လီယို
ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီအမှတ်-၁ ဒုက္ခသည်စခန်းအတွင်းသို့ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းပေါ်သို့ သစ်ပင်များအမြစ်ပြုပ်ပြိုလှဲခဲ့ရာ ဘုရားစာသင်နေသော ကလေးငယ် ၂၃ ဦး ကံကောင်းစွာ ထိခိုက်နာကျင်မှုမရှိဘဲ လွတ်မြောက်ခဲ့ကြသည်။
ယခု မေလ ၁၁ ရက်နေ့ နေ့လည် ၃ နာရီအချိန်ခန့်က ကလေးငယ် ၂၃ ဦးအား ဦးပဉ္စင်း ၂ ပါးမှ စာသင်ပြနေချိန်တွင် လေပြင်းတိုက်ခတ်ပြီး မိုးကြီးရွာသွန်းမှုကြောင့် သစ်ပင်ကြီးတစ်ပင်လဲကျပြီး ကျောင်းထိုင်ဆရာတော် ဆုနန်တိုး သီတင်းသုံး နေထိုင်သော ရပ်ကွက် ၁၈ ဗုဒ္ဓဘုန်းတော်ကြီးကျောင်း (အလယ်ကျောင်း) ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်သည်။
“ဦးပဉ္စင်းတို့ စာသင်နေတာပြီးခါနီးပြီ လေတွေလည်း အရမ်းတိုက် မိုးစက်ကြီးတွေလည်း ကျလာတယ်လေ ဦးပဉ္စင်းလည်း အိမ်စာပေးမယ်ဆိုပြီး ညာဖက်ထောင့်ကအခန်းမှာစာအုပ်ပြန်ယူပြီး ကျောင်းအလယ်က အနောက်ဖက်ထွက်ပေါက်နားကို သွားလိုက်တယ် စိတ်ထဲက မရည်ရွယ်ဘူး။ သူ့အလိုလိုကို သွားမိတာ အဲဒီအချိန်မှာပဲ ကလေးတွေက ဦးပဉ္စင်းကသူတို့ကို ခေါ်သံကြားလိုက်တယ်ဆိုပြီး တခါတည်း နောက်လှေကားကနေ ပြေးဆင်းသွားလိုက်တာ လက်မတင်လေးပဲ သေဘေးက လွတ်သွားတယ်။ လဲကျတာက ဦးပဉ္စင်းတို့ စာသင်နေတဲ့ အပေါ်တည့်တည့်ကိုလဲတာ။ ကံကြီးပေးလို့ တစ်ယောက်မှ မသေမပျောက်ထိခိုက်ဒဏ်ရာ မရတာပဲလို့ပြောရမှာပဲ” ဟု ကလေးများအား ဘုရားစာသင်ပေးသော ဦးပဉ္စင်းမှ အဖြစ်အပျက်ကို ပြောပြသည်။
လေပြင်းမတိုက်မီတွင် ကျောင်းထိုင်ဆရာတော်သည် ဦပဉ္စင်းတစ်ပါးနှင့် တခြားရပ်ကွက်သို့ ရောက်ရှိနေခဲ့ပြီး မိုးမိမည်စိုးသောကြောင့် ဒကာတစ်ယောက်အိမ်တွင် ၀င်ရောက်မိုးခိုနေခဲ့သည်။ အလယ်ကျောင်းတွင် ရှမ်းဘာသာနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းကို ဧပြီလ ၂၇ ရက်နေ့ကစတင်ပြီးယခုလ ၂၁ရက်နေ့တွင် သင်တန်းပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။
အန္တရာယ်ရှိသည်ဟု ယူဆသည့်သစ်ပင်များရှိပါက ဒေသခံအာဏာပိုင်များထံတွင် အကြောင်းကြားပြီး ၄င်းတို့ကိုယ်တိုင် လာရောက်စစ်ဆေးပြီးမှ ခုတ်ခွင့်ရသည်။ လဲကျခဲ့သော သစ်ပင်ကြီးသည် ပေ ၁၀၀ ကျော်ခန့်ရှည်ပြီး လူကြီးနှစ်ယောက်ဖက်စာခန့် လုံးပတ်ရှိသည်။
ယခုလအတွင်းတွင် ပုံမှန်မဟုတ်သော လေပြင်းတိုက်ခတ်မှုနှင့် မိုးကြီးရွာသွန်းမှုများ ညနေခင်းအချိန်တိုင်း ဆက်တိုက်ဖြစ်ပွားနေပြီး စခန်းအတွင်းနေထိုင်သူများ အထူးသတိထားနေထိုင်ကြရသည်။
ယခင်လအတွင်းတွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် ကရင်နီပြည်တွင်းမှ လောကျေခူကျေးရွာနှင့် ရှားတောမြို့နယ်အတွင်းရှိ ဒေါဝယ်ရောကျေးရွာများလည်း ထိခိုက်ပျက်စီးခဲ့သည်။
No comments:
Post a Comment