Wednesday, March 23, 2011

မုံရွာ မီးဘေးဒုက္ခသည်များ အကူအညီလိုနေဆဲ

နရီလင်းလက် Wednesday, 23 March 2011

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် မကြာသေးခင်က ဖြစ်ပွားခဲ့သည့် မီးလောင်မှုဒဏ် ခံခဲ့ရသော မီးဘေးဒုက္ခသည်များ ယခု အချိန်အထိ အာဏာပိုင်များထံမှ လုံလောက်သည့် အကူအညီ မရရှိသေးဟု သိရသည်။

မုံရွာတောင်ပိုင်း အောင်ဇေရုံ ရပ်ကွက်တွင် မတ်လ ၂၁ ရက်နေ့ ည ၈ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ယနေ့ သိရသည့် အရေ အတွက်အရ အိမ် ၉၀ ကျော် ၊ အိမ်ထောင်စု ၇၅ စု နှင့် လူဦးရေ ၂၁၄ ဦးခန့် မီးဘေးသင့် ခဲ့သည်ဟု ဒေသခံများကပြောသည်။

အဆိုပါ မီးလောင်သွားသည့် ရပ်ကွက်သည် ပျံကျ လက်လုပ်လက်စားများနေထိုင်ကြပြီး အိမ်ငယ်များတခုနှင့်တခု နီးကပ်စွာဖြင့် အစုလိုက် ဖြစ်နေသောကြောင့် ယင်းကဲ့သို့ မီးလောင်ခံသည့် အိမ်ခြေများသွားခြင်းဖြစ်သည်ဟု မုံရွာဒေသခံတဦးက ပြောပြ သည်။

“မနေ့က အထိတော့ အိမ်ခြေက ၅၀ ကျော်လောက်ပဲပေါ့။ အိမ်လေးတွေက သေးသေးလေးတွေနဲ့ လက်လုပ်လက်စား ဆင်းရဲ သားတွေများတော့ ကလေးဘုစုခရုတွေနဲ့ပါ။ ဒီကနေ့ သေချာတွက်လိုက်တော့ အိမ်ခြေတွေ အများကြီးဖြစ်သွားတာ”ဟု သူက ဆိုသည်။

လက်ရှိ မီးဘေးဒုက္ခသည်များကို မုံရွာ အမှတ်(၄) အလယ်တန်းကျောင်းတွင် နေထိုင်ရန် စီစဉ်ပေးသော်လည်း နေရာမလုံ လောက် သောကြောင့် တခြားနေရာများတွင်ပါ ခွဲထားရန် စီစဉ်နေသည်ဟု သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားပြီးနောက် လိုအပ်သည့် ကယ်ဆယ်ရေးနှင့် နေရာချထားရေး ကိစ္စများကို တာဝန်ရှိသူများက လုပ် ဆောင်ပေးနေသည်ဟု မုံရွာမီးသတ်ဌာနမှ တာဝန်ရှိသူတဦးက ဆိုသည်။

မုံရွာဒေသခံ မဆွေဆွေ ကလည်း“မီးလောင်ခံရတဲ့ အိမ်ကလူတွေ အကုန်လုံး သူတို့ သတ်မှတ်ပေးထားတဲ့ ကျောင်းမှာ သွားစုနေပါဆိုတော့ သွားတော့ စုနေကြတယ်။ အလယ်တန်းကျောင်း နဲ့ နေရာမလောက်တော့ တခြား ဘယ်နေရာမှာ ထားမလဲ ဆိုတာ အစည်းအဝေး လုပ်နေတယ်။ ဘုန်းကြီးကျောင်းမှာထားဖို့က စာဖြေတွေ ရှိနေတော့ မထားတော့တာ”ဟု ပြောသည်။

“နေရာချထားတာတော့ ရယကတို့ မယရတို့ ဘယ်နေရာထားမလဲဆိုတာ တိုင်ပင်ပြီးလုပ်ပေးပေမယ့် အမြင်မတော်တဲ့ရပ်ကွက် က လူတွေကပဲ ထမင်းထုပ် ပို့တာတို့ ရေသန့် လှူတာတို့ ၊ ခေါင်းအုံးလေး ၊ စောင်လေး နိုင်သလောက် အလှူရှင် ပေါ်လာရင် သွားလှူတာပဲရှိတယ်”ဟု ၎င်းက ဆက်ပြောသည်။

မီးလောင်သည့် အကြောင်းအရင်းကို အာဏာပိုင်များက စုံစမ်းနေဆဲဖြစ်ပြီး ဒေသခံများအပြောအရ ညဘက်အလုပ်ပြန်ချိန်တွင် ကလေးငယ်အား ထမင်းချက်ခိုင်းခြင်းမှ စတင်မီးလောင်ခြင်းဖြစ်သည်ဟု သိရသည်။

“ဒီလောက် အရေအတွက်အထိ မီးထဲပါသွားပြီး မီးသတ်က မငြှိမ်းနိုင်အောင်ဖြစ်သွားတဲ့ ဆိုးသွားတဲ့ အကြောင်းကအလုပ်မရှိ တော့ ဓာတ်ဆီဆိုင်မှာ သွားတိုးပြီး အပြင်မှာ ပြန်ရောင်း ကြတယ်။ မရောင်းခင် အိမ်မှာ ပုလင်းလေးတွေနဲ့ တန်းစီ သိမ်းထား တော့ မီးလည်းလောင်ရော အကုန်ပေါက်ကွဲပြီး မီးပိုကြီး သွားတာ။ အပြင်မှာ ဓာတ်ဆီဈေးက ၄၀၀၀ ကျပ် နဲ့ ပြန်ရောင်း လို့ရ တော့ ဆိုင်မှာ၂၅၀၀ နဲ့ သွားထုတ်တဲ့ အလုပ်လုပ်တာ”ဟု မုံရွာဒေသခံ ကိုရန်အောင်စိုးက ပြောပြသည်။

၎င်းက ဆက်လက်ပြီး“လက်လုပ်လက်စား များတော့ အကုန်လုံးဘာမှ မရကြဘူး။ လူအလွတ်ရုန်းပြေးရတာ။ ဒီလူတွေအတွက် လူကြီးတွေက အလှူခံ ဌာနတော့ ဖွင့်ပေးထားတယ်”ဟုလည်း ဆိုသည်။

အဆိုပါ ရပ်ကွက်သည် မြစ်ကမ်းဘေးတွင်ရှိပြီး နေထိုင်သူအများစုမှာ ချင်းလှီးခြင်း၊ ဓာတ်ဆီတိုးခြင်းစသည့် ကျပန်း လုပ်ကိုင် စားသောက်နေထိုင်သူများ ဖြစ်သည်ဟု သိရသည်။

No comments: