Monday, March 28, 2011

စစ်တွေ လေဆိပ်ရှိ စားသောက်ဆိုင်များ လုံခြုံရေးအရ ရွှေ့ပြောင်းရမည်

မောင်အေး

ရခိုင်ပြည်နယ် စစ်တွေ လေဆိပ်ရှိ စားသောက်ဆိုင်များအားလုံးကို လုံခြုံရေးအရ တခြားနေရာသို့ ရွှေ့ပြောင်းရန် လေကြောင်း ဦးစီးဌာနမှ ညွန်ကြားထားကြောင်း သတင်း ရရှိသည်။

အမည် မဖေါ်လိုသူ ဆိုင်ပိုင်ရှင် တစ်ဦးက “ စစ်တွေလေဆိပ် တာဝန်ခံ မိုးသူရတင်က မတ်လ ၁၈ ရက်နေ့က စားသောက်ဆိုင်တွေကို ပေးပို့တဲ့ စာထဲမှာ ခုလိုဘဲ “ လုံခြုံရေးအရ” စားသောက်ဆိုင်တွေကို စစ်တွေလေဆိပ်ပိုင် ပင်မ အဆောက်အဦး အနီးရှိ လေကြောင်း ဦးစီးပိုင် မြေနေရာမှာ ဆောက်လုပ် ရောင်းချခွင့် မပြုတော့ဘူး။ တခြားနေရာကို ရွှေ့ပြောင်းရမယ်ဆိုပြီး ပါလာပါတယ်။ လုံခြုံရေး အရဆိုတော့ ဘာကြောင့်ဆိုတာတော့ မသိရသေးပါဘူး” ဟု ပြောသည်။

ယခု စစ်တွေ လေဆိပ် ပင်မ အဆောက်အဦးအနီးရှိ စားသောက်ဆိုင်များမှာ ယာယီ ဆောက်လုပ်ထားသော စားသောက်ဆိုင်များ ဖြစ်ပြီး ယခုအခါ အဆိုပါ ဆိုင်များကို လုံခြုံရေး အရ တခြားနေရာတစ်ခုခုသို့ ရွှေ့ပြောင်းရန် အာဏာပိုင်များမှ စီစဉ်နေခြင်း ဖြစ်သည်။

“ လေဆိပ် အာဏာပိုင်တွေက မတ်လ ၁၇ ရက်နေ့က စားသောက်ဆိုင် ပိုင်ရှင်တွေကို အစည်းအဝေး ခေါ်ပါတယ်။ ဒီအကြောင်းကို ပြောပါတယ်။ နောက်တစ်နေ့မှာ စာထွက်လာတာ ဖြစ်ပါတယ်။ ဆိုင်ပိုင်ရှင်တွေကတော့ မပြောင်းချင်ကြပါဘူး။ တန်ရာတန်ကြေး ပေးပြီးဌားထားတာဆိုတော့ စီးပွားလည်းပျက် ပေးထားတဲ့ ငွေလည်း ဆုံးမှာကို စိုးရိမ်နေကြပါတယ်” ဟု ပြောသည်။

အဆိုပါ စာ၏ ညွန်ကြားချက် အမှတ်မှာ ၀၀၁ မျဉ်းစောင်း ၂၀၁၁ ဖြစ်ပြီး စာထဲတွင် လေဆိပ် အာဏာပိုင်များ၏ ညွန်ကြားချက်ကို မလိုက်နာပါက တည်ဆဲ ဥပဒေများအရ အရေးယူသွားမည် ဖြစ်ကြောင်း ရေးသားဖေါ်ပြ ထားသည်ဟု သိရသည်။

ပြောင်းရွှေ့ခံရမည့် စားသောက်ဆိုင်ခန်းများကို သက်ဆိုင်ရာမှ လေဆိပ်ပြင်ပတွင် နေရာချထားပေးရန် စီစဉ်နေပြီး များမကြာမှီ ပြောင်းရွှေ့တော့မည် ဖြစ်ကြောင်း သိရသည်။ စစ်တွေ လေဆိပ် လုံခြုံရေးကို တင်းကျပ်လာသည့် အပေါ် အသေးစိတ် အာဏာပိုင်များက ထုတ်ဖေါ် ပြောဆိုခြင်း မရှိကြောင်း သိရသည်။

No comments: