Wednesday, May 11, 2011

ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ ဦးခင်ရွှေဦးဆောင်

ကိုဝိုင်း

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး၏ ညွှန်ကြားချက်ဖြင့် မြန်မာ့ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (Myanmar Tourism Board) ကို ဇေကမ္ဘာဦးခင်ရွှေက ဦးဆောင်ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်း၊ ခရီးသွားလုပ်ငန်းရှင်များ အသင်း၊ ဈေးကွက်မြှင့်တင်ရေး ကော်မတီ စသည့် ပုဂ္ဂလိကအသင်း ၃ သင်းကို ၁ဝ သင်းအထိ တိုးချဲ့ပြီး MTB အောက်တွင်ထားရှိမည်ဟု အမျိုးသားလွှတ်တော်အမတ် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ပြောသည်။

“ဝန်ကြီးဦးတင့်ဆန်းက အန်ကယ်ဦးဆောင်ပြီး ၁၅ ရက်အတွင်း ဖွဲ့ပေးပါဆိုလို့။ ဦးတင့်ဆန်းနဲ့ အန်ကယ် ဆိုတာလည်း ညီအကိုလို နေကြတာလေ။ သူ့အတွက် အန်ဂျီအိုတခုအနေနဲ့ ကြားခံထားတဲ့ အဖွဲ့အစည်းတခုပါပဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း၊ ခရီးသွား လုပ်ငန်းရှင်များ အသင်း၊ ဈေးကွက်မြှင့်တင်ရေး ကော်မတီ၊ ဧည့်လမ်းညွှန်များ ကော်မတီ၊ စားဖိုမှူးများအဖွဲ့တို့ကို ပေါင်းစပ်၍ “မြန်မာ့ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့” ဖွဲ့ရန် ဧပြီ ၂၉ က ဟိုတယ်/ ခရီး ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းနှင့် ဟိုတယ်/ခရီးပုဂ္ဂလိက လုပ်ငန်းရှင်များ နေပြည်တော်၌ တွေ့ဆုံ ညှိနှိုင်းခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများက ဖော်ပြသည်။

ယခုလမကုန်မီ ဟိုတယ်/ခရီးဌာနသို့ တင်ပြမည့် MTB ဖွဲ့စည်းပုံကို ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူး၊ အတွင်းရေးမှူး၊ အတွင်းရေးမှူးအဖွဲ့ စသည်ဖြင့် ရေးဆွဲထားပြီး ဥက္ကဋ္ဌမှာ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌလည်းဖြစ်သည့် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေဖြစ်သည်။ ဗဟိုအလုပ်အမှုဆောင် ၂၅ ယောက် အပါအဝင် ဗဟိုအဖွဲ့ဝင် ၆ဝ နှင့် ဖွဲ့စည်းထားသည်။

“အဲဒိဘုတ်က ငွေရှာတာ၊ ပရိုမိုးရှင်းလုပ်တာ၊ Tourism ကိစ္စတွေရော လုပ်မယ်။ ဟိုတုန်းကတော့ ဝန်ကြီးဌာနက လိုင်စင်တွေကအစ သူတဦးထဲကိုင်တော့ Tourism က တက်သင့်သလောက်မတက်ဘူး”

“အခု ဒါ ပုဂ္ဂလိကလုပ်ရမယ်ဆိုပြီး ဥပမာ ဟိုတယ်ဆောက်မယ်ဆိုရင် ဒီကထောက်ခံချက်ပါမှ သူတို့ပေးမယ်။ တိုးဂိုက်တွေဆိုလည်း အခုတော်တော်များများ ဗရမ်းဗတာဖြစ်တယ်လေ။ သင်တန်းပေးပြီးတော့မှ ဒီက ထောက်ခံမှ တိုးဂိုက်လိုင်စင်ထုတ်ပေးမယ်။

ဝန်ထမ်းတွေ မွေးထုတ်ဖို့ရှိတယ်။ နောက်ထပ်ဟိုတယ်တွေ ဆောက်ဖို့ ငွေချေးတဲ့ကိစ္စတွေကအစ လုပ်ပေးမယ်။ Tourist နေရာအသစ်တွေ ဖော်ပေးရမှာပေါ့” ဟု ဦးခင်ရွှေကဆက်ပြော သည်။

နိုင်ငံခြားသားများကို ပြည်ဝင်ခွင့်ထုတ်ပေးရာတွင်လည်း ဘုတ်အဖွဲ့က ဝန်ကြီးဌာနသို့ အကြံဥာဏ်များ
ပေးသွားမည်ဟုလည်း လာမည့်နှစ်မှစ၍ နိုင်ငံခြားခရီးသွား တိုးလာမည်ဟု ယုံကြည်ထားသူ ဦးခင်ရွှေက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံသို့ လေကြောင်းမှ နှစ်စဉ်ဝင်သည့် နိုင်ငံခြားခရီးသွား ဦးရေ ၃ သိန်းခန့်သာရှိပြီး အိမ်နီးချင်း ကမ္ဘောဒီးယား ၃ သန်း၊ လာအို ၂ သန်းကျော်ရှိကြောင်း တရားဝင်စာရင်းများအရသိရသည်။

No comments: