Thursday, March 24, 2011

“အမှောင်လှိုင်းထဲက သူရဲကောင်းတို့ တိုင်းပြည်” ထုတ်ဝေ

ဧရာဝတီ

မြန်မာနိုင်ငံ အကျဉ်းထောင်များရှိ နိုင်ငံရေး အကျဉ်းသားများ၏ ဘ၀များနှင့် မိသားစုဝင်များ၏ ဘ၀များကို ရေးသားထားသည့် စာရေးဆရာမ နှင်းပန်းအိမ်၏ "အမှောင်လှိုင်းထဲက သူရဲကောင်းတို့ တိုင်းပြည်"စာအုပ်ကို ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ယနေ့ စတင်ဖြန့်ချိလိုက်သည်။

၎င်းစာအုပ်ကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တည်ထောင်ခြင်း ၁၁ နှစ်ပြည့် အထိမ်း အမှတ်အဖြစ် ထုတ်ဝေဖြန့်ချိခြင်းဖြစ်သည်ဟု AAPP တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။

၎င်းက"နိုင်ငံရေး အကျဉ်းသားတွေကို အာဏာပိုင် အဆင့်ဆင့်က ညှဉ်းပန်းနှိပ်စက်တာတွေနဲ့ အကျဉ်းထောင် အခြေအ နေ တွေကို၊ မြန်မာလူထုနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကိုတင်ပြတာတွေ နိုင်ငံတကာက ဒီစစ်အုပ်စုအပေါ် ဖိအားပေးတာတွေပြုလုပ်ဖို့ တိုက်တွန်းတာတွေ အပြင်၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိုလည်း အစဉ်တစိုက် ကူညီလုပ်ဆောင်မှု တွေဆောင် ရွက်နေပါတယ်၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စစ်ကြောရေးကာလအတွေ့အကြံနဲ့ အကျဉ်းထောင်တွင်း ဆိုးဝါးလှတဲ့ အတွေ့အကြုံတွေကိုလည်း အခါအခွင့်သင့်သလိုထုတ်ပြန်ခဲ့တာတွေရှိတယ်"ဟု ပြောသည်။

AAPP ၏ ၁၁ နှစ်တာကာလအတွင်း ရှင်သန်ခြင်း၏ စိတ်ခွန်အား ဆောင်းပါးပေါင်းချုပ်၊ လူငယ်တဦးရဲ့ မှတ်တမ်းမဲ့မှတ်တမ်း၊ အကျဉ်းထောင်တွင်း ၁၀ နှစ်တာ၊ ဒေါက်ဖြုတ်သံ၊ မြန်မာနိုင်ငံ အကျဉ်းထောင်တွင်းက အမျိုးသမီး အကျဉ်းသားများ၊ ဘာလဲဟဲ့ လူ့ငရဲ အပါအ၀င် အကျဉ်းထောင်တွင်း ကိုယ်တွေ့မှတ်တမ်း စာအုပ်များကို ထုတ်ဝေခဲ့ပြီး ဆရာမ နှင်းပန်းအိမ် ၏ စာအုပ်ကိုလည်း နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ယနေ့တွင် ထုတ်ဝေခြင်းဖြစ်သည်ဟု ဦးဘိုကြည်က ဆိုသည်။

စာရေးဆရာမ နှင်းပန်းအိမ် က"ပြည်တွင်းမှာ အကျဉ်းကျခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ နောက်ပြီး သူတို့ကို ပံ့ပိုးပေးတဲ့ အကျဉ်းကျ မိသားစုတွေရဲ့သတ္တိခွန်အား ယုံကြည်ချက်၊ ဒီဟာတွေကို ကျမဖော်ထုတ်ချင်တယ်၊ ပြည်တွင်းမှာဒါတွေရေး သား ပြောဆိုခွင့် မရဘူး၊ ဒါကြောင့် ပြည်ပကိုရောက်လာချိန်မှာ ရေးတာပါ၊ ရေးရတာက ကျမတို့နိုင်ငံမှာ စစ်အာဏာရှင် စနစ်ကြောင့် အဖိနှိပ်ခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ မိသားစုဝင်တွေ ဘယ်လောက်ဒုက္ခရောက်နေသလည်း ဆိုတာ ကမ္ဘာကို သိစေချင်တယ်၊ ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ တော်တော့ကို ပင်ပန်း ဆင်းရဲကြတယ်၊ သူတို့ဟာ အံ့သြ လောက်အောင်ကို သတ္တိရှိကြတယ်၊ မထင်မရှားနဲ့လည်း တိုက်ပွဲဝင်ကြတယ်၊ ဒါကြောင့် ဒီစာကိုရေးဖြစ်တာပါ"ဟု ဧရာဝတီ သို့ ပြောသည်။

၂၀၀၈ နိုဝင်ဘာလတွင် လွတ်မြောက်နယ်မြေသို့ မိသားစုနှင့်အတူ ရောက်လာသည့် ဆရာ မနှင်းပန်းအိမ်သည် မြန်မာနိုင်ငံ မှမထွက်ခွာလာမီကာလအထိ ခင်ပွန်းသည်ဖြစ်သူ အပါအ၀င် အခြားနိုင်ငံရေး အကျဉ်းသားများကို အခက်အခဲများကြားမှ ၁၀ နှစ်နီးပါး ရပ်ဝေးရပ်နီးရှိ အကျဉ်းထောင်းများသို့သွားရောက်ကာ ထောင်ဝင်စာတွေ့မှုများ ပြုလုပ်ခဲ့သူလည်း ဖြစ်သည်။

ယနေ့ထုတ်ဝေသည့် "အမှောင်လှိုင်းထဲက သူရဲကောင်းတို့ တိုင်းပြည်" စာအုပ်သည် လွပ်လပ်သော အာရှအသံ ရေဒီယို မြန်မာပိုင်း အစီအစဉ်တွင် အပတ်စဉ်ထုတ်လွှင့်ခဲ့သည့် အခန်းဆက် အသံလွှင့်ဆောင်းပါးများကို စုစည်းထားခြင်းဖြစ်သည်။

စာအုပ်မထုတ်ဝေမီက အဆိုပါအသံလွှင့်ဆောင်းပါးများကို စီဒီများဖြင့် သြစတေးလျ နိုင်ငံတွင်ဖြန့်ချိခဲ့ရာတွင် အလှူငွေ ကျပ် သိန်း ၅၀ ကျော်ရရှိခဲ့ပြီး ၎င်းငွေများကို ပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုဝင်များထံပေးပို့နိုင်ခဲ့သည်ဟု ဆရာမနှင်းပန်းအိမ်က ပြောသည်။

ယနေ့တွင်ကျရောက်သည့် AAPP ထူထောင်ခြင်း ၁၁ နှစ်ပြည့် အထိမ်းအမှတ် ဆရာမနှင်းပန်းအိမ်၏ စာအုပ် ထုတ်ဝေဖြန့်ချိ ပွဲနှင့် ယနေ့တွင်ပင် ကျရောက်သည့် ငြိမ်းချမ်းရေး ဖခင်ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၏ မွေးနေ့ပွဲကိုပါ ပူးတွဲကျင်းပခဲ့ကြ သည်။

ဆောင်းပါးပေါင်း ၄၀ ကျော်နှင့်အတူ စာမျက်နှာ ၂၅၇ မျက်နှာပါရှိသည့် အမှောင်လှိုင်းထဲ ကသူရဲကောင်းတို့တိုင်းပြည် စာအုပ်ကို အုပ်ရေ ၁၀၀၀ ထုတ်ဝေပြီး ထိုင်းနိုင်ငံအတွင်း တအုပ်လျှင်ဘတ် ၁၅၀ ဖြင့် ရောင်းချကာ ရရှိသည့်ငွေများအား ပြည်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများနှင့် မိသားစုဝင်များကို ပေးပို့သွားမည်ဟု ဦးဘိုကြည်ကပြောဆိုသည်။

ပြည်တွင်းပြည်ပမှ စာအုပ်အလိုရှိသူများ P.0 Box-93 Maesot-Tak စာပို့သင်္ကေတ ၆၃၁၁၀ – ထိုင်းနိုင်ငံ နှင့် Emailး info@aappb.0rgThis e-mail address is being protected from spambots. You need JavaScript enabled to view it မှ တဆင့် ဆက်သွယ်နိုင်သည်ဟု အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

No comments: