Sunday, March 27, 2011

ရှမ်းပြည်နယ်အတွင် နောက်ဆက်တွဲ ငလျင်များနှင့် လူသေဆုံးမှု

ဘုန်းခိုင်

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ အရှေ့တောင်ဘက် (၃၅) မိုင်ခန့်အကွာ လွယ်မွေမြို့အနီးကို ဗဟိုပြုပြီး မတ်လ (၂၄) ရက်နေ့ ညဦးပိုင်းက ရစ်ခ်ျတာစကေး (၇) ရှိသည့် အင်အားပြင်း ငလျင်လှုပ်ခဲ့ခြင်းကြောင့် တာချီလိတ်မြို့၊ တာလေမြို့ နားယောင်းကျေးရွာ၊ မိုင်းလင်းရွာ၊ မိုင်းကိုးကျေးရွာအုပ်စု၊ ကျကူနီရွာတို့တွင် လူအသေအပျောက် (၂၀၀)ကျော်ရှိပြီး ထောင်ချီပြီး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

မတ်လ ၂၄ ရက်နေ့ လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် တာလေမြို့နှင့် မိုင်းလင်း၊ မိုင်းကိုး ကျကူနီ စတဲ့ကျေးရွာများတွင် လူနေအိမ် အပျက်အစီးနှင့် လူသေဆုံးမှုကို တာချီလိတ်ဒေသခံက “တာလေနဲ့ မိုင်းလင်း အဲဒီဘက်မှာ အပျက်အစီးက လူနေအိမ် ၇၀ ရာခိုင်းနှုန်းလောက်ပျက်စီးတာ မြေတွေပြတ်ရွေ့တဲ့အထိကို ငလျင်က ကြမ်းတယ် လူအသေ အပျောက်က မြေအောက်ရောက် သွားတာလည်း ရှိတယ် အဆောက် အဦး တွေပြိုလို ပိသေတာတွေ အဲဒီတာလေနဲ့ မိုင်းလင်းကျေးရွာမှာတင် လူသေတာ မနေ့ကအထိ (၁၀၀) ကျော်ရှိနေပြီ မတ်အန်ခမ်းနဲ့ ကျကူနီ ရွာတွေဘက်မှာလည်း (၄၀) ကျော်တယ် လူသေတာဆိုတော့ အဲဒီဒေသတွင်းမှာ အနည်းဆုံး လူ (၂၀၀) ကျော်လောက် သေတယ်၊ ထိခိုက်တဲ့ လူကတော့ ထောင်နဲ့ချီရှိမယ်” ဟု ပြောသည်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြင်းအား (၇)ရှိတဲ့ ငလျင်လှုပ်ခတ်ပြီး အဲဒီဒေသတွင်းမှာ နောက်ဆက်တွဲ ငလျင်တွေ (၁၀)ကြိမ်ထက်မနည်း လှုပ်ခဲ့ပြီး ဒီကနေ့ မတ်လ (၂၆) ရက်နေ့ မနက် (၅)နာရီကျော် အချိန်အတွင်းမှာ ခပ်ပြင်းပြင်းငလျင် နှစ်ကြိမ်လှုပ်ခဲ့သည့်အတွက် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြရသည်။

အိမ်ခြေ (၂၀၀၀) နီးပါးရှိသည့် တာလေမြို့တနေရာတည်းမှာပင် ငလျင်ကြောင့် လူ (၅၀)နီးပါး သေဆုံးခဲ့ပြီး လူနေအိမ် တထောင်ကျော် အပျက်အစီးရှိခဲ့သည်။ ပေ (၈၀) ကျော်ရှည်သည့် တာလေတံတား ထိပ်နှစ်ဖက်စလုံး နိမ့်ဆင်းသွားသည့်အတွက် ကားများဖြတ်သန်းခွင့် မရတော့သလို ကျိုင်းတုံ- တာချီလိတ်သွား လမ်းမကြီး အပ်ကွဲနိမ့်ဆင်းသွားခဲ့သည်။

ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ တာချီလိတ်ဆေးရုံတွင် တက်ရောက်ကုသခံသူ ရာချီရှိခဲ့ပြီး ငလျင်ဒဏ် အပြင်းအထန်ခံရသည့်ဒေသများကို စစ်တပ်က ထိန်းချုပ်ထားပြီး ပုဂ္ဂလိက အကူအညီပေးမည့်သူများအနေဖြင့် တာလေ စစ်တပ်ဂိတ်တွင် ပစ္စည်းများအပ်ပြီး ကိုယ်တိုင်အကူအညီပေးဖို့ ဝင်ရောက်ခွင့်မရှိဟုလည်း ဒေသခံများက ပြောသည်။

ကုလသမဂ္ဂ ကလေးငယ်များ ကူညီစောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့ UNICEF နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့က ငလျင်ဒဏ်သင့်ဒေသများသို့ ဝန်ထမ်းများ စေလွှတ်ထားပြီး ငလျင်ဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ စတင်လုပ်ဆောင်ပေးနေပြီဖြစ်ကြောင်း ကုလသမဂ္ဂက မတ်လ ၂၅ နေ့က သတင်းထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ အဖွဲ့အစည်းတွေအပါအ၀င် NGO အဖွဲ့တွေ အကူအညီပေးခဲ့တဲ့ အစားအသောက်စတဲ့ အကူအညီတွေကို စစ်တပ်ကသာ လက်ခံယူတာဖြစ်လို့ တကယ့် ငလျင်ဒုက္ခသည်တွေအတွက်တော့ အခက်အခဲရှိနေကြောင်းနှင့် ကယ်ဆယ်ရေးစခန်းတွေ ငလျင်ဒဏ်သင့် ဒေသတွေမှာ ဆေးဝါးလုံလောက်မှုမရှိသေးကြောင်း ဒေသခံများက ပြောသည်။

စစ်အစိုးရရဲ့ သတင်းစာမှာတော့ မတ်လ (၂၅) ရက်နေ့ မွန်းလွဲပိုင်း ရရှိသော သတင်းများအရ အဆိုပါ ငလျင်ကြောင့် တာချီလိတ်မြို့၊ တာလေမြို့ နားယောင်းကျေးရွာ၊ မိုင်းလင်းရွာ၊ မိုင်းကိုးကျေးရွာအုပ်စု၊ ကျကူနီရွာတို့တွင် စုစုပေါင်း အိမ်ခြေ (၂၂၄) လုံးနှင့် ခြောက်ခန်းတွဲလူနေ လိုင်းခန်းတခု၊ သာသနိက အဆောက်အအုံ (၁၁)ခုနှင့် ဌာနဆိုင်ရာ အဆောက်အအုံ (၉) လုံး ပြိုကျပျက်စီးခဲ့ပြီး သေဆုံးသူ စုစုပေါင်း (၇၃)ဦးနှင့် ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း (၁၂၅)ဦးရှိကြောင်း ဖော်ပြထားသည်။

အဆိုပါ ငလျင်သည် မြန်မာနိုင်ငံ၊ လာအို၊ ထိုင်း နိုင်ငံ (၃)နိုင်ငံ ထိစပ်နေသည့် ရွှေတြိဂံဒေသတွင်း ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်၊ မယ်ဆိုင်၊ ချင်းရိုင်၊ ချင်းမိုင် စသည့်ဒေသများ၊ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့နှင့် တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်ပြည်နယ်တွေအထိ လှုပ်ခတ်မှု သိရှိခဲ့ကြရသည်။

No comments: