Tuesday, March 29, 2011

ကော့ကရိတ် စစ်ဆေးရေးဂိတ်ကို DKBA တိုက်ခိုက်

ဧရာဝတီ Tuesday, 29 March 2011

ကရင်ပြည်နယ် ကော့ကရိတ်မြို့အ၀င် စစ်ဆေးရေးဂိတ်ကို ယနေ့မွန်းလွဲပိုင်းက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ က လက်နက်ကြီးများဖြင့် တိုက်ခိုက်သောကြောင့် ခရီးသွား ယာဉ်တန်း ရပ်ဆိုင်း မှုဖြစ်ပွားခဲ့သည်ဟု ကုန်သည်များက ပြောသည်။

မြ၀တီမြို့ခံကုန်သည်တဦးက“ဒီနေ့က ကားတန်း အဆင်းရက်၊ ဖြစ်တာက ကော့ကရိတ်အ၀င် အဖွဲ့စုံစစ်ဆေးရေး ဂိတ်မှာဖြစ်တာ DKBA အဖွဲ့က အဲဒီဂိတ်ကိုလက်နက်ကြီးနဲ့ လှမ်းပစ်တာ၊ ကားသမားနဲ့ ခရီးသည်တွေလည်း ကားရပ်ပြီး အားလုံး ဆင်းပြေးကြရတယ်၊ မွန်းလွဲ ၁၂ နာရီကျော်မှာဖြစ်တာ၊ သေနတ်သံကတော့ အကြီးအသေး အတိုင်းသားကြားနေရတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ပစ်ခတ်မှုကြောင့်ခရီးသည်များ ထိခိုက်မှုမရှိသော်လည်း စစ်ဆေးရေးဂိတ်အတွင်းရှိ ၀န်ထမ်းတချို့ဒဏ်ရာရရှိကြောင်း၊ ယာဉ်တန်းထဲမှကားတချို့ ဒေါနတောင်တန်းပေါ်တွင် နာရီအတော်ကြာ ပိတ်မိနေကြောင်းလည်း ၎င်းက ဆိုသည်။

ယနေ့ပစ်ခတ်မှုကို ကော့ကရိတ်ခရိုင် အာဏာပိုင်များက တောတွင်း ကရင်သူပုန်များက ရပ်ရွာတည်ငြိမ်မှုကိုမလိုလား၍ လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ တပ်မတော်ကလိုက်လံတိုက်ခိုက်၍ သူပုန်များထွက်ပြေးသွားကြကြောင်း သတင်းဖြန့်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး၏ အဓိက ကုန်သွယ်ရေးလမ်းကြောဖြစ်သည့် မြ၀တီ-ကော့ကရိတ်-ဘားအံ လမ်းကြောတွင် တည်ရှိသော နအဖ ၏ စီးပွားရေးလမ်းကြောင်းကို ပိတ်ဆို့မှုပြုလုပ်နိုင်ရန်အတွက် ယင်းလမ်းကြောင်းပေါ်တွင် ယခု နှစ်ဆန်းမှစတင်ကာ အကြိမ် ၃၀ ခန့် တိုက်ခိုက်မှုများပြူလုပ်ခဲ့သည်ဟု DKBA တပ်မဟာ ၅ က ပြောဆိုသည်။

ယနေ့တိုက်ခိုက်မှုကို DKBA နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၆ မှ ပူးတွဲတပ်ဖွဲ့များဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်သည် KNLA တပ်မှူးတဦးက ပြောသည်။

KNLA တပ်ရင်း ၂၀၁ ၏ ဒု တပ်ရင်းမှူး ဗိုလ်မှူးကြည်အောင်က“ဒီနေ့မွန်းလွဲပိုင်းက ကော့ကရိတ်အ၀င်မှာဖြစ်တဲ့ စစ်ဆင် ရေးကို ပူးတွဲစစ်ဆင်ရေးအဖွဲ့က ပြုလုပ်တာဖြစ်တယ်၊ အဲဒီနယ်မှာက KNLA တပ်မဟာ ၆ က တပ်မဟာ လုံခြုံရေးတပ်နဲ့ DKBA တပ်မဟာ ၅ က ဗိုလ် ကျော်သက်တို့ လှုပ်ရှားတဲ့ စစ်ဆင်ရေး နယ်မြေဖြစ်တယ်”ဟု ပြောပြသည်။

အဆိုပါပူးပေါင်းအဖွဲ့သည် မြ၀တီခရိုင်နှင့် ကော့ကရိတ်ခရိုင် အတွင်းရှိ နအဖ တပ်စခန်းများကို ပြောက်ကျားစနစ်အသုံးပြုကာ တိုက်ခိုက်ကြ ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းပေါ်ရှိ ကျောက် တလုံး စခန်းကို DKBA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် မြ၀တီမှ ကော့ကရိတ်သို့ ထွက်ခွာသည့် ယာဉ်တန်းများ၏ ထက်ဝက်ခန့် မြ၀တီသို့ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်။

No comments: