Monday, March 28, 2011

မြန်မာနှင့် ဆက်စပ်သည့် FIFA ဥက္ကဌ စစ်ဆေးခံရဖွယ်ရှိ

မင်းနိုင်သူ Monday, 28 March 2011

မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဌ မစ္စတာ ဆတ် ဘလတ္တာကို ဆွစ်ဇာလန်အစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားဖွယ် ရှိနေသည်။

မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်သည် ဆွစ်ဇာလန်အပါအ၀င် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့အရေးယူခံထားရ သူဖြစ်နေခြင်းကြောင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားရန် ဆွစ်ဇာလန်အစိုးရက စဉ်းစားနေခြင်းဖြစ်ကြောင်း ဆွစ်ဇာလန် မဂ္ဂဇင်း Woz တွင် ရေးသားထားသည်။

ဦးဇော်ဇော်သည် ဘောလုံးကွင်းတည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် မက်စ်မြန်မာကုမ္ပဏီပိုင်ရှင်ဖြစ်နေရာ FIFA ၏မြန်မာဘောလုံးအဖွဲ့သို့ ထောက်ပံ့ငွေများသည် မက်စ်ကုမ္ပဏီထံသို့ တဘက်လှည့် စီးဝင်သွားမည့် အလားအလာလည်း ရှိနေ သဖြင့် ယင်းကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန် ဆွစ်ဇာလန်အစိုးရက စိုင်းပြင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ဆွစ်ဇာလန်အစိုးရသည် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့အခြေစိုက် FIFA ၏ ရန်ပုံငွေသုံးစွဲမှုနှင့် စီးပွားရေးပိတ်ဆို့မှုများသည် ကမ္ဘာ့ဘော လုံးလောကသို့ပါ သက်ရောက်နိုင်ခြင်း ရှိမရှိ စုံစမ်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ဆွစ်ဇာလန်အစိုးရ၏ ကနဦးထုတ်ပြန်ချက်တွင် ဖီဖာနှင့်တွေ့ဆုံကာ ယင်းကိစ္စရပ်များကို မေးမြန်းစုံစမ်းရန်လိုအပ်နေပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။

အကယ်၍ FIFA ၏ ထောက်ပံ့ငွေများသည် မက်စ်မြန်မာ ကုမ္ပဏီထံ စီးဝင်နေမှုများ တွေ့ရှိရပါက FIFAမှ တာဝန်ရှိသူများသည်ထောင်ဒဏ် ၁ နှစ် သို့မဟုတ် အမေရိကန်ဒေါ်လာ ၅ သိန်း ၇ သောင်း ဒဏ်တပ်ခံရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးဇာဏီအောင်က“ FIFA ဥက္ကဌနဲ့ပတ်သက်တဲ့သတင်းတွေကို ကျနော်တို့ မဖတ်ရ သေးတော့ ၊ ဒါနဲ့ ပတ်သက်ပြီး တစုံတခု မပြောနိုင်သေးပါဘူး။ ဒီမှာကလည်း သတင်းဆိုက်တွေဖွင့်ဖို့ မလွယ်ပါဘူး။ FIFA ဥက္ကဌ လာစဉ်တုန်းက ကျနော်တို့ ဥက္ကဌ က နောက်ထပ် တောင်ကြီးမြို့မှာလည်း ဘောလုံးအကယ်ဒမီကျောင်း ထူထောင်ဖို့ FIFAက အကူအညီပေးပါလို့ တောင်းခံထားတယ်။ FIFAဥက္ကဌကလည်း သူရှိနေစဉ်မှာ အတတ်နိုင်ဆုံး အကူအညီပေးပါမယ်လို့ ပြောသွား ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

မစ္စတာ ဆတ် ဘလတ္တာ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အဖြစ် မတ်လ ၁၅ ရက်နေ့က သွားရောက်ခဲ့ပြီး မန္တလေးမြို့၌ FIFA ၏ အကူအညီဖြင့် တည်ဆောက်ထားသည့် ဘောလုံးအကယ်ဒမီ သင်တန်းကျောင်းဖွင့်လှစ် ပေးခဲ့သည်။

ထို့နောက် ဦးဇော်ဇော်၏ စီစဉ်ပေးမှုဖြင့် နေပြည်တော်သို့ သွားရောက်၍ အစိုးရသစ်တွင် သမ္မတ ဖြစ်လာမည့် လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန်ကိုလည်း တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံမှုသည် အရပ်သား အစိုးရသစ်ကို ပွဲထုတ်ရန် ကြိုးစားခြင်းဖြစ်သည်ဟု ရန်ကုန် သံတမန်အသိုင်းအ၀န်းတွင် ပြောဆိုနေ ကြောင်း မတ်လ ၁၄ ရက်ထုတ် ဘန်ကောက်ပို့စ် သတင်းစာက ရေးသားခဲ့သည်။

မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် စစ်အစိုးရနှင့် နီးစပ်သည်ဟု နာမည်ကျော်ကြားပြီး အထူးသဖြင့် အသစ်ဖြစ်ပေါ်လာမည့် အစိုးရအဖွဲ့တွင် ဒု သမ္မတဖြစ်လာမည့် လက်ရှိအတွင်းရေးမှူး ၁ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် အလွန်ရင်းနှီးသူစီးပွားရေး လုပ်ငန်းရှင်ကြီး တဦးဖြစ်သည်။

ထို့အပြင် ဦးဇော်ဇော်သည် လာမည့် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတွင် ပြုလုပ်မည်ဆိုသော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(SEA GAME)အတွက် ရည်ရွယ်ပြီး နေပြည်တော်၌ တည်ဆောက်နေသည့် ဘောလုံးကွင်း၂ ကွင်း နှင့် အားကစားရွာ တည်ဆောက်ခွင့် ကိုပါ ရထားသူဖြစ်ပြီး အရှေ့တောင်အာရှတွင် အကြီးဆုံး စီးပွားရေး ဇုန်ဖြစ်လာမည်ဟု ပြောဆိုနေသည့် ထားဝယ် ရေနက် ဆိပ် ကမ်း တည်ဆောက်ခွင့် အပါအ၀င် အစိုးရနှင့် ပတ်သက်သည့် စီးပွားရေး လုပ်ငန်းတချို့ကို လုပ်ကိုင်ခွင့်ရထားသူဖြစ်သည်။

“FIFAဆီက ရထားတဲ့ငွေတွေနဲ့ ဘောလုံးကွင်းတည်ဆောက်ရေးတွေကိုတော့ မက်စ်မြန်မာကုမ္ပဏီကပဲ ရယူထားတာ အမှန်ပါပဲ။ ဆတ်ဘလတ္တာလည်း ဥက္ကဌသက်တမ်းကုန်ခါနီးပါပြီ။ FIFAဥက္ကဌ နေရာအတွက် အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ကာတာနိုင်ငံသား မိုဟာမက်ဘင်ဟမ်မန်က ယှဉ်ပြိုင်ဖို့ရှိနေတယ်။ ဘင်ဟမ်မန်အတွက်ကတော့ ဒီပြဿနာဟာ လက်နက်ကောင်းတခု ဖြစ်သွားနိုင်ပါတယ်”ဟု အားကစား ဆောင်းပါးရှင်တဦးက သုံးသပ်ပြောဆိုသည်။

FIFAဥက္ကဌရာထူး ရွေးပွဲကို ယခုနှစ် ဇွန်လတွင် ကျင်းပသွားမည်ဖြစ်သည်။ မစ္စတာ ဘလတ္တာသည် ယခုအခါ အသက် ၇၅ နှစ် ရှိပြီး FIFAဥက္ကဌအဖြစ် ၁၉၉၈ ခုနှစ်ကတည်းက တာဝန်ယူခဲ့သူဖြစ်သည်။

FIFAဥက္ကဌ ရာထူးယှဉ်ပြိုင်မည့်သူ စာရင်းကို ဧပြီ ၁ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ရာ ယခုအချိန်ထိ အာရှဘောလုံး အဖွဲ့ချုပ် ဥက္ကဌ မိုဟာမက် ဘင်ဟမ်မန် နှင့် လက်ရှိ ဥက္ကဌ မစ္စတာ ဆတ် ဘလတ္တာတို့ နှစ်ဦးသာ စာရင်း ပေးသွင်းထားသေး
ကြောင်း သိရသည်။

No comments: