Monday, March 28, 2011

CDMA 800 ဖုန်း ငွေဖြည့်သွင်းကတ် သက်တမ်း ၁၀ နှစ်မှ ၆ လသို့ လျှော့

နရီလင်းလက် Monday, 28 March 2011

၅ သိန်းတန် CDMA 800 MHz ဖုန်းများ၏ ငွေဖြည့်သွင်းကတ်များ သက်တမ်းအား ၁၀ နှစ် မှ ၆ လ သက်တမ်းသို့ လျှော့ချမည်ဟု သိရသည်။

၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းက ချပေးခဲ့သော အဆိုပါဖုန်းများကို ယင်းသို့ ပြောင်းလဲ လျှော့ချသွားမည်ဖြစ်ကြောင်း မတ်လ ၂၅ ရက်နေ့ MRTV 4 ရုပ်သံတွင် ကြေညာသွားသည်။

ယခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ CDMA 800 ဖုန်းများ၏ ကုတ်နံပါတ်ကို ၀၁ မှ ၀၉ သို့ ပြောင်းလဲပြီးနောက်တွင် Mobile System စနစ်သို့ ကူးပြောင်းသွားပြီဖြစ်၍ ၅ သိန်းဖုန်းများ၏ ငွေဖြည့်ကတ် သက်တမ်းမှာ GSM ငွေဖြည့်ကတ်များ၏ သက်တမ်းနှင့် တူညီသွားမည်ဟု နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနမှ ဆက်သွယ်ရေးဝန်ထမ်းတဦးက ဧရာဝတီသို့ အတည်ပြုပြောကြားသည်။

၎င်းက “နဂိုကတည်းက သက်တမ်းလျှော့ချင်တာမျိုး ရှိနေတော့ အရင်ဆုံး မိုဘိုင်းစနစ်နဲ့ ကုတ်နံပါတ်ကို ပြောင်းလိုက်တယ်။ ခဏ ခဏ Update ဖြစ်စေချင်တော့ အခုလို ၆ လ တခါ ပြောင်းလိုက်တာလဲ ပါတယ်” ဟု ပြောသည်။

“စီးပွားရေး အနေနဲ့ ကြည့်ရင်လည်း ဥပမာ- ကိုယ်က ၅ သောင်းတန် ကတ်ဝယ်ပြီး ထည့်ထားမယ်ဆိုရင် ၆ လ သက်တမ်းပဲ ရှိတော့ ကိုယ်ပြောစရာမရှိရင်တောင် သက်တမ်းမကုန်ခင် ၆ လ အတွင်းမှာ ၅ သောင်းဖိုး ကုန်အောင် ဆက်ရမယ့်သဘော ဖြစ်သွားတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

၆ လ ကျော်လွန်သွားပါက ငွေဖြည့်ကတ် ပြန်လည်ထည့်သွင်းသည့်ဆိုင်က သုံးစွဲသူ၏အမည်နှင့် လက်ရှိ သုံးစွဲနေသည့် ဖုန်းနံပတ်ကို ပြန်လည်မေးမြန်းထားမည်ဖြစ်ပြီး အဆိုပါ အချက်အလက်များအား ဆက်သွယ်ရေး ၀န်ကြီးဌာနမှ မှတ်တမ်းအနေနှင့် သိမ်းဆည်းသွားမည်ဟု ပန်းဆိုးတန်းမြို့နယ်မှ ဆက်သွယ်ရေးဝန်ထမ်းတဦးက ပြောသည်။

“ငွေဖြည့်ကတ်နဲ့အတူ လက်ရှိ ဘယ်သူသုံးနေလဲဆိုတာ Update လုပ်တာပေါ့။ CDMA 850 MHz ဖုန်း ပိုင်တဲ့သူတွေကို အာဏာပိုင်တွေကနေ ငှားရမ်းသုံးစွဲခွင့်အနေနဲ့ ထုတ်ပေးထားတာ စာရွက်ပဲရှိတယ်။ အဲဒီအတွက် ဖုန်းတလုံးချင်းစီကို စာအုပ် တအုပ်စီ ထုတ်ပေးသွားဖို့လည်း ရှိတယ်။ GSM တယ်လီဖုန်းနဲ့ လိုင်းဖုန်းတွေကို စာအုပ်ထုတ်ပေးသလိုပေါ့” ဟု အဆိုပါဝန်ထမ်းက ရှင်းပြသည်။

၅ သိန်းတန် CDMA 800 MHz ဖုန်းများသည် ကုတ်နံပါတ် ၀၁ မှ ၀၉ သို့ ပြောင်းလဲပြီးနောက်တွင် တမိနစ် ကျပ် ၅၀ သို့ ပြောင်းလဲလိုက်ပြီး တခါသုံး ငွေဖြည့်ကတ်များ၏ တန်ဖိုးမှာ ကျပ် ၁ သောင်း၊ ၂ သောင်းနှင့် ၅ သောင်း တန်ကတ်များ၊ ပြည်ပ ခေါ်ဆိုရန် FEC ၂၀ နှင့် ၅၀ တန်ကတ်များအဖြစ် အမျိုးအစား အမျိုးမျိုးရှိသည်။

ယင်းကဲ့သို့ သက်တမ်း ၆ လ လျှော့ချလိုက်ခြင်းသည် ကုမ္ပဏီနှင့် လုပ်ငန်းဆိုင်ရာများကဲ့သို့သော အသုံးပြု ခေါ်ဆိုမှု အရေအတွက် များသူများအနေဖြင့် အဆင်ပြေနိုင်သော်လည်း တဦးချင်းစီ အသုံးပြုသူများအတွက်မူ အဆင်မပြေနိုင်ကြောင်း သိရသည်။

CDMA 800 MHz ဖုန်းသုံးစွဲသူ တဦးက “သူတို့ သတ်မှတ်ပေးထားတဲ့ ရက်အတွင်းမှာ ပိုက်ဆံကုန်အောင် ဆက်ခိုင်းတာကတော့ ဘယ်နိုင်ငံမှာမှ မရှိဘူး။ ကိုယ်လိုအပ်ရင် ဆက်မယ်၊ မလိုအပ်ရင် မဆက်ဘဲနေမယ်။ ထည့်ထားတဲ့ ပိုက်ဆံ ဆုံးမှာစိုးလို့ ကုန်အောင်ဆက်ရတာမျိုးက မြန်မာပြည်တခုပဲ ရှိမယ်ထင်တယ်။ ဖုန်းစနစ်နဲ့ ပတ်သက်ပြီး အမျိုးမျိုး မကြားဖူးတာတွေပဲ ကြားနေရတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ဖုန်းလိုင်းအရေအတွက် ၂ သန်းကျော် ရှိနေပြီး ကျပ် ၅ သိန်းတန် CDMA 800 MHz ဖုန်း လိုင်း ၂၅၀၀၀၀၊ GSM ဖုန်းလိုင်း ၄၈၅၁၀၀ အပါအ၀င် မိုဘိုင်းဖုန်း အရေအတွက် ၁၄၃၅၂၅၀ ရှိကြောင်း စစ်အစိုးရက ထုတ်ပြန်ထားသည်။

စစ်အစိုးရနှင့် နီးစပ်သည့် အေးရှားဝေါလ်ကုမ္ပဏီနှင့် ထူးကုမ္ပဏီ အုပ်စုတို့မှ CDMA 450 MHz, CDMA 800 MHz နှင့် မိုဘိုင်း ဖုန်းထုတ်လုပ်မှု လုပ်ငန်းများ၊ SimCard, UID Card (အင်တာနက်သုံးစွဲနိုင်ရန် ထည့်သွင်းရသည့် ကတ်)၊ Prepaid ကတ်များကို ထုတ်လုပ်ရောင်းချခွင့် ရရှိနေသည်။

No comments: