှုအတွက် ထက်ထက်မိုးဦးဘက်မှ ရှေ့နေဦးစိန်မြင့်က လိုက်ပါဆောင်ရွက်ပေးနေပြီး သတင်းထောက်ဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသော ရှေ့နေ ဦးသန်းထွန်းအောင်မှာ ကွယ်လွန်သွားသဖြင့် အမျိုးသမီးရှေ့နေတဦးက ဆက်လက် ဆောငရွက်ပေးနေကြောင်း သိရသည်။

ရန်ကင်းမြို့နယ် တရားသူကြီးက ယမန်နှစ် ဇူလိုင် ၁၃ ရက် တရားခွင်တွင် ထက်ထက်မိုးဦး၏ ကိုယ်ရေးရာဇ၀င်ကို တောင်းယူခြင်း၊ အမှုစွဲတင်ထားမှုကို ဖတ်ပြခြင်းတို့ ပြုလုပ်ခဲ့ပြီး ထက်ထက်မိုးဦးဘက်မှ ငွေကျပ် ၁၀ သိန်းဖြင့် အာမခံရယူထားသည်။

လာမည့် မေလ ၄ ရက်နေ့တွင် ထပ်မံရုံးချိန်းထားပြီး ထက်ထက်မိုးဦး ရှေ့နေက တရားလိုပြသက်သေများကို ပြန်လည် စစ်မေးမှု ပြုမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုကို တရားရုံးက အများပြည်သူ ကြားနာခွင့်မပြုဘဲ အမှုဖြစ်ပွားပုံကို ဖော်ပြခဲ့သော ဂျာနယ်တချို့ကိုလည်း စာပေစိစစ်ရေးက ထုတ်ဝေခွင့် ခေတ္တရပ်ဆိုင်းခဲ့သည်။

No comments: