Sunday, May 15, 2011

နာဂစ် သုံးနှစ် အလွန် ...

ခင်ဦးသာ

“လတ်တလော အရေးပေါ် လိုအပ်နေတာက မျိုးစပါးနဲ့ စိုက်ပျိုးရေးအတွက် အရင်းအနှီးပါ”လို့ ဘိုကလေးမြို့နယ်၊ ဖိုးညိုရွာမှ လယ်သမား ဦးဝင်းမောင်က ဆိုပါတယ်။

ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ဒေသမှာ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ခဲ့တဲ့ဒဏ် ခံခဲ့ရတာ ၃ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပေမယ့် လယ်သမားတွေဟာ သူတို့ရဲ့ပျက် စီးသွားတဲ့ လယ်ယာမြေတွေကို ပြန်လည်လုပ်ကိုင်ဖို့ အတွက် အခက်အခဲတွေနဲ့ ကြုံနေရဆဲလို့ ဦးဝင်းမောင်က ရှင်းပြပါတယ်။

၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နဲ့ ၃ရက်နေ့မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူဦးရေ တသိန်း လေးသောင်း ခန့်သေကြေပျောက်ဆုံးခဲ့ပြီး၊ သန်းချီကာ အိုးမဲ့ အိမ်မဲ့ဖြစ်သွားခဲ့ပြီး မြို့နယ် ၃၇ ခု ပျက်စီးသွားခဲ့ပါတယ်။

မကြာခင်ရက်ပိုင်းမှာ မိုးဦးရာသီ ရောက်တော့မှာမို့လို့ အချိန်မီစပါးစိုက်ပျိုးမှု မလုပ်နိုင်ခဲ့ဘူးဆိုရင် နောင်နှစ်မှာလဲပဲ စားဝတ်နေ ရေးပြဿနာနဲ့ရင်ဆိုင် နေကြရမယ့်အပြင် လယ်သမားတွေရဲ့သားသမီးငယ်တွေ အားလုံးဟာလဲပဲ ကျောင်းပညာသင်ကြား ရေးကို လုံးဝစွန့်လွှတ်ရတော့မယ်လို့ ဆိုပါတယ်။

“၀မ်းအနည်းဆုံးကတော့ ကလေးတွေ ကျောင်းဆက်မတက်နိုင်တဲ့ ကိစ္စဖြစ်တယ်”လို့ ဦးဝင်းမောင်က ဆိုပါတယ်။

“တဧက တင်း ၆၀ လောက်ထွက်တဲ့စပါးက အခုဆို ၃၀ လောက်ထွက်တယ်၊ အဲဒီစပါးကိုလဲပဲ အတိုးနဲ့ချေးထားတာ ပြန် ဆပ်လိုက်တော့ စားစရာက မကျန်တော့ဘူးပေါ့၊ ဒီလိုနဲပဲ သံသရာ လည်နေကြပါတယ်”လို့ သူကဆက် ပြောပါတယ်။

လယ်ယာလုပ်ငန်း ပဲလုပ်စရာ ရှိတဲ့အတွက် ငွေတရာကျပ်ကို အတိုးနှုန်း ၁၀ ကျပ်ပေးပြီးချေးငှား လုပ်ကိုင်နေတဲ့အတွက် လယ်သမားအများစုရဲ့လယ်မြေတွေဟာ အမည်ခံရုံသာ ရှိကြပြီး ငွေရှင်တွေကပဲ ပိုင်ဆိုင်သွားကြပြီး၊ လယ်ဆက်မလုပ်နိုင်သူတွေကတော့ ကြုံရာ ကျပန်း လုပ်ကိုင် စားသောက်နေကြတယ်လို့ သိရတယ်။

နာဂစ်ဒေသခံအများစုဟာ လယ်ယာလုပ်ငန်းကို အဓိက ထားလုပ်ကိုင်ကြပြီး နာဂစ်ကြောင့် လယ်ယာမြေတွေ ပျက်စီးသွားတဲ့အပြင် ကျွဲ၊ နွား၊ လယ်ယာ လုပ်ငန်းသုံး ပစ္စည်းကိရိယာ တွေကအစ ဘာဆိုဘာမှ မကျန်အောင် ဆုံးရှုံးခဲ့ကြပါတယ်။

“ကျနော်တို့မှာ ကျန်ခဲ့တာ ဆိုလို့ လယ်ကွင်းထဲမှာတင်ကျန်ခဲ့တဲ့ နုံးတွေပဲဗျာ၊ ပြန်လည်ထူထောင်ရေးဆိုတာ ဘာမှန်းတောင် မသိသေးပါဘူး”လို့ လပွတ္တာမြို့နယ်မှ လယ်သမားကြီး ဦးချစ်ဝမ်းက ဆိုပါတယ်။

နာဂစ်ဒဏ် ဆိုးရွားစွာခံခဲ့ရတဲ့ မော်ကျွန်း ဒေသက လယ်သမား တဦးကလည်း “လယ်မစိုက်ခင် ပဲစိုက်ပြန်တော့လဲ မိုးမိတယ်၊ အဲဒီတော့ ပဲတွေက အကုန်ပျက်စီး သွားတယ်၊ ဒါတွေကို ကုန်သည်တွေက ဈေး ၃ ဆလောက်နှိမ်ပြီး ၀ယ်တယ်၊ ဒီတော့ အရင်းမရကြတဲ့အပြင် အကြွေးပဲ တင်ကြပြန်တယ်” လို့ ဆိုပါတယ်။

နာဂစ်ဖြစ်ပြီး နောက်ပိုင်းမှာ ရာသီဥတု ဖောက်ပြန်လာမှုကို သိသိသာသာ ကြုံတွေ့နေရတဲ့ အတွက် ဘယ်လုပ်ငန်းမှ ကောင်းမွန်အောင် မလုပ်နိုင်ကြဘူးလို့ လယ်သမားတွေက ပြောကြတယ်။

“ဆားကွင်းတွေ အားလုံးနီးပါး ဟာလဲပဲ ပြီးခဲ့တဲ့ ရက်ပိုင်းက ရွာတဲ့မိုးကြောင့် အားလုံးဆုံးရှုံးသွားရတယ်၊ အကူအညီတွေ မရတဲ့ အထဲ အတိုးကြီးနဲ့ငွေချေးပြီး လုပ်ထားတာတွေ ပျက်စီးသွားတော့ သောကရောက်တာ ၂ ဆင့်ဖြစ်သွားတာပေါ့”လို့ လပွတ္တာမြို့ခံ ဆားကွင်းပိုင်ရှင် တဦးက ပြောပါတယ်။

အဲဒီနာဂစ်ဒေသတွေမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလုပ်နေတဲ့ မင်္ဂလာ မြန်မာအဖွဲ့ရဲ့ခေါင်းဆောင် ဒေါက်တာဖုန်းဝင်း က“နာဂစ်ဒေသ ပြန်လည်ထူထောင်ဖို့ လိုအပ်တာက အမေရိကန်ဒေါ်လာ သန်း ၁၁၀၀ပါ၊ အခုထိ ရသေးတာက သန်း ၅၀၀ လောက်ပဲရသေးတယ်၊ လိုအပ်ချက်တွေက မြင့်မားနေတုန်းပါ”လို့ ဆိုပါတယ်။

နာဂစ်ဒေသ တခုလုံးရဲ့ ပြန်လည်ထူထောင်ရေးအတွက် အမှန်တကယ် လိုအပ်ငွေမှာ အမေရိကန်ဒေါ်လာ သန်း ၄၀၀၀ ကျော်လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။

“အရေးကြီးဆုံးက အလုပ်အကိုင်ဖြစ်နေတယ်၊ လက်လုပ်လက်စားတွေ၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေရဲ့ဘ၀၊ ရေလုပ်သား၊ လယ်သမားတွေအတွက် အလုပ်အကိုင်တွေလိုနေပါတယ်”လို့ ဒေါက်တာ ဖုန်းဝင်းက ဆက်ပြောပါတယ်။

၎င်းတို့ အဖွဲ့အနေနဲ့လည်း ငွေကြေးမလုံလောက်တဲ့အတွက် အပြည့်အ၀ အကူအညီ မပေးနိုင်သေးပေမယ့် ရေတွင်းတူးတာ၊ သစ်ပင်စိုက်ပေးတာတွေ၊ နေထိုင်စရာ အိမ်တချို့ ကို တတ်နိုင်သလောက်လုပ်ပေးနေတယ်လို့ ဆိုပါတယ်။

“၃ နှစ်အတွင်းမှာ တိုးတက်လာတာ ဆိုလို့ ဘေးအန္တရာယ်တခုခု ကျရောက်လာရင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့အသိတော့ နည်းနည်းရှိလာကြတယ်”လို့ ဒေါက်တာ ဖုန်းဝင်းက ဆိုပါတယ်။

နာဂစ်ဒေသ တခုလုံးမှာ ကူညီပေးနေတဲ့ INGO တွေ NGO တွေ စုစုပေါင်းဟာ ၅ ခု၊ ၆ ခုလောက်ပဲရှိပါတော့တယ်။

ဘေးတခုခု ကျရောက်လာလို့ ပြေးမယ်ဆိုရင်တောင် လမ်းတွေက မကောင်းဘူး၊ အဓိက လိုအပ်နေတဲ့အထဲမှာ လမ်းပန်း ဆက်သွယ်ရေးလည်း ပါတယ်”လို့ ကူညီ ကယ်ဆယ်ရေးတွေ သွားရောက် လုပ်ကိုင်ပေးနေတဲ့ NLD အဖွဲ့၏ ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။

မြို့နဲ့ဝေးလံတဲ့ ဒေသတွေက ကျေးရွာအများစုမှာ လမ်းပန်းဆက်သွယ်ရေးနှင့် စာသင်ကျောင်းတွေ ပြန်လည် တည်ဆောက်ဖို့ အများအပြား လိုအပ်နေတာ တွေ့ခဲ့ရတယ်လို့ ဦးအုန်းကြိုင်က ဆက်ရှင်းပြပါတယ်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ( IFRC )ရဲ့ ၂၀၁၁ ခုနှစ် ဧပြီလထုတ် အစီရင်ခံစာမှာတော့ ၂၀၀၈ ကနေ ၂၀၁၁ခုနှစ်အ ထိ အဆောက်အုံဆောင်ရွက်ပြီးမှုဟာ ၈၈ ရာခိုင်နှုန်း၊ သဘာဝဘေးအန္တရယ်ကြိုတင်ကာကွယ်မှု ၇၇ ဒသမ ၁ ရာခိုင်နှုန်း၊ သောက်သုံးရေ ရရှိမှု ၇၉ ရာခိုင်နှုန်း ကူညီပေးပြီး ဖြစ်တယ်လို့ ဖော်ပြရေးသားထားပါတယ်။ ။

No comments: