စစ်တပ်အုပ်ချုပ်ရေးစနစ်ကြောင့် ဘယ်အရာမဆိုအမိန့်နဲ့သာ ညွန်ကြားအုပ်ချုပ်နေပါတယ်။ ဒါကစစ်တပ်ရဲ့ သဘောသဘာဝဖြစ်တယ်။ ဘယ်စီမံကိန်း၊ ဘယ်လုပ်ငန်းအတွက်မဆို အထက်ဆုံးဖြတ်ချက်၊ အထက်အမိန့်အပေါ်မှာဘဲ မူတည်တယ်။ ဒီမိုကရေစီနိုင်ငံလို လူထုရဲ့ သဘောတူညီချက်နဲ့ လူထုဆန္ဒကို အလေးထားဦးစားပေးတာမရှိပါ။“ပြည်သူသာအမိ၊ ပြည်သူသာအဖ” အစား “တပ်မတော်သာအမိ၊ တပ်မတော်သာအဖ” ဆိုတဲ့ စစ်တပ်စိတ်ဓါတ်မျိုးကို ခေါင်းထဲရိုက်သွင်းထားပြီး အာဏာကို သေနတ်ပြောင်းဝကနေ တည်ဆောက်ထားကြပါတယ်။
ဘာဘဲဖြစ်ဖြစ် နှစ်ပေါင်း-၆ဝ ကျော်အတွင်း တိုင်းပြည်ကို စစ်တပ်အမိန့်အာဏာနဲ့ဘဲ အုပ်ချုပ်လာခဲ့ကြတယ်။ ဆက်လက်အုပ်ချုပ်နိုင်ဖို့အတွက်လည်း အမြဲအကြံထုတ်နေတာ တွေ့ရပါတယ်။ တိုင်းရင်းသားတွေ တောင်းဆိုလာတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌါန်းခွင့်ဆိုတာကိုလည်း ဂရုမစိုက်ဘဲ တိုင်းရင်းသားတွေကို ဆက်လက်ဖိနှိပ်နေတုန်းပါဘဲ။
တဖန်တိုင်းရင်းသားတွေမကဘဲ ဗမာပြည်မှာနေထိုင်တဲ့ ဗမာအမျိုးသားတွေပါ တိုင်းပြည်အတွင်း စစ်အာဏာရှင် အုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ပြောင်းလဲရေးအတွက် တောင်းဆိုချက်တွေကို လျစ်လျူရှုပြီးအာဏာကို လက်နက်အားကိုးကာ ဆက်လက်ထိန်းချုပ်နေတာကိုလည်း အားလုံးအသိဘဲဖြစ်ပါတယ်။
အာဏာဆက်လက်တည်မြဲရေးအတွက် လမ်းပြမြေပုံ (၇)ဆင့်ဟာ စစ်တပ်အတွက် သိပ်အရေးကြီးပါတယ်။ အခုတော့အဆင့်တိုင်းလိုလို အကောင်အထည်ဖေါ်နေပြီး စစ်တပ် ကျောထောက်နောက်ခံပြု အရပ်သားအစိုးရဆိုတာလည်း ပေါ်ထွက်လာနေပြီ။ ဒါပေမဲ့ ပြည်သူလူထုအားလုံး လိုလားတောင်းတနေတဲ့ “ဒီမိုကရေစီ”ဆိုတာ မရရှိသေးဘူး။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ စစ်ခေါင်းဆောင်တစ်စုရဲ့ အာဏာဆက်လက် ချုပ်ကိုင်နိုင်ရေးအတွက် အဓိကနိုင်ငံခြားဝင်ငွေပေါက်ဟာ မြေပေါ်မြေအောက်သယံဇာတ ထုတ်ယူရောင်းစားမှုအပေါ် အဓိက မှီခိုအားထားနေကြပါတယ်။
ဗမာစစ်ခေါင်းဆောင်တွေရဲ့ စဉ်းစားချက်ဟာ တရုတ်နိုင်ငံလို စီးပွားရေးအခွင့်အလမ်း ပေးပြီး နိုင်ငံရေးကို ဆက်လက်ထိန်းချုပ်ဖို့က အဓိကဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရင် တိုင်းရင်းသားခေါင်းဆောင်တွေ၊ အတိုက်အခံခေါင်းဆောင်တွေကို စီးပွားရေးမက်လုံးကြီးတွေပေးပြီး နိုင်ငံရေးစိတ်ဓါတ် ပျက်စီးအောင် အကွက်ဆင်အသုံးချဖို့ဖြစ်တယ်။
နိုင်ငံခြားဝင်ငွေပေါက်ဖြစ်တဲ့ သဘာဝဓါတ်ငွေ့ထုတ်လုပ်ရေး၊ သစ်ထုတ်လုပ်ရေး၊ သတ္တုထုတ်လုပ်ရေး၊ ရေကာတာတည်ဆောက်ရေးစတဲ့ “ဖွံ့ဖြိုးရေးစီမံကိန်း” အမည်ခံ လုပ်ငန်းများကို တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ အခြားနိုင်ငံခြားကုမ္ပဏီတွေနဲ့ နှစ်ပေါက်တစ်ပေါက် ရိုက်စားပြီး ပြည်သူမသိအောင် ခိုးထုတ်ရောင်းချနေကြပါတယ်။
အဲဒီလုပ်ငန်းတွေကနေတဆင့် ရလာတဲ့ဝင်ငွေတွေကိုလည်း နိုင်ငံခြားဘဏ်တွေမှ ခိုးဝှက်ထားကာ ဝင်ငွေရဲ့ (၁)ရာခိုင်နှုန်းကိုသာ ဝင်ငွေစားရင်းပြထားပါတယ်။ အဲဒီဝင်ငွေ (၁)ရာခိုင်နှုန်းတောင်မှ ကျန်းမာရေး၊ ပညာရေးအတွက် (၁)ရာခိုင်နှုန်းသာ အသုံးချတယ်။ ပြည်သူတွေရဲ့ ဘဝဟာဆင်းရဲတဲ့အထဲမှာ အဆင်းရဲဆုံး (the poorest of the poor) ဘဝဖြစ်လာရပါတယ်။ တိုင်းရင်းသားပြည်သူတို့ရဲ့ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာတဲ့ သဘာဝအမွှေအနှစ်တွေဟာ လက်ရှိစစ်အုပ်ချုပ်ရေးစနစ်ကြောင့် တိမ်ကောပျောက်ကွယ်လာခဲ့ရပါတယ်။
ကရင်နီအမျိုးသားတိုင်းရဲ့ နှလုံးသားထဲ စူးနစ်ဝင်ရောက်လာတဲ့ ကိစ္စတစ်ခုကတော့ လက်ရှိ တရုတ်ဒါတန်း ကုမ္ပဏီနဲ့ မြန်မာအစိုးရတို့ရဲ့ ရေကာတာအစီအစဉ်ပင်ဖြစ်တယ်။ ရွာသစ် ရေကာတာ တည်ဆောက်မယ့် အစီအစဉ်ဟာ ဘယ်သူ့ကိုမှ အသိမပေးချင်ဘဲ ယခင် နအဖ စစ်အစိုးရကနေပြီး တကယ့်ထိပ်သီးလျို့ဝှက်ထားတဲ့ ကိစ္စတစ်ခုဖြစ်တယ်။
သတင်းမထွက်အောင် ခြေရာလက်ရာမပေါ်အောင် လျို့ဝှက်ထားတာကို တွေ့ရပါတယ်။ ဒါတွေမကပါ။ လုပ်ငန်းအတွက် အတားအဆီးဖြစ်စေမယ့် အရာတွေအားလုံးကို ကြိုတင်ဖယ်ရှားထားတာ တွေ့ရတယ်။ ဥပမာအားဖြင့် ၁၉၉၆ ခုနှစ်၊ ပွန်ချောင်းနဲ့ သံလွင်အကြားရှိ ကျေး ရွာ (၂၁၂) ရွာကို စုစည်းရွာပြောင်းဖို့အတွက် အမိန့်ထုတ်ခဲ့ပြီး ထိုနှစ်မှာဘဲ အကောင်အထည်ဖေါ်ခဲ့ကြတယ်။ ဟန်ပြ သောင်းကျန်းသူ ချေမှုန်းရေးသာဖြစ်ပြီး အမှန်တကယ် အဲဒီစုစည်းရွာတွင် ကျေးရွာတွေကို စုစည်းထားတဲ့ အရင်းခံအကြောင်းရင်းက ထိုစီမံကိန်းကြီးတွေ တည်ဆောက်ဖို့သာ ဖြစ်တယ်။
ထို့အပြင် စီမံကိန်းတည်ဆောက်မယ့် နေရာလုံခြုံရေးအတွက် စစ်တပ်အင်အားတွေ ချထားခဲ့ကြတယ်။ ဒါကလည်း ဘယ် “ဖွံ့ဖြိုးရေးစီမံကိန်း” မဆို စီမံကိန်းရဲ့ လုံခြုံရေးက စစ်တပ်အတွက် အလွန်အရေးကြီးတယ်။ ဥပမာအားဖြင့်ပြောရင် မိုးမြဲရေကာတာနဲ့ လောပိတ ရေအားလျှပ်စစ်စီမံကိန်းဆိုရင် လုံခြုံရေးအပြည့် ချထားတာမကဘဲ၊ လုံခြုံရေးအတွက် မြေမြုပ်မိုင်း အလုံးပေါင်း (၁၈ဝဝဝ) ချထားခဲ့တယ်ဆိုတာ KDRG (ကရင်နီ ဖွံ့ဖြိုးရေး သုတေသနအဖွဲ့) သုတေသန မှတ်တမ်းပြုထားချက်အရ သိရတယ်။ ဒါကြောင့်စစ်တပ်ရဲ့ ဖွံ့ဖြိုးရေး စီမံကိန်းမှန်သမျှအတွက် လုံခြုံရေးက အဓိကပြဿနာတစ်ခု ဖြစ်တယ်။ စီမံကိန်းတိုးချဲ့ဖို့အတွက် စစ်တပ်အင်အားတိုးချဲ့ထားဖို့က စစ်တပ်အစိုးရရဲ့ အဓိကရည်မှန်းချက်ဖြစ်ပါတယ်။
ဒီကနေ့ အစိုးရရဲ့ခြေလှမ်းဟာ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေကို တပ်မတော် လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းပြီး ထိန်းချုပ်ဖို့ဖြစ်တယ်။ အဲလိုပြောင်းလာနိုင်ဖို့အတွက် အပစ်ရပ်ခေါင်းဆောင်တွေကို စီးပွားရေးမက်လုံးပေး မြူဆွယ်ထားတာ တွေ့ရပါတယ်။ ဒါတွေမကသေးပါဘူး၊ မိမိတို့ ထုတ်ယူရောင်းစားမယ့် သယံဇာတတွေကို အတားအဆီး မပေးနိုင်ဖို့အတွက် အပစ်ရပ်ခေါင်းဆောင်တွေရဲ့ မျက်လုံးကို အသပြာငွေနဲ့ ပိတ်ထားပါတယ်။
မိမိကိုယ်ကျိုး၊ မိမိမိသားစုနဲ့ အပေါင်းပါဆွေမျိုးသားချင်း ကောင်းစားရေးအတွက်ကိုသာ ကြည့်တဲ့ တိုင်းရင်းသား အပစ်ရပ်ခေါင်းဆောင်အချို့ဟာ စစ်တပ်ရဲ့ ထောင်ချောက်ထဲ ဝင်ပြီး အမျိုးသားအရေးထက် ငွေအသပြာနောက်ကို လိုက်ခဲ့တာ အထင်အရှား မြင်တွေ့နေရပါတယ်။ ဒီကိစ္စဟာကျနော်တို့ တိုင်းရင်းသားတွေအတွက် အင်မတန် စိတ်မကောင်းစရာဖြစ်စေတဲ့ အချက်တစ်ခုပါပဲ။
ကောင်းကျိုးထက် ဆိုးကျိုးပိုပေးတဲ့ ကယားပြည်နယ်တွင်း ပွန်ချောင်း၊ ရွာသစ်ရေကာတာ တည်ဆောက်ရေး စီမံကိန်းတွေကို ဝိုင်းဝန်းတားဆီးရမဲ့အစား၊ စီမံကိန်းလုံခြုံရေးယူပေးနေတဲ့ ကရင်နီအပစ်ရပ်အဖွဲ့တို့ရဲ့ လုပ်ရပ်ဟာ ပြည်သူလူထုတရပ်လုံးအတွက် လက်မခံနိုင်တဲ့ကိစ္စတစ်ခု ဖြစ်တယ်လို့ ရှုမြင်မိသလို ငွေအသပြာထက် မိမိတို့ရဲ့ အမျိုးသားရေးနဲ့ နောင်လာနောင်သားအတွက် ရေရှည်အကျိုးကို ရှုမြင်ဖို့ လိုကြောင်း နှိုးဆော်အသိပေးအပ်ပါတယ်။
No comments:
Post a Comment