Wednesday, March 23, 2011

မောင်းတောတွင် ညမထွက်ရ အမိန့်ထုတ်

ခင်ဦးသာ Wednesday, 23 March 2011

ရခိုင်ပြည်နယ် မောင်းတောမြို့နှင့် ကျေးရွာတချို့၌ ဒေသခံ စစ်အာဏာပိုင်များက ညမထွက်ရအမိန့်ကို ပြီးခဲ့သည့် ရက်ပိုင်းတွင် ထုတ်ခဲ့ပြီးနောက် ဒေသခံများ ခရီးသွားလာရေး အခက်အခဲနှင့် ကြုံနေကြရကြောင်း သိရသည်။

မြို့ပေါ်မှာက ၁၀ နာရီကျော် ညမထွက်ရလို့ ပြောပေမယ့် တချို့ရွာတွေမှာ မိုးချုပ်တာနဲ့ ညမထွက်ဖို့ ပြောထားတယ်” ဟုမောင်းတော ဒေသခံတဦးက ဧရာဝတီကို ပြောသည်။

မောင်းတောမြို့နယ်အတွင်းမှ ခမောင်းဆိပ်၊ အောင်သပြေ၊ ကွမ်းသီးပင်၊ တောင်ပြို စသည့်ကျေးရွာများ၌ ညနေ ၆ နာရီနောက်ပိုင်း အပြင်မထွက်ရန်နှင့် မြို့ပေါ်၌ ည ၁၀ နာရီကျော် အပြင်မထွက်ရအမိန့် ထုတ်ထားသည်မှာ တပတ်ခန့်ရှိပြီဟု ဒေသခံများ ကပြောသည်။

“အရင်တုန်းကလည်းပဲ တရွာကနောက်တရွာ သွားရင် ရွာလူကြီးက ခွင့်ပြုမှသွားလို့ရတယ်၊ ညအိပ်ခွင့်မပေးဘူး၊ အခု သတင်း တွေ မျိုးစုံထွက်နေတော့ အပြင်မသွားရဲကြ၊ အလုပ်မလုပ်ရဲကြ ဖြစ်နေကြတယ်၊ စစ်တပ်က စစ်ဆေးမေးမြန်းတာတွေ တအား လုပ်နေပါတယ်”ဟု ဒေသခံ အမျိုးသမီးတဦး ကပြောသည်။

ထို့အတူ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွင် ခရီးသွားလာနေကြသော ပြည်သူများသည်လည်း စစ်ဆေးမေးမြန်းမှုများခံနေရခြင်းနှင့် လွတ်လပ်စွာ ခရီးသွားလာ ခွင့်မရခြင်းတို့ ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

မောင်းတောမြို့နယ်၊ ခမောင်းဆိပ် ကျေးရွာအနီး၌ ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးခံခဲ့ရသော တာလီဘန် အကြမ်းဖက်ဖောက်ခွဲရေးသမားများနှင့် ဆက်နွယ်ပတ်သက်နေသည်ဟုဆိုကာ နအဖ အစိုးရ၏ မောင်းတောအခြေစိုက် နယ်စပ် ဒေသကွပ်ကွဲရေး ဌာနချုပ်(နစက)က အစ္စလမ်ဘာသာဝင် ၁၀၀ ၀န်းကျင်ကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့နှင့်ဆက်နွယ်နေသူများကိုပါ လိုက်လံရှာဖွေဖမ်းဆီးနေ၍ ဒေသခံများလည်း စစ်ဆေးမှု ခံနေကြရခြင်းဖြစ်သည်။

ဖမ်းဆီးခံထားရသူများအား နစက စခန်း၌ စစ်ဆေးမေးမြန်းမှုများပြုလုပ်နေကြောင်း၊ ရခိုင်ပြည်နယ် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်းသည် မောင်းတောဒေသ သို့ ယမန်နေ့က ရောက်ရှိနေပြီး ဖမ်းဆီးထားသူများ၏ စစ်ဆေးမှုကိစ္စများကို ကြီးကြပ်ကွပ်ကဲနေသည်ဟု ဒေသခံများကဆိုသည်။

“အဖမ်းခံထားရသူတွေက တာလီဘန်တွေ ဟုတ်မဟုတ် သေချာမသိသေးပါဘူး၊ ရွာတွေမှာ မိုးချုပ်ရင် အပြင်မထွက်ရ၊ တရွာကနေတရွာ သွားမယ်ဆိုလည်း ကြောက်နေရတယ်၊ တချို့အိမ်တွေကို ညဘက်အိပ်နေချိန် ရုတ်တရက်ဝင်ပြီး ရှာဖွေတာ၊ စစ်ဆေးတာတွေ လုပ်နေတယ်”ဟု မောင်းတော နယ်ခံ တဦးက ပြောသည်။

တာလီဘန်အဖွဲ့နှင့် ဆက်နွယ်သူဟု စွပ်စွဲကာ ဖမ်းဆီးခံထားရသူများသည် မောင်းတောမြို့နယ်၊ ခမောင်းဆိပ် ကျေးရွာအနီး၌ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ အစည်းအ၀းများ ပြုလုပ်ခဲ့ပြီး ဖောက်ခွဲရေး သင်တန်းများ ပေးခဲ့ကြောင်း၊ သင်တန်းပေးခဲ့သည့်ခေါင်းဆောင်တချို့မှာ ထွက်ပြေးလွတ်မြောက်နေ၍ စစ်တပ်က လိုက်လံရှာဖွေနေကြောင်း သိရသည်။

ဘူးသီးတောင်၊ မောင်းတော ဒေသ၌ နေထိုင်သူများ ၏ ၉၀ ရာခိုင်နှုန်းကျော်သည် အစ္စလမ်ဘာသာဝင်များဖြစ်ပြီး ထိုဒေသ၌ နအဖ အစိုးရ၏ စစ်တပ်များ ထူထပ်စွာ ချထားကြောင်း ဒေသခံများက ပြောသည်။

နအဖ စစ်တပ်များရှိသော်လည်း ထိုဒေသ၌ ရာဇ၀တ်မှုမျိုးစုံနှင့် အကြမ်းဖက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်ဟု သိရပြီး အကြမ်းဖက်သူများနှင့် ဆက်နွယ်သည်ဟုဆိုကာ ဖမ်းဆီးမှုများအနက် ယခုအကြိမ်သည် အရေအတွက်အများဆုံး ဖမ်းဆီးမှု ဟုလည်း ဒေသခံများက ဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ဒေသ၌ အကြမ်းဖက်မှုကိစ္စများကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် ပူးတွဲကော်မရှင် ဖွဲ့ထားကြောင်း၊ သို့သော် လက်ရှိဖမ်းဆီးထားသော သကာင်္မကင်းသူ တာလီဘန်များ ကိစ္စနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် အစိုးရကိုမြန်မာအစိုးရက အသိပေးခြင်းမရှိသေးကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြား ရေးမှူး ဂူလန်ဆာဝန်(Gulan Sarwan)က ပြောဆိုကြောင်း ဗီအိုအေ သတင်းဌာန မြန်မာပိုင်း၌ ရေးသားထားသည်။

No comments: