ရန်ကုန်သားတာတေ
နိုင်ငံခြားရေး ဝန်ကြီးသစ် ဦးဝံနဖောင်ပြင် အလုပ်ရှုပ်နေသည်။ မြန်မာပြည်သို့ ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ နံပြား လာမည့်အရေးကြောင့် ဖြစ်၏။
“အရင်က ဖီဖာအဖွဲ့က ပလာတာ လာတုန်းကတော့ သိပ်အလုပ် မရှုပ်ဘူးပေါ့နော်။ အဲဒီတုန်းက ကျနော်က နိုင်ငံခြားရေး ဝန်ကြီး မဖြစ်သေးတာ တကြောင်း၊ ပလာတာက ပေါ်ပေါ်တို့ တေဂွတို့နဲ့ ကဖို့လောက်ပဲ စိတ်ဝင်စား နေတာက တကြောင်း ဆိုတော့ ပေါ့နော် ...။ အခုတော့ နံပြားကို ကျနော်က တွေ့ရတော့မှာပါ” ဟု ဦးဝံနဖောင်ပြင်က အမှိုက်များကို ဖျာအောက်သို့ ထိုးသွင်းရင်း ဦးရုက္ခစိုးကို ပြောသည်။
မြန်မာပြည်တွင် အစိုးရသစ် တက်ခါစ ဖြစ်သောကြောင့် အားလုံး ကိုယ်စီ အလုပ်ရှုပ်နေကြသည်။ သမ္မတ ဦးသိန်းဂိန်က “သန့်ရှင်းရေး အစိုးရ” ဟု မိန့်ခွန်းတွင် လက်သီးလက်မောင်းတန်းကာ ကြွေးကြော်သွားသဖြင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဝန်ကလေးများမှာ ကြွပ်ကြွပ်အိတ်များ၊ အမှိုက်များကို တော်ရာ ဖျာအောက်၊ စားပွဲကြိုစားပွဲကြား၊ ဘီရိုထဲ စသည်ဖြင့် ဝှက်ရသည့် ကိစ္စဖြင့် အလုပ်များနေရသည့် ကြားထဲ အာဆီယံအစည်းအဝေး ကျင်းပရာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာသို့သွား၍ ရန်တွေ့ခြင်း၊ မျက်နှာချိုသွေးခြင်း၊ အိပ်ငိုက်ခြင်း စသည်ဖြင့် လုပ်ကြရပြန်သည်။ ယခုတဖန် နံပြားက လာဦးမည်။
ဖိုးရှုပ်နှောင့်သောကြောင့် ဦးရုက္ခစိုးလည်း ဂျကာတာမှသည် နေပြည်တော်၊ နေပြည်တော်မှသည် ရန်ကုန်၊ ရန်ကုန်မှသည် ချင်းမိုင် ကူးချည်သန်းချည် ရောယောင် အလုပ်များနေ၏။
ရုက္ခစိုး။ ။ မင်းလုပ်တာနဲ့ ငါလည်း မူးနောက်နေပြီ ဖိုးရှုပ်ရာ။ ငါ့ကို နည်းနည်းများ အနားပေးပါဦးတော့လား။
ဖိုးရှုပ်။ ။ သတင်းရေးတဲ့ နေရာမှာ ဆို့စ်က သိပ်အရေးကြီးတယ် ဦးရုက္ခစိုးရဲ့။ ကျနော်တို့ အနောနမတ်စ် ဆို့စ်တွေ သုံးလာတာ များပြီဆိုတော့ကာ … ဘစ်ပစ်ချာဖြစ်ဖို့ရယ်၊ ကုတ် ကောင်းကောင်းတွေနဲ့ သတင်းကို ခိုင်ခိုင်မာမာ တည်ဆောက်ဖို့ အရမ်းအရမ်းကို အရေး ကြီးလာပြီ။ အဲဒီလို ကုတ်ကောင်းတွေရဖို့ ကျနော့်ကို ကူညီနိုင်တာ ဦးရုက္ခစိုးပဲရှိတယ်လေ။
ကြွက်စုတ်။ ။ လုပ်မနေစမ်းပါနဲ့ကွာ … မင်းတို့ ဒေဝါလီ မဂ္ဂဇင်းရဲ့ သောကြာ ပွားဝိုင်းမှာတောင် ရုံးမှာတင်ထိုင်ပြီး အာဆီယံအကြောင်း ပွားလိုက်၊ ရန်ကုန်နဲ့ နေပြည်တော်အကြောင်း ရွှီးလိုက် လုပ်နေတာပဲဟာ … အခုလည်း အဲဒီလိုပဲ ရောချလိုက်ပေါ့။
ဖိုးရှုပ်။ ။ ခက်ပါလား မောင်ကြွက်စုတ်ရယ် … မင်းက သတင်းအကြောင်း မသိလို့ ဒီလိုမျိုး ပေါက်ပန်းဈေး လျှောက်ပြော နေတာပါ။ သတင်းတပုဒ်မှာ မရှင်းလင်းတာတွေ ရှိလာရင် မကောင်းဘူးလေ။ ထင်မြင်ချက်လို … အိုပီနီယံပေါ့နော် … အဲလို ရေးတာနဲ့တော့ မတူဘူးလေ။
ရုက္ခစိုး။ ။ ကဲကဲ … မင်းပြောတာတွေ ငါလည်း တခုမှ နားမလည်ဘူး ဖိုးရှုပ်ရေ ...။ မင်းရဲ့ လေဒဏ်မိုးဒဏ်ကို ခံမယ့်အစား … ရန်ကုန်နဲ့ နေပြည်တော်၊ နေပြည်တော်နဲ့ ဂျကာတာ ကူးချည်သန်းချည်လုပ်ရတာက ပို သက်သာတယ်။ အခု ငါ ဘာလုပ်ပေးရမလဲ … တိုတိုနဲ့ လိုရင်းကိုပြော။
ဖိုးရှုပ်။ ။ ဒါကတော့ ဆွေးနွေးကြည့်တဲ့ သဘောပါ။ တိုတိုနဲ့ လိုရင်းပြောရရင်တော့ ကျနော့်အနေနဲ့ သိချင်တာလေးတွေ ရှိတယ်ပေါ့နော်။ ဂျကာတာမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ လိုချင်တယ်။ ပြီးတော့ ရန်ကုန်တိုင်း ဝန်ကြီးတွေက သတင်းထောက်တွေနဲ့ တွေ့တယ်လို့ ကြားတယ်၊ နံပြားလာမယ့်ကိစ္စ သိချင်တယ်၊ ပြီးတော့ ချိုကုပ်ဒူးကြီး ဘယ်ရောက်နေလဲ … အဲ … အဲဒီလောက်ပဲ။
ရုက္ခစိုး။ ။ ဟုတ်ပြီ … ငါ သဘောပေါက်ပြီ။
ထိုမှစ၍ ဦးရုက္ခစိုးလည်း ဖိုးရှုပ်နှင့် ကြွက်စုတ်တို့အပါးမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး ဦးဝံနဖောင်ပြင် နားသို့ တမဟုတ်ခြင်း ရောက်ရှိသွားကာ ဤထွေရာလေးပါး အစပိုင်းရှိ စကားစုများကို ကြားနာနေရခြင်း ဖြစ်သည်။
ဖောင်ပြင်။ ။ နံပြားကို သမ္မတကြီးက မတွေ့ပါဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူက ထိပ်ပြောင်တယ်လေ။
ရုက္ခစိုး။ ။ ဟင် … ဘာဆိုင်လို့လဲ။
ဖောင်ပြင်။ ။ ဆိုင်ပါသော်ကော ဦးရုက္ခစိုးရယ်။ မစ္စတာနံပြားက ကျနော်တို့ရဲ့ သမ္မတကြီးကို ဘေးကျပ်နံကျပ် ဖြစ်မယ့် မေးခွန်းတွေ မေးတော့မှာ အသေအချာပဲ မဟုတ်လား။ ဥပမာ - နိုင်ငံရေးအကျဉ်းသားတွေ ဘယ်တော့လွှတ်မှာလဲ ဆိုတာမျိုးပေါ့။ အဲဒီအခါကျ သမ္မတကြီးက မဖြေနိုင်ရင် ချွေးသီးချွေးပေါက်တွေ ကျတော့မယ်။ နဖူးကို ခဏခဏ ချွေးသုတ်ရတော့မယ်။ အဲဒီအခါကျ သူ့ရဲ့ ပြောင်နေတဲ့ ထိပ်က တဝင်းဝင်း တလက်လက်နဲ့ ကြည့်မကောင်းရှုမကောင်း ဖြစ်တော့မယ်။ အဲဒါကြောင့် ကျနော့်ကို … ဖောင်ပြင် … နံပြားကို မင်းပဲတွေ့လို့ ညွှန်ကြားလိုက်တာပါ။
မစ္စတာ နံပြားကို သမ္မတကြီး မတွေ့ချင်ရခြင်း အကြောင်းရင်းအား ဦးရုက္ခစိုး တထိုင်တည်းနှင့် သိသွားလေပြီ။ ထို့ကြောင့် ဦးဝံနဖောင်ပြင်ကို နှုတ်ဆက်ကာ ဂျကာတာရောက်နေသည့် မြန်မာပြည် ကိုယ်စားပြုသော လူထု အခြေပြု အဖွဲ့မှ တဦးဖြစ်သည့် ရဲအရာရှိဟောင်း ဦးစစ်ဟောင် နားသို့ ချဉ်းကပ်ခဲ့တော့သည်။
စစ်ဟောင်။ ။ ကျနော်တို့က လူထုအခြေပြု အဖွဲ့ ဆိုပေမယ့်ပေါ့နော် … လူထု အကြောင်းကို သိပ်တော့ မသိပါဘူး။
ရုက္ခစိုး။ ။ လူထုအကြောင်းမသိဘဲ လူထုအခြေပြုအဖွဲ့ဆိုပြီး အာဆီယံ စည်းဝေးကို ဘာဖြစ်လို့လာတက်တာလဲဗျ။
စစ်ဟောင်။ ။ ဒါကတော့ သမ္မတကြီးက သင့်တော်တယ်ထင်လို့လွှတ်တာပဲ။ လူထုအကြောင်း သိဖို့ထက် အစည်းအဝေးမှာ အိပ်ငိုက်တတ်ဖို့ ...၊ အတိုက်အခံဘက်က လူတွေနဲ့ တွေ့ရင် နှုတ်သီးကောင်းလျှာပါး ရန်တွေ့တတ်ဖို့ အရေးကြီးတာပါ။
ရုက္ခစိုး။ ။ မြန်မာပြည်က စစ်မြေပြင်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ပြောနေကြတယ်။ ဦးစစ်ဟောင် ဘယ်လို ထင်ပါသလဲ။
စစ်ဟောင်။ ။ ဒီကိစ္စကို ကျနော် ပြောချင်နေတာ ကြာပြီ။ လုံးဝ မကျေနပ်ဘူးဗျာ။ ဘာကြောင့်လဲ ဆိုတော့ မြန်မာ တပြည်တည်း လူ့အခွင့်အရေး ချိုးဖောက်နေတာမှ မဟုတ်တာ။ စစ်မြေပြင်တိုင်း ဒီလိုပဲ ချိုးဖောက်ကြတာပဲ မဟုတ်လား။ ဒါ ဆန်းသလား။ အာဖဂန်တို့၊ အီရက်တို့လည်း ဒီလိုပဲ မဟုတ်ဘူးလား။ မဆန်းတဲ့ကိစ္စကို အဆန်းလုပ်ပြီး ပြောတဲ့ ခင်ဗျားတို့ကို အံ့သြတယ်ဗျာ။
ထို့ကြောင့် ဦးရုက္ခစိုးလည်း ဂျကာတာမှ နတ်တို့၏ အလျင်ဖြင့် အမြန်ဆုံးခွာလာကာ ရန်ကုန်သို့ ရောက်ခဲ့ရ ပြန်တော့၏။ ရန်ကုန်တွင် အစိုးရသစ်၏ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများက သတင်းထောက်များနှင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် နေသည်။
ပထမဦးစွာ ဝန်ကြီး ဦးဉာဏ်ထွန်းပြူးက “ဝန်ကြီးတွေ ဖြေရခက်တဲ့၊ ကသိကအောက် ဖြစ်မယ့် မေးခွန်းမျိုး မေးရဲမေးကြည့် … အသိပဲ …” ဟု စပြောသည်။
ဝန်ကြီး ဦးခင်ပြောင်ထွန်းကလည်း အားကျမခံ “ရန်ကုန်မြို့ကြီးက ကျယ်တဲ့အတွက် … သိတဲ့အတိုင်း ဆီကလည်း ထုတ်ရောင်းစားလိုက်တာ ကြာပြီဆိုတော့ ကျနော်တို့ သာကေတ တမြို့နယ်တည်းကို သွားနိုင်ခဲ့ပါတယ်။ လမ်းမကြီးပေါ်မှာ မိုးရွာပြီးခါစဆိုတော့ သန့်ပြီးတောက်ပြောင် နေတာတွေ့ရတယ် ခင်ဗျာ။ နောက်တခါ ဆီထုတ်ပြီးရင် လမ်းပြင်ပြီးခါစ၊ အမှိုက်သိမ်းထားခါစ မြို့နယ်တွေကို သွားကြည့်ပါဦးမယ်” ဟု ဆက်ပြောသည်။
သတင်းထောက် တဦးက မေးခွန်းမေးရန် ထိုင်ရာမှ ထလိုက်သည်နှင့် တပြိုင်နက်တည်း အစည်းအဝေးပြီးဆုံးကြောင်း ကြေညာသည်။
ရုက္ခစိုး။ ။ ကျနော် တခုလောက် မေးလို့ရမလား ဝန်ကြီး။
ဉာဏ်ထွန်းပြူး။ ။ မေးချင်ရင် မေးပါ။ ဒါပေမယ့် အခုမဟုတ်ဘူး။ ဝန်ကြီးတွေကို မေးချင်တဲ့ မေးခွန်းတွေ ရှိရင် နောက်တပတ် ရာဟုမတိုင်ခင် စပေါ့ ကြိုပေးကြပါ။
ရုက္ခစိုး။ ။ ဒဂုန် ဝန်ကြီးချုပ်က ဘာလို့ သတင်းစာရှင်းလင်းပွဲ မလာတာလဲ ခင်ဗျ။
ခင်ပြောင်ထွန်း။ ။ ဒီမေးခွန်းကို နောက်တပတ် ဖြေရမယ့်စာရင်းထဲ ထည့်လိုက်ပါမယ်။ အားလုံး ပြန်နိုင်ပါပြီ။
သို့နှင့် ဦးရုက္ခစိုးလည်း ထိုနေရာမှ ခွာခဲ့ရပြန်သည်။ နေပြည်တော်သို့ သွားရဦးမည်။ ဖိုးရှုပ်မှာလိုက်သည့် ချိုကုပ်ဒူးကြီး ဘယ်ရောက်နေသလဲ ဆိုသည့် ကိစ္စအတွက် ဖြစ်သည်။ ထိုကိစ္စကို အားလုံးလည်း သိချင်နေကြသည်။ ဦးရုက္ခစိုးမှာ နတ်တို့ တတ်အပ်သော အဌာရသ ပေါင်းစုံ၊ နတ်မျက်စိ၊ နတ် GPS တို့ကို အစွမ်းကုန်ထုတ်သုံးကာ ရှာသည်။ သို့သော် ချိုကုပ်ဒူး ကြီးအား အစအနပင် ရှာမတွေ့ပေ။
ထို့ကြောင့် ဦးသိန်းဂိန်၊ ဦး ၈ လုံးစသည့် နိုင်ငံတော် အကြီးအကဲများအား မေးရန် ဆုံးဖြတ်လိုက်သည်။ သမ္မတကြီး ထံ အရင်ရောက်သွားသည်။ သမ္မတကြီးမှာ နိုင်ငံမသန့်ရှင်းခင် တကိုယ်ရေ သန့်ရှင်းရမည်ဆိုသော ဆောင်ပုဒ်ကို ရေရွတ်၍ တနေ့လျှင် ခေါင်း ၇ ခါ လျှော်သောကြောင့် အအေးမိ၊ နှာစေးချောင်းဆိုး ဖြစ်ကာ စောင်ခြုံ၍ ကွေးနေသည်။
သိန်းဂိန်။ ။ ဟတ် … ဟတ် … ဟတ် … ချိုး … ချိုကုပ်ဒူးကြီးက ဂူအောင်းပြီး သိုင်းဝတ္ထုတွေ ဖတ်နေတယ်လို့ ထင်ပါတယ်။ ဟတ် ….......... ချိုး။
ဦး ၈ လုံးကတော့ “စီးပွားရေးပိတ်ဆို့တာ တို့မမှုပါ” ဆိုသည့်သီချင်းကို ကာရာအိုကေ ဖွင့်၍ အသံသေးအသံကြောင် ဟစ်နေသည်။
၈ လုံး။ ။ ချိုကုပ်ဒူးကြီးက ချာလီစ် အိန်ဂျယ် အရမ်းကြိုက်တာဗျ။ အဲဒါကြောင့် သူက အဲဒီကားထဲက ချာလီလို ရုပ်မပြဘဲ အသံနဲ့ပဲ ညွှန်ကြားချက်ပေးတယ်။ သူ ဘယ်မှာလဲဆိုတော့ ကျုပ်လည်း သေချာမသိဘူး။ ကိုယ်ပျောက်ဆေး ရထားတယ် လို့လည်း ကြားတယ်။ ကိုယ်ဖျောက်ပြီး နေ့တိုင်း ရုံးတက်ရုံးဆင်း လုပ်တယ် ထင်တာပဲ ...။
ဦးရုက္ခစိုးသည် ချိုကုပ်ဒူးကြီး ဘယ်ရောက်နေသည်ကို အစအန ရှာမရပေ။ မေးကြည့်မိသူတိုင်းကလည်း ဟိုလိုလို၊ ဒီလိုလို ပြောနေကြသည်။ တချို့ကလည်း ချိုကုပ်ဒူးကြီး အဝီစိတွင် ခေတ္တအနားသွားယူနေသည်ဟု ပြောသည်။ တချို့ကတော့ မသေမရှင်ထွက် ထွက်သွားသည်ဟု ဆိုသည်။ သို့သော် ဘယ်သတင်းမှ မသေချာ၊ အားလုံး ထင်တယ်ချည်းသာ ဖြစ်၏။
ထို့ကြောင့် ဦးရုက္ခစိုးလည်း သူကြားခဲ့သည့် အများထင်မြင်ချက်များကို သူ့ထင်မြင်ချက်နှင့် ပေါင်းစပ်ကာ ဖိုးရှုပ်ထံ အီးမေးလ်
တစောင်ပို့လိုက်သည်။
ဖိုးရှုပ်ကလည်း ဦးရုက္ခစိုး၏ ထင်မြင်ချက်အပါအဝင် ထင်မြင်ချက်ပေါင်းစုံကို စုကာ သူ့ထင်မြင်ချက်ပါ ထပ်ပေါင်း၍ “ချိုကုပ်ဒူးကြီး ဘယ်ရောက်နေသလဲ” ဆိုသည့် မရေမရာ ထင်မြင်ချက် တပုဒ်ကို အကျအန ရေးသားလိုက် လေတော့၏။
No comments:
Post a Comment