Saturday, March 26, 2011

ဦးထွန်းလွင်၏ မိုးလေဝသ ဝဘ်ဆိုဒ် အတိုက်ခံရ

ကျော်ခ

မြန်မာနိုင်ငံ၌ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သတင်းများကို အချိန်မီ တင်ပြပေးနေသည့် မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်၏ Myanmar Climate Change Watch (MCCW) အင်တာနက်စာမျက်နှာကို ဟက်ကာများက ဖောက်ထွင်းမှု ပြုသွားသည်။

MCCW ဆိုဒ်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်သည့် Blink Hacker Group (BHG) ကလျှို့ဝှက်စကားလုံးများအား စာသားသီးသန့်ဖြင့် မှတ်သားထားသောကြောင့် အသုံးပြုသူများ၏ လုံခြုံမှုကို ထိခိုက်သည်ဟုဆိုကာ MCCW ဝဘ်ဆိုဒ်တွင်းသို့ ယခုလ ၁၁ ရက်နေ့တွင် စတင်ဝင်ရောက်ခဲ့ပြီး ကြာသပတေးနေ့တွင် သတိပေးစာကို စာမျက်နှာပေါ်သို့ တင်ပို့ခြင်း ဖြစ်သည်။

“ဤဝဘ်ဆိုဒ်ရှိ Admin Panel တွင် User Password များအား Plain Text ဖြင့် သိမ်းဆည်းထားကြောင်း တွေ့ရှိရသည်။ ထိုကဲ့သို့ ပြုလုပ်ထားခြင်းသည် User Privacy ကို ချိုးဖောက်ရာ ရောက်သည့်အပြင် User Mail များ၏ လုံခြုံမှုကိုပါ ထိပါးစေသဖြင့် အမြန်ဆုံး ပြုပြင်ပြောင်းလဲပါရန် Blink Hacker Group မှ လေးနက်စွာ သတိပေးလိုက်သည်။ အကယ်၍ ဤစနစ်ကို ပြောင်းလဲမှုမရှိပါက BHG အနေဖြင့် ဤဝဘ်ဆိုဒ်ကို ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း အသိပေးလိုက်သည်” ဟု MCCW ဝဘ်ဆိုဒ်အတွင်း လာရောက် ရေးသားသွားသည်။

ဦးထွန်းလွင်ကလည်း သောကြာမနက် ၆ နာရီခွဲတွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်၌ လှုပ်ခတ်မှု ပြင်းအား ၇ အဆင့်ရှိ ငလျင်တခု ကြာသပတေးနေ့ မြန်မာစံတော်ချိန် ည ၈း၂၅ မိနစ်တွင် လှုပ်ခတ်သွားကြောင်း သတင်းတပုဒ်အား တင်ခဲ့သေးသည်။

တိုက်ခိုက်ခံရမှုအတွက် အမြန်ဆုံး ပြုပြင်သွားမည်ဟု ဦးထွန်းလွင်၏ အင်တာနက်ဝဘ်ဆိုဒ် လုံခြုံရေးကို တာဝန်ယူထားသည့် Pioneer Web line ကုမ္ပဏီ၏ မန်းနေးဂျင်း ဒါရိုတ်တာ ဦးမိုးဟိန်းက ပြောဆိုသည်။

“ဒီကောင်တွေ ဖောက်ဝင်လာတာ ဟုတ်တယ်။ အဲဒီအတွက် လူထုကို သတင်းမှားတွေ ရေးပြီး တင်မှာစိုးလို့ အဲဒါကို အခု ကျနော်တို့ ပြန်ကာဖို့ လုပ်နေပါတယ်။ ” ဟု ဦးမိုးဟိန်းက မဇ္ဈိမကို ပြောသည်။

ဝက်ဆိုက်တွင် နည်းပညာအရ ကာကွယ်မှု အားနည်းခဲ့သည်ဟု သူက ဝန်ခံသည်။ သို့သော် ဝဘ်ဆိုဒ်အတွင်းသို့ Hacker တိုက်ခိုက်ခံရသည့် စနစ်နှင့် ပြန်လည်ကာကွယ်နေသော စနစ်ကို ပြောဆိုခြင်း မပြုပေ။

“အခုဆိုက်ကိုဖောက်တဲ့ အဖွဲ့က မြန်မာနိုင်ငံသားတွေပါ။ အန်ကယ်ဦးထွန်းလွင်က နာမည်ကြီးတဲ့ လူဖြစ်တဲ့အတွက် Hacker တော်တော်များများက စိတ်ဝင်တစားနဲ့ ဖောက်ကြတယ်။ ဒီဆိုဒ်ကို ဖောက်ပြီး တခုခုတင်လိုက်ရရင် သူတို့ကို လူအများက စိတ်ဝင်စားကြတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ အခုလည်း အဲလိုပါပဲ” ဟု ဦးမိုးဟိန်းက ပြောသည်။

မြန်မာနိုင်ငံတွင်လည်း စိုက်ဆင်းလေပြင်းများ ကျရောက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေငလျင်များ လှုပ်ခတ်ခြင်း၊ မိုးသီးများ ကြွေခြင်း စသည့် ဖြစ်စဉ်များကို MCCW က ကြိုတင်သတိပေး တင်ပြနေသဖြင့် ဦးထွန်းလွင်၏ ဝဘ်ဆိုဒ်ကို သတင်းဌာနများနှင့် ရာသီဥတု အခြေအနေကို စိတ်ဝင်စားသူများက စောင့်ကြည့် ဖတ်ရှုကြသည်။

ရန်ကုန်အခြေစိုက် သတင်းဌာန အယ်ဒီတာတဦးက “Hacker တွေက လက်ဆော့ကြတယ်။ အခုလို လူအများစုအတွက် အရေးပါတဲ့ ဦးထွန်းလွင်လို ဆိုဒ်မျိုးကို ဝင်တာတော့ မလုပ်သင့်တဲ့ ကိစ္စပါ။ အစိုးရတောင် သူလို့ သေသေချာချာ မေတ္တာထားပြီး အရေးတယူ ထုတ်ပြန်ပေးတာ မရှိဘူး” ဟု မဇ္ဈိမကို ပြောသည်။

ဒေါက်တာထွန်းလွင်သည် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယခင်ညွှန်ကြားရေးမှူးချုပ် Former Director-General ဖြစ်ခဲ့ပြီး ၂ဝဝ၉ ခုနှစ်တွင် အနားယူခဲ့သည်။

BHG Hacker များ တိုက်ခိုက်မှုကို ခံခဲ့ရသည့် ဝဘ်ဆိုဒ်များထဲတွင် ဦးထွန်းလွင်ဆိုဒ် အပါအဝင် အခြား လူကြိုက်များသည့် ဖျော်ဖြေရေးနှင့် အရောင်းအဝယ် ဝက်ဆိုက်အချို့လည်း ပါဝင်သည်။

No comments: