ဇာနည်မာန်
“ဗွမ်း” ခနဲ ပန်းရောင်ရေတွေ ကိုယ်ပေါ်အကျ၊ အပေါ်ကို မော့ကြည့်လိုက်တော့ တိုက်အမြင့် ၀ရန်တာမှာ ရေပုံးကိုယ်စီနဲ့ အိန္ဒိယ တိုင်းသား ကလေးငယ်တွေက “ဘူရားန မာနော ဟိုလီဟဲ” “ဟက်ပီး ဟိုလီဟဲ” လို့ အော်ရင်း အစိမ်းရောင်၊ အ၀ါရောင်၊ ပန်းရောင်စတဲ့ ရောင်စုံဆေးမှုန့်တွေကို တဆက်တည်း ဖျန်းချလိုက်ပါတယ်။
ကျမ တကိုယ်လုံး ရယ်စရာ ကောင်းလောက်အောင် ၀ါ၊ စိမ်း၊ နီ၊ ပြာ ရောင်စုံတွေ ပေကျံသွားသလို တခြား လမ်းသွား လမ်းလာတွေဟာလည်း ဆေးရောင်စုံတွေနဲ့ မျက်နှာတွေကို မမှတ်မိနိုင်လောက်အောင် ပေကျံလို့နေပါတယ်။
နွေဦးရာသီကိုရောက်လို့ လမ်းဝဲယာမှာပြန့်ကျဲနေတဲ့ ၀ါရော်ရော် ရွက်ကြွေတွေ၊ ပုရစ်ဖူး တက်နေတဲ့ သစ်ပင်တွေနဲ့ သာယာနေပြီဆိုရင် သာမန်အချိန်တွေနဲ့ မတူတော့ဘဲ ကား၊ ဆိုင်ကယ်တွေ ရှင်း၊ ဆိုင်တွေအားလုံးလိုလို ပိတ်ထားတဲ့ လမ်းမကြီးပေါ်မှာ ငြီးငွေ့စရာ ခြောက်ကပ်နေပေမယ့် လမ်းသွားလမ်းလာတွေကို ဆေးရောင်မှုန့်တွေ၊ ရောင်စုံရေတွေနဲ့ လိုက်သုတ်၊ လိုက်ပက်နေတဲ့ လူငယ်တွေ၊ ဆေးရောင်စုံတွေ ပေကျံနေတဲ့ လူငယ်တွေ၊ မိသားစုတွေဟာ ကိုယ့်အစုနဲ့ကိုယ် သွားလာနေကြတာကို တွေ့ရပါတော့တယ်။ ဒါကတော့ နယူးဒေလီမြို့ ဟိုလီ ပွဲတော်နေ့ရဲ့ မြင်ကွင်းတွေပါပဲ။
ဟိုလီ ပွဲတော်ဆိုတာကတော့ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေး ပွဲတော်တခုဖြစ်ပြီး ဟိန္ဒူဘာသာဝင်တွေ အများစုရှိတဲ့ အိန္ဒိယ၊ နီပေါနဲ့ သီရိလင်္ကာနိုင်ငံတွေမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပကြပါတယ်။ အိန္ဒိယနိုင်ငံက ဟိုလီ ပွဲတော် ကတော့ မာတုရ၊ နန္ဒဂ၀န်မြို့တွေနဲ့ ဟိန္ဒူနတ်ဘုရား ခရစ်ရှနား ကြီးပြင်းရာဒေသတွေဖြစ်တဲ့ ဗီရင်ဒါဗန်၊ ဘာဆန ဆိုတဲ့ မြို့တွေမှာ ပွဲတော်ကြီးတခုအဖြစ် ၁၆ ရက်ကြာ ခမ်းခမ်းနားနား လုပ်ကြပါတယ်။ ကျန်တဲ့မြို့တွေမှာတော့ ကိုယ့် ရပ်ရွာ ပတ်ဝန်းကျင်၊ စာသင်ကျောင်းတွေ၊ သင်တန်းကျောင်းတွေ၊ လုပ်ငန်းဌာနတွေနဲ့ ဆွေမျိုး အသိုင်းအ၀န်း လောက်နဲ့ပဲ ၂ ရက်တာ ဆင်နွှဲကြပါတယ်။
ဆောင်းအကုန် နွေအကူး၊ လ ကို အခြေခံတွက်တဲ့ ပြက္ခဒိန်ရဲ့ နောက်ဆုံး လပြည့်နေ့ (မြန်မာမှာတော့ တပေါင်း လပြည့်) ဟာ ဟိုလီပွဲတော်နေ့ပါပဲ။ ဟိုလီပွဲတော်နေ့ လုပ်ရတာနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတွေ၊ ရာဇ၀င်တွေက အများကြီးပါပဲ။ အဓိက အချက်ကတော့ မကောင်းမှုတွေကို ချေမှုန်းပြီး ကောင်းမှု၊ ကောင်းကျိုးရယူတယ်လို့ ဆိုတာပါ။
ဟိုလီပွဲတော်မှာ မီးရှို့ပွဲနဲ့ ဆေးရောင်ပက်ဖျန်းတဲ့ ပွဲဆိုပြီး ၂ မျိုး ကျင်းပလေ့ရှိပါတယ်။
မီးရှို့ပွဲအတွက် ထင်ရှားတဲ့ ဒဏ္ဍာရီတခုကတော့ ဒီလိုပါ။ ဟီရန်ညာခရှပ် လို့ခေါ်တဲ့ မိစ္ဆာဘုရင်တပါး တိုင်းပြည်ကို အုပ်ချုပ်တဲ့အချိန်မှာ တိုင်းသူပြည်သားတွေကို တခြားသော နတ်ဘုရားတွေကို မကိုးကွယ်ခိုင်းဘဲ သူ့ကိုပဲ ကိုးကွယ် ခိုင်းပါတယ်။ သူ့ကို မကိုးကွယ်တဲ့သူတွေကိုတော့ သတ်ပစ်တာတွေ၊ ပြစ်ဒဏ်ပေးတာတွေ လုပ်တယ်လို့ ဆိုကြပါတယ်။
ဒါပေမယ့် သူ့ရဲ့သား ပရာလဒ်ကတော့ ဗိဿနိုးနတ်မင်းကြီးကိုသာ ကိုးကွယ်နေတာကြောင့် ဘုရင်က သတ်ဖို့ အကြိမ်ကြိမ် ကြိုးစားပါတယ်။ သတ်မရတဲ့ အဆုံးမှာတော့ မီးမလောင်နိုင်တဲ့ အစွမ်းရှိတဲ့ ဘုရင့်နှမ ဟိုလီက ရဲ့ ပေါင်ပေါ်ထိုင်ခိုင်းပြီး မီးရှို့သတ်ဖို့ ကြံပါတယ်။ ဟိုလီက ဟာ သူတယောက်တည်း ဆိုရင်သာ သူ့ကို မီးမလောင်နိုင်တာပါ။ မင်းသား ပရာလဒ်ဟာ မေတ္တာပို့ တရားစာတွေ ရွတ်ဖတ်နေတာကြောင့် အသက်မသေပေမယ့် သူ့ကို ချုပ်နှောင်ထားတဲ့ ဘုရင့်နှမ ဟိုလီက ကတော့ မီးလောင်သေဆုံး သွားပါသတဲ့။ ဒါကို အခြေပြုပြီး “ဟိုလီက” မိစ္ဆာကို မီးရှို့သတ်ခြင်းဆိုတဲ့ သဘောနဲ့ ဟိုလီပွဲတော်ရယ်လို့ ဖြစ်လာတာလို့ ဆိုကြပါတယ်။
ဟိုလီပွဲတော်ရဲ့ ပထမနေ့ ညနေခင်း မီးပုံပွဲလို့ အလွယ်တကူခေါ်ကြတဲ့ မီးရှို့ပွဲအတွက် သတ်မှတ်ထားတဲ့ နေရာမှာ သစ်ခြောက်၊ ၀ါးခြောက်၊ နောက်ချေးခြောက်တွေကို ဟိုလီပွဲတော်နေ့ မတိုင်ခင်ကတည်းက လာစုထားကြရပါတယ်။ အရပ်ဒေသအလိုက် မီးရှို့ပွဲတွေက ကွဲပြားပါတယ်။
အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ ဟိုလီက ရဲ့ ရုပ်ပုံတူတွေကို မီးပုံထဲထည့်ကြသလို၊ ဂူဂျရတ်နဲ့ သြရိသ ပြည်နယ်ဘက်မှာတော့ ကောက်ရိတ်သိမ်းချိန်မှာ မီးနတ်ဘုရားကို ပူဇော်တဲ့အနေနဲ့ ကောက်ရိုး၊ ကောက်သစ် သီးနှံတချို့ကို ထည့်သွင်းလေ့ရှိပါတယ်။
ညနေစောင်းမှာတော့ သစ်ခြောက်၊ ၀ါးခြောက်ပုံ ပတ်လည်မှာ ၀န်းရံ၊ တရားဓမ္မတွေ ရွတ်ဖတ်သရဇ္ဈာယ်ကြပြီး မီးရှို့ရင်း “ဟိုလီဟဲ ဟိုလီဟဲ” လို့ အော်ကြပါတယ်။ လောင်စာကုန်လို့ မီးငြိမ်းသွားရင်တော့ မီးကြွင်းစလေးတွေကို အိမ်ပြန် သယ်သွားကြလေ့ရှိပါတယ်။ ဒီလိုယူသွားတာဟာ ကိုယ့်အိမ်မှာ၊ ကိုယ့်ကိုယ်ပေါ်မှာ အဆိုးအညံ့တွေ ကင်းစင်ပြီး သန့်ရှင်း စင်ကြယ်သွားတယ်၊ ရောဂါဘယ ကင်းဝေးတယ်လို့ ယူဆကြပါတယ်။
တချို့ အရပ်တွေမှာ ဟိုလီပွဲတော်နေ့ မတိုင်ခင် အိမ်ကို သန့်ရှင်းရေးလုပ်တာ၊ ပစ္စည်းဟောင်းတွေ စွန့်ပစ်တာတွေလည်း လုပ်လေ့လုပ်ထ ရှိပါတယ်။
ဆေးရောင်စုံတွေ ပက်ဖျန်းကြတဲ့ နေ့ရဲ့ အကြောင်းရင်းကတော့ ဟိန္ဒူနတ်ဘုရား ခရစ်ရှနားနဲ့ ဆက်နွှယ်ပါတယ်။ ခရစ်ရှနား နတ်ဘုရားဟာ သူ့ရဲ့အသားအရေနဲ့ ချစ်သူ ရဒ္ဒါရဲ့ ဖြူဝင်းလှပတဲ့ အသားအရေ ကွာခြားတာနဲ့ ပတ်သက်ပြီး စိတ်ဆင်းရဲမိကြောင်း မိခင်ဖြစ်တဲ့သူကို ပြောတဲ့အခါ သူ့မိခင်က ရဒ္ဒါရဲ့မျက်နှာကို ဆေးရောင်တွေနဲ့ သုတ်ခြယ်ဖို့ စိတ်ကူးရပြီး နွေဦးရာသီ တရက်မှာ သူ့စိတ်ကူးကို ပျော်ပွဲရွှင်ပွဲတွေနဲ့ အကောင်အထည်ဖော်ရာကနေ ချစ်ခြင်းမေတ္တာနဲ့ ပေါင်းစည်းခြင်းဆိုတဲ့ အဓိပ္ပာယ်နဲ့ ဆေးရောင်စုံနဲ့ ဟိုလီပွဲ ဖြစ်လာရတယ်လို့ ဆိုကြပါတယ်။
ဟိုလီပွဲတော် ဖြစ်လာရတဲ့ ဒဏ္ဍာရီတွေ၊ ရာဇ၀င်တွေ အများကြီး ရှိနေပေမယ့် တူညီတဲ့အချက်ကတော့ မကောင်းမှုပျောက်၊ ကောင်းမှုရောက်အောင် ကုသိုလ်လုပ်ကြတာ ဖြစ်သလို၊ ပျော်ရွှင်ခြင်း၊ အေးချမ်းခြင်း၊ ချစ်ခြင်း၊ စည်းလုံးခြင်းလို့ အဓိပ္ပာယ်ရတဲ့ ဆေးရောင်စုံတွေနဲ့ ပျော်ပျော်ပါးပါးပက်ဖျန်းပြီး ရင်းနှီးချစ်ခင်မှု တည်ဆောက်ကြတဲ့ ရိုးရာဓလေ့ တခုပါပဲ။
အ၀ါရောင်ဟာ ပျော်ရွှင်ခြင်း၊ အပြာရောင်က ငြိမ်းချမ်းခြင်း၊ ချစ်ခြင်းအတွက် ပန်းရောင်၊ လှပခြင်းအတွက် လိမ္မော်ရောင် စသဖြင့် အရောင်တိုင်းမှာ အဓိပ္ပာယ်ကိုယ်စီ ရှိနေကြပေမယ့် ဘယ်အရောင်ကိုမဆို ယူလာတဲ့သူ၊ အရောင်တွေနဲ့ ပေကျံနေတဲ့ သူတွေအားလုံးဟာ ပျော်ရွှင်ငြိမ်းအေးခြင်းတွေ သယ်ဆောင်လာတဲ့ သူလို့ အိန္ဒိယသားတွေက မှတ်ယူ ကြပါတယ်။
“ဘာအရောင်ဖြစ်ဖြစ် အရောင်တိုင်းက ပျော်ရွှင်ခြင်းပဲ။ ခင်ဗျားမှာ အရောင်တခုခု ရှိနေရင် ခင်ဗျားမျက်နှာမှာ အရောင်တွေ ပေနေပြီဆိုရင် ခင်ဗျားဟာ ပျော်ရွှင်အေးချမ်းခြင်းကို ရမယ်” လို့ ဒေလီမြို့ခံ တဦးက ပြောပြပါတယ်။
အညစ်အကြေးဟောင်းတွေ ဆေးကြောပစ်တဲ့ မြန်မာနိုင်ငံက နှစ်သစ်ကူး သင်္ကြန်ပွဲနဲ့ အလားသဏ္ဍာန်တူပေမယ့် အိန္ဒိယမှာကတော့ မဏ္ဍပ်တွေနဲ့ ရေပက်တာ၊ ရေပက်ခံထွက်တာမျိုးတွေ မရှိပါဘူး။ ကာလကတ္တားနဲ့ မွန်ဘိုင်းလို မြို့တွေမှာတော့ နိုင်ငံခြားသား ဧည့်သည်တွေအတွက် ဆင်တွေစီးပြီး ဆေးရောင်စုံပက်ဖြန်းဖို့ စီစဉ်ပေးတဲ့ အထူးပွဲတော် နေရာတွေ ရှိပါတယ်။
ဟိုလီပွဲတော်ကာလ ရက်သတ္တပတ်ဟာ ကျောင်းစာမေးပွဲတွေ ပြီးတဲ့အချိန်ဖြစ်တာမို့ ကျောင်းနောက်ဆုံးနေ့မှာ ဆေးရောင်စုံမှုန့်တွေ ယူလာပြီး သူငယ်ချင်းအချင်းချင်း သုတ်လိမ်းကြတာ၊ ရုံးဆင်းချိန် လုပ်ဖော်ကိုင်ဖက် အချင်းချင်း သုတ်လိမ်းကြတာ၊ မိဘ ဆွေမျိုး သူငယ်ချင်းတွေ အိမ်ကိုသွားပြီး ရောင်စုံရေနဲ့ ပက်ကြ၊ ဆေးမှုန့်တွေ သုတ်လိမ်း ကြတာမျိုးလည်း ရှိပါတယ်။
ဆေးရောင်စုံပက်ဖျန်းဖို့ သဘာဝ သစ်ပင်၊ ပန်းပင်တွေရဲ့ အရောင်တွေနဲ့ ရိုးရာမပျက် စီမံသူတွေ ရှိသလို တားမြစ် ထားတဲ့ကြားက တိုးပွားလာတဲ့ လူဦးရေနဲ့ စီးပွားရေး အခွင့်အလမ်း တွေအရ ဓာတုပစ္စည်း ဆေးရောင်တွေကို ရောင်းချသူ၊ အသုံးပြုသူ တွေကြောင့် အရေပြား ယောင်ယမ်းတာ၊ ယားနာဖြစ်တာ၊ ရင်ကြပ်ရောဂါ ခံစားရတာ၊ မျက်စိတွေ ယောင်ယမ်း ကုန်တာမျိုး ဖြစ်ကြတဲ့အပြင် အရောင်တွေထဲမှာ လင်းလက်စေတဲ့ ဖန်စတွေ ထည့်တာကြောင့် အသားပေါ်မှာ ထိတာ ရှတာတွေကလည်း တပုံတပင် တွေ့ရပါတယ်။
ဆေးရောင်စုံတွေနဲ့ ပါးတွေ၊ နဖူးတွေကိုသုတ်လိုက်၊ ပျော်ရွှင်စရာ ဟိုလီနေ့ပါလို့ နှုတ်ဆက်လိုက်၊ ဗုံတွေတီးပြီး သီချင်းတွေဆိုလိုက်၊ ကလိုက်နဲ့ ပျော်ရွှင်နေသူတွေ ရှိသလို မူးယစ်သောက်စားပြီး ရမ်းကားတဲ့ လူငယ်တွေကြောင့် ရန်ပွဲတွေဖြစ်၊ လူသေမှု၊ လူသတ်မှု၊ ယာဉ်တိုက်မှုတွေဖြစ်ပြီး အပျော်တွေ ပျက်သွားရတဲ့ အဖြစ်တွေ၊ လူအုပ်ကြီး ပြိုကျလို့ လူပိပြီး သေတဲ့၊ ဒဏ်ရာရတဲ့ အဖြစ်တွေကလည်း ဒုနဲ့ဒေးပါ။
ပွဲတော်ကို အခြေပြုပြီး ကျင်လည်ကျက်စားကြတဲ့ ဒုစရိုက်သမားတွေလည်း ရှိတာကြောင့် အမျိုးသမီးငယ်တွေဟာ ပွဲတော်ကျင်းပတဲ့ ဘုရားကျောင်းလို နေရာတွေ၊ လူစည်ကားရာ နေရာတွေကို မိဘ မောင်ဖားတွေ မပါဘဲ မသွားဝံ့ ကြပါဘူး။
“အဘတို့ ငယ်ငယ်ကတော့ ဒီလို ရမ်းကားတာတွေ နည်းတယ်။ ဟိုး အရင်ကဆို ရေနဲ့ ပက်တာ မဟုတ်ဘူး။ ဆေးရောင်မှုန့်တွေနဲ့ပဲ သုတ်လိမ်းကြတာ။ အခုလိုလည်း ရမ်းကားပြီး မတရား လိုက်သုတ်တာ မဟုတ်ဘူး။ ညင်သာ ယဉ်ကျေးကြတယ်” လို့ အိန္ဒိယ တိုင်းသား အဘိုးအိုက ကျမ နဖူးကို ဆေးအစိမ်းနဲ့ အသာတို့ရင်း ပြောပြပါတယ်။
ရေပုံးတွေ၊ ရေဘောလုံးတွေနဲ့ တိုက်မြင့်တွေပေါ်ကနေ တဗွမ်းဗွမ်း လောင်းချနေတဲ့ ကလေးတွေကိုလည်း မော့ကြည့်ရင်း “ရေနဲ့ မပက်ရဘူးနော်၊ ရောင်စုံမှုန့်နဲ့ပဲ ပက်ရမယ်” လို့ ပြောနေရင်းက အဘရဲ့ ကိုယ်ပေါ်ကိုလည်း အစိမ်းရောင် အရည်တွေ စိုရွှဲသွားပါတော့တယ်။
ပွဲတော်ရဲ့ သဘောအရ ကျား၊ မ မရွေး အပြန်အလှန်၊ အပြိုင်အဆိုင် ဆေးရောင်စုံတွေကို မျက်နှာတွေမှာ မူရင်းရုပ် ပျောက်သွားတဲ့အထိ သုတ်လိမ်းရင်းက အမျိုးသမီးတွေရဲ့ ကာယိနြေ္ဒပျက်အောင် ထိပါး ပြုမူခံရတာတွေ၊ ဆေးရောင်တွေ လိုက်သုတ်သလိုနဲ့ အမျိုးသမီးတွေကို ဆွဲခေါ်သွားရာက အဓမ္မပြုကျင့်တာတွေ ရှိနေတာကြောင့် ပျော်ရွှင်စရာ ဟိုလီ၊ လုံခြုံအေးချမ်းတဲ့ ဟိုလီဖြစ်ဖို့ တာဝန်ကျ လုံခြုံရေးရဲတွေကတော့ ဆေးရောင်စုံနဲ့ ပျော်နေသူတွေကြားမှာ ၀တ်စုံပြည့်နဲ့ တာဝန် ထမ်းဆောင်နေကြရ ပါတယ်။
နယူးဒေလီမြို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဟိုလီပွဲတော် ကာလအတွင်း ယာဉ်စည်းကမ်းဖောက်ဖျက်လို့ အရေးယူ လိုက်ရတဲ့သူ ၈ ထောင်ကျော် ရှိတယ်လို့ ဆိုပါတယ်။ ယာဉ်တိုက်မှုကြောင့် မိဘတွေအိမ်မှာ လုပ်မယ့် ဟိုလီပွဲတော်သွား ဇနီးမောင်နှံ နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရမှု ရှိသလို၊ အရက်မူးနေတဲ့ လုံခြုံရေးအစောင့်ရဲ့ ရိုက်နှက်မှုကြောင့် ကားမောင်းသူ တယောက် သေဆုံးသွားခဲ့ရတဲ့ အမှုလည်း ရှိပါတယ်။
ဒေလီအလယ်ပိုင်း ရန်းဂျိဒ်နာဂါး အရပ်မှာလည်း လူငယ်ချင်း အရက်မူးပြီး စကားများကြတာကြောင့် ဓားထိုးမှုဖြစ်ပြီး ၁၈ နှစ်အရွယ် လူငယ်တဦး သေဆုံးခဲ့ ပြန်ပါတယ်။ သူငယ်ချင်းတွေနဲ့ ရေကူးရင်း ရေနစ် သေဆုံးရသူ ရှိသလို၊ ဟိုလီ ပွဲတော်လုပ်နေတဲ့ မတ်လ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီကနေ ၆ နာရီအတွင်း မှာပဲ နယူးဒေလီမှာ လူပေါင်း ၁၁ ယောက် အသက်သေဆုံးခဲ့ပြီး အမျိုးသမီးတွေကို စော်ကားတယ်လို့ တိုင်ကြားတာတွေလည်း ရှိနေတယ်လို့ ဒေလီရဲတပ်ဖွဲ့က ဆိုပါတယ်။
“တခါကတော့ ရောင်စုံမှုန့်တွေမှာ ဖန်မှုန့်တွေပါလို့ မျက်နှာပွန်းပြီး ယောင်နေတာ တော်တော်နဲ့ မပျောက်ဘူး။ ရမ်းကား တာတွေ ရှိလို့ ဟိုလီနေ့ဆိုရင် ဘယ်ကိုမှ မသွားဘူးလို့ ဆုံးဖြတ်ပေမယ့် တကယ်တမ်းကျရင်တော့ သူငယ်ချင်းတွေနဲ့ တနေရာရာမှာ သွားဆော့ဖြစ် ကြတာပါပဲ” လို့ အန်နာမတ်စီးဆိုတဲ့ ဒေလီမြို့ခံက ပြောပြပါတယ်။
မျက်နှာကို ဆေးရောင်စုံမှုန့်တွေနဲ့ ခပ်ကြမ်းကြမ်းသုတ်ခံရလို့ အသက်ရှု မွန်းကြပ်မတတ် ခံစားရတာ၊ ကြက်ဥနဲ့ ပစ်ပေါက်ခံရတာ၊ ရေချိုးပြီးတာတောင် ဖျက်မရတဲ့ ဆေးရောင်တွေ စွန်းကျန်ခဲ့ပြီး ဆေးရောင် ကျန်တဲ့ နေရာတွေက စပ်ဖျဉ်းဖျဉ်းနဲ့ ပူလောင်နေတာတွေကြောင့် ဟိုလီပွဲတော်ကို ကျမ အနေနဲ့ သိပ်ဘ၀င် မကျမိပေမယ့် ယဉ်ယဉ်ကျေးကျေး ကစားကြမယ်ဆိုရင်တော့ အရောင်စုံတွေနဲ့ စိတ်လှုပ်ရှားစရာ၊ ပျော်စရာကောင်းတဲ့ ရိုးရာ ပွဲတော်တခုလို့ ဆိုရမှာပါ။
ပွဲတော်ရက်မှာ ဈေးအဆောက်အအုံ၊ တိုက်ခန်းတွေရှိရာ လမ်းတွေ တလျှောက်မှာတော့ ရောင်စုံတိမ်တိုက်ကြီး မိုးပေါ်က ကျလာသလို ရောင်စုံမှုန့်တွေနဲ့ အုံ့မှိုင်းနေပြီး လမ်းစင်္ကြန်တလျှောက်မှာလည်း ၀ါ၊ စိမ်း၊ နီ၊ ပြာ ရောင်စုံတွေ ပြန့်ကြဲ၊ လမ်းသွား လမ်းလာတွေလည်း နဂိုအသားအရေကနေ ရောင်စုံအသားအရေတွေ ပြောင်းကုန်ကြတာကြောင့် သူတို့ အိန္ဒိယ တိုင်းသားတွေကတော့ ဟိုလီပွဲတော်ကို ဆေးရောင်စုံတို့ သူပုန်ထတဲ့ပွဲလို့ နာမည် ပေးထားကြပါတယ်။
No comments:
Post a Comment