Monday, March 28, 2011

အခါမဲ့ မိုးကြောင့် ဆားကွင်းများ ပျက်စီး

ခိုင်သွယ် Monday, 28 March 2011

ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တွင် မတ်လအတွင်း အချိန်အခါမဟုတ် ရွာသောမိုးကြောင့် ဆားကွင်းများ ပျက်စီး၍ ဆားထုတ်လုပ်မှုများ လျော့ကျသွားခဲ့ကြောင်း ဆားလုပ်ငန်းရှင်များက ပြောသည်။

ဧရာဝတီတိုင်းအတွင်း၌ မတ်လ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ မိုးရက်ဆက်ရွာသွန်းမှုကြောင့် နေလှန်းဆားကွင်းတချို့မှာ ပျက် စီး သွားပြီး ဆား ထုတ်လုပ်မှု ရပ်ဆိုင်းသွားခဲ့ကာ မတ်လ၂၀ ရက်နေ့တွင် လုပ်ငန်းပြန်လည်စတင်ခဲ့သော်လည်း ဆားသိမ်းနိုင်မည့် ရက် နည်းပါးသွားသည့်အပြင် မိုးထပ်မိပါက ဆားများ ထပ်မံဆုံးရှုံးနိုင်သောကြောင့် လည်းကောင်း၊ ဆားလုပ်ငန်းရှင်တချို့မှာ ဆား လုပ်ငန်း ပြန်လည်စတင်ရန်ငွေကြေးအခက်အခဲရှိနေသောကြောင့်လည်းကောင်း လုပ်ငန်းရပ်ဆိုင်းထားလိုက်ရ၍ ဆားထုတ်လုပ်မှု လျော့ကျသွားရခြင်းဖြစ်ကြောင်း ဧရာဝတီ တိုင်း ဆားလုပ်ငန်းရှင်များ က ဆိုသည်။

“ကွင်းက ဆားတွေက ထွက်ခါနီးမှာ မိုးမိသွားလို့ အခုမှ ပြန်လုပ်နေရတယ်၊ ဒီနေ့ စလုပ်မှ ၁၅ ရက် ရက် ၂၀ လောက် ကြာမှ ဆားပြန်ရတော့မယ်၊ ဒါတောင်မှ ဒီရက်တွေအတွင်း မိုးထပ်မမိမှ ဆားရတော့မှာ၊ မိုးမိရင်တော့ ထပ်ရှုံးကြဦးမှာပဲ။ ဆားဈေးကောင်း တာ သိပေမယ့် မိုးကလည်း မသေချာတော့ တ၀က်လောက်က ဆားမထုတ်တော့ဘူးဆိုပြီး စိတ်လျှော့ ကုန်တယ်၊ ကျနော်တို့လိုစွန့် ပြီး လုပ်တဲ့သူတွေတောင်မှ မျက်ခုံးလှုပ်တယ်၊ မိုးကလည်း အစိုးမရဘူး”ဟု ဧရာဝတီတိုင်း လပွတ္တာခရိုင် ဟိုင်းကြီးကျွန်းမြို့နယ်မှ ဆား လုပ်ငန်းရှင်တဦးက ပြောသည်။

ဧရာဝတီတိုင်းရှိ ဆားကွင်းများတွင် မိုးရေများ ၁ ပေနီးပါး အထိ ကျန်နေသောကြောင့် ရေဖောက်ထုတ်ခြင်း၊ ကွင်းဆေးခြင်းများလုပ် နေရကြောင်း၊ ထို့အပြင် ဆားထုတ်ရက်မှာ ရာသီကုန်သည်အထိ စုစုပေါင်းရက်၂၀ ၀န်းကျင် အထိသာ ကျန်ရှိပြီး ထိုရက်အတွင်း မိုးရွာပါက ဆားကွင်းများ ပျက်စီးမည်ဖြစ်ကာ ယခုနှစ် ဆားရာသီအတွင်း ဆားထုတ်လုပ်နိုင်တော့မည်မဟုတ်ကြောင်း၊ လက်ရှိ အ ခြေ အနေအရလည်း ဆားကွင်းတချို့ကို ပြန်လည် ပြင်ဆင်လုပ်ကိုင်နိုင်သူ နည်းပါးလှကြောင်း ဆားလုပ်ငန်းရှင်များထံမှ သိရှိရ သည်။

“ဒီနှစ်အတွက် ဆားရာသီက မေလဆန်းဆိုရင် ကုန်ပြီ၊ ကျနော်တို့ ဧရာဝတီသားတွေ ဆားထုတ်နိုင်မဲ့ရက်က စုစုပေါင်း ရက်၂၀ လောက်ပဲကျန်တယ်၊ အဲဒီရက်မှာ နေကလုံးဝပူနေမှ ဆက်တိုက်ပူမှ ဆားကြုံးနိုင်မှာ မိုးထပ်ရွာရင်ပျက်ကုန်မှာပဲ၊ ငွေ ဆယ့်လေးငါးသိန်းလည်း ထပ်ရင်းဖို့မရှိတော့ဘူး၊ ကြွေးဟောင်းမကျေဘဲ ကြွေးသစ်တွေပဲတင်နေတော့ မတတ်နိုင်တော့ဘူး”ဟု လပွတ္တာခရိုင် သင်္ကန်းကုန်း ကျေးရွာသားတဦးက ပြောသည်။

အဆိုပါ ဆားကွင်းများမှာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့်ဆားကွင်းများဖြစ်ပြီး ချေးငွေများဖြင့် ပြန် လည် ပတ်နေရာမှ မိုးကြောင့် ထပ်မံပျက်စီးသွားသည့်အတွက် ဆားလုပ်ငန်းရှင်များ ငွေထပ်ချေးရခြင်းဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်း လပွတ္တာခရိုင်အတွင်း ဆားကွင်းဧက ၁ သောင်း ၀န်းကျင်အထိရှိပြီး ယခုပြန်လည်စတင်လျက်ရှိသော ဆားကွင်းများမှာ စုစုပေါင်း ဧက ၄၀၀၀ ၀န်းကျင်သာ ရှိကြောင်း ဒေသတွင်း ဆားဖိုများက ပြောဆိုသည်။

ပြည်တွင်းဆားဈေးကွက်တွင်လည်း တရုတ် ဆားကုန်သည်များက ဂျပန်ပြည်သို့ တင်ပို့ရောင်းချနေကြသောကြောင့် မြန်မာပြည်မှ ဆားများအား အလုံးအရင်းဖြင့် ၀ယ်ယူလျက်ရှိပြီး ပြည်တွင်း ဆားဈေးနှုန်းများလည်း မြင့်တက်လျက်ရှိကာ ဆား တပိဿာ ကျပ် ၂၀၀ ဈေးမှ ယခုအခါ ကျပ် ၃၀၀၀ အထိ ပေါက်ဈေးရှိနေကြောင်း သိရှိရသည်။


“ဒီပုံအတိုင်းဆိုရင် ဒီနှစ် ဧရာဝတီတိုင်းက ဆားထွက်နှုန်းကျမယ်၊ မွန်ပြည်နယ်ကလည်း ဆားကွင်းတွေထိတော့ကျမှာပဲ၊ ရခိုင်ပြည် နယ်ဘက်ကလည်း မနှစ်ကထက်တော့ကျမယ့် အနေအထားရှိတယ်၊ ပြည်တွင်းဖူလုံရုံရှိပေမယ့် တရုတ်ကုန်သည်တွေ ထပ်ဝယ်နေ ဦးမယ် ဆိုရင်တော့ ဆားဈေး ခေါင်ခိုက်တဲ့နှစ် ဖြစ်တော့မှာပဲ”ဟု ဘုရင့်နောင်မှ ဆားကုန်သည်တဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ အလယ်ကလည်း တရုတ်ကုန်သည်များ၏ ၀ယ်ယူမှုကြောင့် အိမ်သုံးဆားနှင့် အိုင်အိုဒင်းဆား ဆယ်ဆကျော် တက်သွားခဲ့သေးသည်။

ပြည်တွင်းတွင် ဆားဈေးမြင့်တက်မှုကြောင့် ဆားအသုံးပြုနေရသော ရေခဲစက်များ၊ မုန့်လုပ်ငန်းများ စသည့် လုပ်ငန်းများမှ ဆားများကို ၀ယ်သူသိုလှောင်၍လည်းကောင်း၊ ဆားဖိုများအား စရံငွေကြိုတင်ပေး၍လည်း ၀ယ်ယူစုဆောင်းမှုများ ရှိနေကြောင်း ဆား အသုံးပြုသူများက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းတို့မှ ဆားများ ထုတ်လုပ်လျက်ရှိပြီး ဧရာဝတီတိုင်းမှ ဆား အများဆုံး ထုတ်လုပ်ကာ ပြည်တွင်း ဈေးကွက်တွင် ရောင်းချကြောင်း သိရှိရသည်။

No comments: