Wednesday, March 23, 2011

စစ်တွေတွင် ပင်လုံညီလာခံ ပိုစတာ ကပ်သူများကို ရဲက အပူတပြင်း လိုက်ရှာနေ

နိရဉ္စရာ

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် မတ်လ ၂၂ ရက်နေ့ နံနက်က ပင်လုံငြိမ်းချမ်း ပိုစတာ ကပ်သူများကို ရဲက အပူတပြင်း လိုက်လံရှာဖွေနေကြောင်း သတင်း ရရှိသည်။

၂၁ ပင်လုံ ညီလာခံ စာတန်းပါ ငြိမ်းချမ်းရေး ပိုစတာများကို ယမန်နေ့ နံနက်က စစ်တွေ နာရီစင် အ၀ိုင်း၊ ဦးဥတ္တမ ပန်းခြံ၊ လမ်းမကြီးတလျှောက်ရှိ ဓါတ်မီးတိုင်များ၊ အစိုးရ ရုံးဆိုင်းဘုတ်များတွင် အမည် မသိသူများက ကျယ်ကျယ်ပြန့်ပြန့်ကပ်ထားခဲ့ပြီးနောက် ယခုကဲ့သို့ ရဲက စာကပ်သူများကို အပူတပြင်း လိုက်လံရှာဖွေနေခြင်း ဖြစ်သည်။

စစ်တွေက အမျိုးသမီးငယ် တစ်ဦးက “ စာကပ်တာက အမျိုးသမီးတွေ ဖြစ်တယ်လို့ သတင်းတွေ ထွက်နေတဲ့ အတွက် အမျိုးသမီး တွေကို သူတို့က အဓိကထားပြီး စစ်ဆေးတာတွေ လုပ်နေ တာပေါ့လေ။ ဒါပေမယ့် ဘယ်က အမျိုးသမီးတွေမှန်း မသိတော့ သူတို့လည်း ဖေါ်ထုတ်ရ ခက်ခဲနေပါတယ်” ဟု ပြောသည်။

အဆိုပါ ပိုစတာ ကပ်ပြီးနောက် စစ်တွေမြို့ အရေးကြီးသော နေရာများ ဖြစ်ကြသည့် ဦးဥတ္တမ ပန်းခြံ၊ နာရီစင် အ၀ိုင်းနှင့် ပြည်နယ် ပယကရုံးများတွင် လုံခြုံရေးကို တိုးမြှင့်ထားလိုက်ကြောင်း သိရသည်။

“ အခုလို လုံခြုံရေးတွေ တိုးမြှင့်ပြီး စစ်ဆေးရေးတွေ များနေပေမယ့် အခုအချိန်ထိတော့ ရဲက စာကပ်သူတွေကို မမိသေးပါဘူး။ လိုက်လံ ရှာဖွေနေတုန်းပါဘဲ” သူမက ဆက်ပြောသည်။

“ စာကပ်သွားတာကတော့ မှန်ပါတယ်။ ဘယ်သူတွေ လုပ်သလဲဆိုတာတော့ မသိရသေးပါဘူး။ အဓိက အားဖြင့် စစ်တွေက ဓါတ်မီးတိုင်တွေမှာ ကပ်ထားတယ်လို့ ပြောပါတယ်။ ၂၁ ရာစုနဲ့ ပင်လုံညီလာခံနဲ့ ပတ်သက်တဲ့ စာတွေလို့ သိရပါတယ်။ နောက်ပိုင်းမှာ ရဲက အားလုံးကို လိုက်လံ သိမ်းဆည်း သွားတယ်လို့ ကြားရပါတယ်” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ စစ်တွေမြို့နယ် အမတ် ဦးအောင်မြကျော်က စစ်တွေတွင် စာကပ်ခြင်းကို အတည်ပြု ပြောကြားသည်။

စစ်တွေတွင် ၂၁ ရာစု ပင်လုံညီလာခံနှင့် ပတ်သက်ပြီး ယခု လူပ်ရှားမူမှာ ပထမဆုံး အကြိမ်ဖြစ်ပြီး စာကပ်မူ အပေါ် မြို့လူထုက အထူး စိတ်ဝင်တစား ဖြစ်နေကြကြောင်း သတင်း ရရှိသည်။

No comments: