Saturday, March 26, 2011

မြန်မာ၊ လာအို၊ ထိုင်း သုံးနိုင်ငံထိစပ်ဒေသတွင် အင်အားပြင်း ငလျင်လှုပ်

ဘုန်းခိုင်

မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံမြောက်ပိုင်း အနီးတွင် မတ် (၂၄) ရက် ည မြန်မာစံတော်ချိန် (၈) နာရီခွဲတွင် ရစ်ခ်ျတာစကေး (၇) ပြင်းအားရှိသည့် ငလျင် (၂)ခု လှုပ်ခဲ့ကြောင်း အမေရိကန် မြေငလျင်လေ့လာရေးဌာနက သတင်းထုတ်ပြန်ခဲ့ကြောင်း စစ်အစိုးရပိုင် သတင်းစာတွင် ဒီကနေ့ ဖော်ပြထားသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း လွယ်မွေမြို့အနီးကို ဗဟိုပြုပြီး အင်အား ရစ်ခ်ျတာစကေး (၇) ရှိသည့် ငလျင် (၂) ခု အပါအ၀င် ခြောက်ကြိမ်လောက် ဆက်တိုက် မနေ့ကည (၈) နာရီခွဲ ဝန်းကျင်းက စတင်လှုပ်ခတ်ခဲ့သဖြင့် ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းမှာ အဆောက်အဦးတွေ ပျက်စီးခဲ့ပြီး လူ (၈၀) ကျော် သေဆုံးခဲ့သည်။

မတ်လ (၂၅)ရက်နေ့ထုတ် စစ်အစိုးရပိုင်သတင်းစာမှာ အဆိုပါ ငလျင်ကြောင့် တာချီလိတ်မြို့ဝန်းကျင် ကျေးရွာများရှိ နေအိမ်အချို့ ပျက်စီးခဲ့ပြီး အမျိုးသားနှစ်ဦးသေဆုံးကာ အမျိုးသမီး (၂) ဦးအပါအဝင် လူ (၆) ဦး ဒဏ်ရာရှိကာ တာချီလိတ် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာကြောင်း ဖော်ပြခဲ့သည်။

ငလျင်ကြောင့် တာချီလိတ်မြို့နယ်ထဲက မြို့နယ်ခွဲ တာလေမြို့နှင့် အနီးတဝိုက်က ကျေးရွာ (၆) ရွာလောက်တွင် လူနေအိမ်များ ပြိုကျပျက်စီးခဲ့ပြီး အချို့ကျေးရွာများမှာ ရွာလုံးကျွတ်နီးပါ ပြိုကျခဲ့သည်။ လူအသေအပျောက် စာရင်းများမှာ ဒီကနေ့ နေ့လယ်ပိုင်းအထိ (၈၀) ကျော်သေဆုံးပြီး လူတစ်ရာကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့များ ကျန်းမာရေးလုပ်သားများနှင့် ပုဂ္ဂလိက အကူအညီပေးသူများ တာချီလိတ်မြို့နယ်ထဲက တာလေမြို့သို့ ထွက်ခွာသွားနေပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း ငလျင်များ ဆက်တိုက်လှုပ်ခတ်မှုကြောင့် လျှပ်စစ်မီးနှင့် တယ်လီဖုန်းလိုင်းများ ပြတ်တောက်ခဲ့ပြီး ဒေသတွင်း ဈေးဆိုင်များပိတ်ကာ အရောင်းအ၀ယ်ရပ်ဆိုင်းခဲ့ရသလို ကျိုင်းတုံမြို့တွင်လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး လျှပ်စစ်မီးနှင့် တယ်လီဖုန်းလိုင်းများ ပြတ်တောက်ခဲ့သည်။ တာချီလိတ်မြို့နယ်အတွင်း ရှိဒေသခံများအနေဖြင့် အိမ်အတွင်းပိုင်းတွင် မနေရဲတော့သဖြင့် ကွင်းပြင်များတွင် ထွက်နေရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ငလျင်သည် မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံတို့ ထိစပ်နေသည့် ရွှေတြိဂံနယ်မြေတွင် ဗဟိုပြုလှုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုငလျင်ကြောင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် မြန်မာနိုင်ငံအတွင်းပိုင်း စစ်ကိုင်းတိုင်းနှင့် ပဲခူးတိုင်းများအထိ လှုပ်ခတ်ခဲ့ပြီး။ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက် အပါအ၀င် ချင်းရိုင်၊ ချင်းမိုင် မြို့များထိ ရိုက်ခတ်ကာ ချင်းရိုင်မြို့ မြောက်ပိုင်းတွင် အမျိုးသမီးတဦး အုတ်တံတိုင်းပိ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်။ ဗီယက်နိုင်ငံ ဟနွိုင်းမြို့ အထပ်မြင့်အဆောက်အဦးများမှ လူများပြောင်းရွေ့ခဲ့ရကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြခဲ့သည်။

No comments: