Tuesday, March 29, 2011

ငလျင်ကြောင့် တပ်တွင်း သေပျောက် သတင်း အမှောင်ချ

လင်းသန့် Tuesday, 29 March 2011

ရှမ်းပြည်နယ် ငလျင်ကြောင့် သေဆုံးသူ ၃၀၀ ကျော်ရှိသွားပြီဖြစ်ပြီး စစ်တပ်အတွင်း လူအသေ အပျောက်နှင့် ပတ်သက်၍ သတင်း ပေါက်ကြားမှု မရှိစေရန် လမ်းပန်း ဆက်သွယ်ရေးနှင့် ကူးသန်းသွားလာမှုများကို စစ်တပ်က တင်းကျပ်စွာကန့်သတ် ထားသည်ဟု သိရသည်။

မိုင်းဖြတ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၁၈ တွင်သေဆုံးသူ ၂၀ ကျော်နှင့် တာလေ အခြေစိုက် ခြေမြန် တပ်ရင်း(ခမရ) ၃၁၆ တွင် ဘန်ကာများ၊ အဆောက်အအုံများ ပြိုကျ ပျက်စီးပြီး စစ်သားနှင့်မိသားစုဝင် ၃၀ ကျော် သေဆုံး သွားခဲ့သည့် တပ်တွင်း သတင်း ပေါက်ကြားမှု မရှိစေရေးအတွက် ထိုသို့ တင်းကျပ်ခြင်းဖြစ်သည်ဟု ဒေသခံများကပြော ဆို သည်။

“ဗိုလ်ချုပ်အောင်သန်းထွဋ်၊ ကယ်ဆယ်ရေးဝန်ကြီး နဲ့ တိုင်းမှူးရောက်လာတယ်၊ တပ်ထဲက အသေအပျောက်စာရင်းနဲ့ ပတ် သက်ပြီး သူတို့အထက်ကလူကြီးတွေကို မသိစေချင်လို့ တပ်ရင်းအာဏာပိုင်တွေကို သေချာပြောသွားတယ်ကြားတယ်၊ နောက်နှစ်ရက် သူတို့ဆီမှာ ခေါင်း မလောက်လို့ လာယူသွားတာက ၂၀ လေ၊ ကြည့်ရတာ တပ်တွင်းက သေဆုံးသူ ဒီ ထက် များတယ် ထင်တယ်”ဟု အဆိုပါ တပ်များသို့ လူသေအလောင်း ထည့်ရန် ခေါင်းပို့ပေးခဲ့ရသည့် ဒေသခံတဦးက ဧရာဝတီ ကိုပြောသည်။

တပ်တွင်းမှ သေဆုံးသူစာရင်းနှင့် ထိခိုက်ဒဏ်ရာ ရသူများနှင့် ပတ်သက်ပြီး ဧရာဝတီ က စစ်တပ် တာဝန်ရှိသူများကို ကြိုးစား ဆက်သွယ်သော်လည်း ယခုအထိ ဆက်သွယ်၍မရသေးပေ။

“မိုင်းဖြတ်တပ်ထဲက သေဆုံးသူက တော်တော်များတယ်ထင်တယ်၊ ဒီသတင်းကို အတော်ဖုံးဖိနေတယ်၊ သေဆုံးသူ အနည်းဆုံးတော့ အဲဒီမှာ ၂၀၊ ၃၀ ပဲ၊ ကြိတ်လုပ်နေကြတယ်”ဟု နယ်မြေခံ စစ်တပ်နှင့် နီးစပ်သူ တဦးက ဆိုသည်။

ထို့အပြင် လုံခြုံရေးစိုးရိမ်မှုများနှင့် လမ်းပျက်စီးမှုများကြောင့် သွားလာရေးခက်ခဲနေသော မိုင်းကိုင်ရွာသည် ငလျင်ဒဏ်ကို တရွာလုံး ခံစားလိုက်ရပြီး ယခုအချိန်အထိ ကယ်ဆယ်ရေးများ မရောက်ရှိသေးဟု သိရှိရသည်။

“မိုင်းကိုင်ရွာက အိမ်ခြေ ၇၀ ကျော် ၈၀ လောက်ရှိတယ်၊ အဲဒီက သွားရေးလာရေးခက်ခဲတယ်၊ တရွာလုံး သေသွားတယ် လို့ အဲဒီကပြန်လာတဲ့သူကပြောတယ်၊ တကယ် ဦးတည်လှုပ်တာက အဲဒီကိုဦးတည်တာ၊ တာလေက အရောက်အပေါက် လွယ်တော့ တာလေ သတင်းပဲ လူသိများသွားတာပေါ့”ဟု ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူ တဦးက ပြောပြသည်။

မတ်လ ၂၆ ရက်ထုတ် အစိုးရသတင်းစာများ၌ တာချီလိတ်မြို့၊ တာလေ မြို့၊ နားယောင်းရွာ၊ မိုင်းလင်းရွာနှင့် မိုင်းကိုးကျေးရွာအုပ်စု၊ ကျကူနီရွာတို့တွင် အိမ်ခြေ ၂၂၄ လုံး၊ ၆ ခန်းတွဲ လူနေ တိုက်ခန်းတွဲတခု၊ သာသနိက အဆောက်အအုံ ၁၁ ခုနှင့် ဌာနဆိုင်ရာ အဆောက်အအုံ ၉ လုံး ပြိုကျ ပျက်စီးခဲ့ပြီး သေဆုံးသူပေါင်း ၇၃ ဦး နှင့် ထိခိုက် ဒဏ်ရာရသူ ၁၂၅ ဦးရှိသည် ဟု ဖော်ပြထားသည်။

ယခုအခါ ဒဏ်ရာရ အရပ်သားလူနာများကိုပါ သတင်းထောက်များနှင့် မတွေ့စေလိုသောကြောင့် တပ်တွင်းစခန်းများသို့ ပြောင်းရွှေ့ထား၍ ငလျင် ဒုက္ခသည်များနှင့် ကူညီကယ်ဆယ်ရေး အစီအစဉ်များလဲ အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း ဒေသခံများက ပြောသည်။

“အခုထိ နိုင်ငံတော်ဆိုတဲ့သူတွေဆီက ဘာမှထိရောက်တဲ့အကူအညီတွေ မလာသေးပါဘူး၊ အခုပိုဆိုးတာက လူနာ အား လုံး လိုလိုကို တာလေအခြေစိုက် ၃၁၆ တပ်ရင်းနဲ့ မိုင်းလင်း အခြေစိုက် တပ်ရင်း ၅၇၁ တို့ကို ပြောင်းပစ်လိုက်တယ်၊ ပြော တာတော့ ပြည်ပ သတင်းထောက်တွေ လာကြလို့ သတင်းပေါက်ကြားမှာ စိုးလို့ ကြားတာပဲ” ဟု တာလေ ဒေသခံ တစ်ဦး က ပြောပြသည်။

ငလျင်ကယ်ဆယ်ရေး လုပ်ဆောင်နေကြသော အလှူရှင်များသည်လည်း ကယ်ဆယ်ရေး ပစ္စည်းများ ဒုက္ခသည်များထံ ရောက်ရှိရေးအတွက် အခက်အခက်များစွာရှိနေကြောင်း သိရသည်။

“တတ်နိုင်တဲ့ သူတွေက အထုပ်တွေအများကြီးနဲ့ လာလှူတာမျိုးတွေရှိတယ်၊ ဒုက္ခသည်တွေဆီကို တိုက်ရိုက်ပေးခွင့် မရှိဘူး၊ နည်းနည်းလောက် တခါစား၊ နှစ်ခါစားမျိုးလောက်ဆိုရင်တော့ သူတို့က ခွင့်ပြုတယ်”ဟု ဒေသခံ အမျိုးသမီး တဦးက ပြောသည်။

အစိုးရ သတင်းစာများ၌မူ ငလျင်ဒေသ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ဓာတ်ပုံများနှင့် တကွ ဝေေ၀ ဆာ ဆာ ဖော်ပြနေသည်။

နေပြည်တော်မှ ဗိုလ်ချုပ်တဦးနှင့် တိုင်းမှူးတို့လာပြီးနောက် ပျက်စီးလမ်းများကို ယာယီသွားလာနိုင်ရေးအတွက် အရေးပေါ် ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်ဟု အမည်မဖော်လိုသူ ဒေသ အာဏာပိုင်တဦးက ပြောသည်။

“စစ်သားတချို့ကယ်ဆယ်ရေး လာလုပ်ပေးတာတော့ရှိတယ်၊ သူတို့က အဆောက်အအုံပျက်တွေမှာ ရွှေငွေနဲ့ အဖိုးတန် ပစ္စည်းတွေကိုပဲရှာကြတာ၊ လူကိုလာကယ်တာမဟုတ်ဘူး၊ နောက် အဆောက်အအုံ ရှင်းတဲ့ ကားကြီး ၂ စီးပဲ လာတယ်၊ အဲဒါကလဲ ပိုက်ဆံရှိတဲ့၊ ရာထူးရှိတဲ့အိမ်ကိုပဲ အရင်လုပ်ပေးတာ”ဟု ငလျင်ဒဏ်ခံ ဒုက္ခသည်တဦးက ပြောသည်။

အစိုးရ၏ ထိရောက်သည့် အကူအညီမျိုး မရကြောင်းနှင့် ဒေသ ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်မိရပ်ဘများ၏ လာ ရောက် ပေးပို့သော အကူအညီမျိုးသာ ရနေကြောင်း ဒေသခံများက ပြောဆိုသည်။

ရပ်မိရပ်ဘများဦးစီးပြီး ကူညီကယ်ဆယ်ရေးများ ဆက်လုပ်နေကြောင်း၊ ဒေသခံ တချို့မှာမူ ငလျင်ငယ်ကလေးများ ယခု အချိန် အထိဆက်လှုပ် နေသေးသည့်အတွက် လမ်းဘေး၌ အိပ်နေကြရကြောင်း၊ ကယ်ဆယ်ရေးစခန်းကို အစိုးရ အာဏာ ပိုင်များက ဖွင့်လှစ်ထားသော်လည်း ကူညီကယ်ဆယ်ရေး ပစ္စည်းများကို တိုက်ရိုက်ပေး၍မရဘဲ စစ်တပ်ကို ပေးခဲ့ရကြောင်း အလှူရှင်တဦးကလည်း ပြောသည်။

“စစ်တပ်က သူတို့ကို ပေးခဲ့ရတဲ့ ဒီပစ္စည်းတွေကို ငလျင်ဒုက္ခသည်တွေ လက်ထဲပေးမယ်လို့ ကံသေကံမ မပြောနိုင်ဘူး၊ ဒါပေမယ့် ရေတို့၊ ခေါက်ဆွဲခြောက်တို့က တကယ်ဒုက္ခသည်တွေ အခုလက်ငင်းလိုနေတာ၊ သူတို့လက်ထဲ တိုက်ရိုက် ပေးချင် ခဲ့ပေမယ့်မရဘူး၊ ကိုယ်ကစေတနာ ပြတ်ထားပြီးသားမို့ရောက်ပါစေ ဆုတောင်းပြီးပေးခဲ့တယ်”ဟု ၎င်းက ဆိုသည်။

ဒေသအာဏာပိုင် တချို့နှင့် စစ်တပ်အရာရှိတချို့က ဒုက္ခရောက်နေသူများကို ကယ်ဆယ်ရေးလုပ်သည်ထက် ကယ်ဆယ် ရေး ပစ္စည်းများကို အလွဲသုံးစားလုပ်မှုများရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။

“အစိုးရကဘာမှ မကူတဲ့အပြင် ကျမတို့ကို လာလှူတဲ့ဟာတွေကိုသူတို့စခန်းမှာ သိမ်းထားလိုက်တယ်။ သူတို့ကလာ ကြည့် သွားပြီး ဓာတ်ပုံအရိုက်ခံတာလေ၊ လာဝေတဲ့ ရေသန့်ဘူး၂လုံးနဲ့ ခေါက်ဆွဲခြောက်၂ ထုပ် ကျမ ဒီနေ့ရတယ်”ဟု ဒေသခံ ဒုက္ခသည် အမျိုးသမီးတဦးက ပြောသည်။

ယခုအချိန်အထိ ငလျင်ဘေးသင့်ဒေသ တခုဖြစ်သော ကျကူနီကျေးရွာ သို့ ကူညီကယ်ဆယ်ရေး အဖွဲ့များ မရောက်ရှိသေး ကြောင်း သိရသည်။

အဆိုပါ ငလျင်ဒဏ်ခံ ဒေသသည် ရှမ်းပြည်တပ်မတော် တောင်ပိုင်း(SSA-S)၊ “၀”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ လားဟူ နယ်ခြားစောင့် တပ်ဖွဲ့များ အခြေစိုက်လှုပ်ရှားရာ ဒေသဖြစ်နေသဖြင့် အစိုးရစစ်တပ်က ကူညီ ကယ် ဆယ် ရေး အဖွဲ့များအား လုံခြုံရေးအရ သွားရောက်ခြင်းမပြုရန် တားမြစ်ထားသည်။

နောက်ဆုံးရ သတင်းများအရ တာချီလိတ်၊ တာလေ၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းဆတ် ကားလမ်းများကို ယာယီပြင်ဆင်မှုများပြုလုပ်ပြီးနောက် ယာဉ်ငယ်များကို အစိုးရ လုံခြုံရေးတပ်ဖွဲ့များက စတင်သွားလာခွင့်ပြုလိုက်သည်ဟု သိရသည်။

ထိုင်းနိုင်ငံဘက်မှ အကူအညီပေးရေးကမ်းလှမ်းမှုများလည်း ရှိကြောင်း၊ ရန်ကုန်မှ ပြည်တွင်း သတင်းထောက်များလည်း ရောက်ရှိနေကြပြီး တချို့နေရာများကို သွားလာခွင့်မပြုသေးကြောင်း သိရသည်။

“မယ်ဆိုင်က ထိုင်းအရာရှိတွေက သူတို့ကို နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးခွင့်ပြုဖို့ မြန်မာစစ်အစိုးရကို တောင်းဆို ထားတယ်လို့ သိရတယ်။ ရမယ် မရဘူးမသိဘူး၊ အခုထိတော့ ထိုင်းဘက်က နားလည်မှုနဲ့ဝင်လာတဲ့ အကူ အညီတချို့ပဲ ရတယ်”ဟု ထိုင်းနိုင်ငံ မယ်ဆိုင်ရှိ မြန်မာ လူမျိုး တဦးက ပြောသည်။

သဘာဝ ဘေးဒဏ်နှင့်ပတ်သက်၍ စစ်အစိုးရအနေဖြင့် ယခုအချိန်အထိ ထိရောက်မြန်ဆန်စွာ ကူညီကယ်ဆယ်ရေးအတွက် လေ့ကျင့်သင်ကြားပေးမှုများမရှိသကဲ့သို့ ကြိုတင်ပြင်ဆင်ထားသည့် အစီအစဉ်များလည်း မရှိသေးပေ။

၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူး တိုင်း၊ တနင်္သာရီတိုင်း၊ မွန် ပြည်နယ် တို့တွင် အနည်းဆုံးလူပေါင်း ၁၃၄,၀၀၀ ကျော် သေကြေပျက်စီးခဲ့ပြီး အိုးအိမ်၊ လယ်ယာ၊ ရေလုပ်ငန်းသုံး လှေ၊ သမ္ဗန် ၊ သင်္ဘောများစွာလည်း ပျက်စီးဆုံးရှုံးသွားခဲ့ရသည်။

အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန် စသည့်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက တိုက်ရိုက်ဝင်ရောက်ကူညီပေးရန် ကမ်း လှမ်းချက်များကိုလည်း စစ်အစိုးရက ငြင်းဆန်ခဲ့သောကြောင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ကိုယ်တိုင် လာရောက်ပြီး အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအကူအညီများ လက်ခံရန် တိုက်တွန်းပြောကြား ခဲ့ရသည်။

ထို့အပြင် ကယ်ဆယ်ရေးပစ္စည်းများကို ဒုက္ခသည်များထံသို့ တိုက်ရိုက်ပေးသည်ကိုလက်မခံဘဲ အစိုးရ အာဏာပိုင်များမှတဆင့်သာ လက်ခံခဲ့သည်။ ယခုအချိန် အထိ နာဂစ်ဒေသ ပြန်လည် ထူထောင်ရေးလုပ်ငန်းများမှာ လွတ်လပ်စွာလုပ်ဆောင်ခွင့် မရရှိသေးပေ။

No comments: