Monday, May 16, 2011

အလင်းတံခါးဖွင့်ပေးကြပါ

နှင်းပန်းအိမ်

မေလ၁ဝရက်က ထိုင်းနိုင်ငံရဲ့ စာသင်ကျောင်းတွေ ဖွင့်တဲ့ရက်ပါပဲ။ ကျမတို့ ဒုက္ခသည်စခန်းထဲက စာသင်ကျောင်းလေးကို မိုးသက်လေပြင်းတွေနဲ့ ဖွင့်လိုက်တယ်။ အင်္ကျီအဖြူ၊ စကတ်အပြာ၊ ဘောင်းဘီတို အပြာဝတ် ကျောင်းဝတ်စုံနဲ့ ကျောင်းသား၊ကျောင်းသူတွေ မနှစ်ကလောက် မများတော့ဘူး။

ကျောင်းဝတ်စုံဖိုး၊ကျာင်းလခ၊ဗလာစာအုပ်ဖိုးတွေက ကျောင်းသားကျောင်းသူလေးတွေကို ကန့်သတ်ပေးလိုက်တယ်။ သဘာဝတရားအရမိုးသက်လေပြင်းထန်နေသလို ဆရာဆရာမတွေနဲ့၊မိဘတွေရင်ထဲမှာလဲလှိုင်းထန်ခဲ့ရပါတယ်။

ဒီနှစ် TTBC လို့ခေါ်တဲ့ ရိက္ခာထောက်ပံ့ရေးအဖွဲ့က အလှုရှင်တွေလျှော့သွားလို့ အင်ဖက်၊ ဝါး၊ ယူကလစ်တိုင်တွေ စာသင်ကျောင်းအတွက် မပေးတော့ဘူး။ ကျောင်းသားမိဘတွေဆရာ၊ ဆရာမတွေစုပေါင်းပြီး အင်ဖက်ဆယ်ပစ်ကနေ ဘယ်လောက်ဆိုပြီး တတ်နိုင်သလောက် ကူပံ့ကြတယ်။ စာသင်ကျောင်းအမိုးမိုးတဲ့နေ့မှာ အင်္ဂလိပ်စာသင်တဲ့ ဆရာဂျော့က ဒုက္ခသည်စခန်း လမ်းကြို၊လမ်းကြားမကျန် “ဗျို့” ဟစ်တော့တယ်။ “PAB စာသင်ကျောင်းပြုပြင်မှာဖြစ်တဲ့အတွက် ကျောင်းသားမိဘတွေ စာသင်ကျောင်း အမိုးမိုးရန် ကြွရောက်ပေးပါခင်ဗျား”………….တဲ့။

ဆရာဂျော့ အသံဆုံးတာနဲ့ ကျာင်းသားမိဘတွေ၊ လူငယ်လူရွယ်တွေ ဘောင်းဘီတို၊ ပုဆိုးခါးတောင်းကျိုက်နဲ့ PAB စာသင်ကျောင်းကို အမိုးမိုးဖို့ ထွက်သွားကြတယ်။ တိုင်ဟောင်းတွေဖယ်ပြီး တိုင်သစ်တွေ လဲကြတယ်။ တယောက်တလက် အင်ဖက်မိုး၊ နှီးချက်ချည်၊ ကျင်းတူး၊ တိုင်စိုက်နဲ့ ဒုက္ခသည်စခန်းလေးရဲ့ စာသင်ကျောင်းကို လက်ပူတိုက်ပြီး ၂ဝ၁၁-၂ဝ၁၂ စာသင်နှစ်ကို စိန်ခေါ်အံတုလိုက်တယ်။

ဒုက္ခသည်ကျမတို့အတွက် စိန်ခေါ်မှုတွေထဲမှာ သားသမီးတွေရဲ့ ပညာရေးက အဓိကပါပါတယ်။ ဒုက္ခသည်စာသင်ကျောင်းရဲ့ အတန်းပညာရေး အောင်လက်မှတ်က တရားမဝင်ဘူးလို့ ဆိုကြပါတယ်။ ထိုင်းနိုင်ငံအတွက်၊ တတိယနိုင်ငံအတွက် တရားမဝင်ဘူး။ ဒါပေမဲ့ ရှိတဲ့နေရာမှာ ရှိနေကြတဲ့ ဆရာဆရာမတွေက သူတို့တတ်ထားတဲ့ ပညာတွေကို လူငယ်တွေအတွက် လက်ဆင့်ကမ်းကြတယ်။

ကျမတို့နေတဲ့ PAB ဆိုတဲ့ ရပ်ကွက်လေးမှာ PAB ကျောင်းရှိပါတယ်။ သူငယ်တန်းကနေ ဆယ်တန်းအထိ သင်ကြားပေးတာပါ။ ဘာသာရပ်အလိုက် သင်ကြားပေးကြတဲ့ ဆရာ၊ ဆရာမတွေရဲ့ မေတ္တာစေတနာတွေကိုလဲ ကျမတို့တကယ့်ကို လေးစားတန်ဖိုးထားခဲ့ရပါတယ်။ ဒီထဲကမှ PAB အထက်တန်းပြ အင်္ဂလိပ်စာသင်ပေးတဲ့ ဆရာဂျော့ရဲ့ စာသင်သံက ကျောင်းစာသင်ခန်းထဲတင် မဟုတ်ဘဲ ဒုက္ခသည်စခန်းရဲ့ တဲအိမ်လေးတွေထဲအထိ နေ့ညမပြတ် ကြားနေရပါတယ်။

ဆရာဂျော့ရဲ့ တပည့်တွေက ဆယ်ကျော်သက်အရွယ်ကနေ၊ ဦးဆံမှာမဟူရာနဲ့ ဘော်ငွေရောင်ရောနေတဲ့သူတွေအထိ ပါပါတယ်။ အတန်းကျောင်းက တပည့်လေးတွေရဲ့ ပြဋ္ဌာန်းစာအုပ်ကို ဆရာဂျော့က အပင်ပန်းခံပြီး သူကိုယ်တိုင်ထုတ်ပါတယ်။ “ဆရာကောင်းဆိုတာ မိမိထက်တော်တဲ့ တပည့်တွေကို မွေးထုတ်ပေးနိုင်မှ ဆရာကောင်းဖြစ်တယ်” ဆိုတဲ့ဝါဒကို လက်ကိုင်ပြုထားတဲ့ ဆရာဂျော့ပါ။

ဆရာဂျော့က ဒုက္ခသည်စခန်းလေးထဲကို ပညာရေးကိစ္စနဲ့
ရောက်လာတဲ့ NGO အဖွဲ့အစည်းတွေကို ကိုယ်တိုင် သွားတွေ့ပြီး ဒုက္ခသည်ကလေးတွေရဲ့ ပညာရေးကို ဘယ်လိုလမ်းကြောင်းတွေနဲ့ ရှေ့တိုးနိုင်မလဲလို့ မေးမြန်းပြီး သူတပည့်လေးတွေကို ပညာရေးလမ်းကြောင်းပေါ် ဆွဲတင်ပေးတတ်ပါတယ်။

မဲဆောက်က ပညာရေး အဖွဲ့အစည်းတချို့ ဒုက္ခသည်စခန်းထဲကို တခါတရံလာပြီး ဝင်ခွင့်စာမေးပွဲတွေ ဖြေဆိုခိုင်းတတ်ပါတယ်။ ဒီလိုဆိုရင်တော့ ဆရာဂျော့က သူ့တပည့်တွေအိမ်အထိသွားပြီး ဝင်ခွင့်ဖြေဖို့ ဆော်သြတတ်ပါတယ်။ ကျောင်းသားမိဘတွေ ကျောင်းသားတွေထက် သူက ပိုအပင်ပန်းခံပြီး တက်ကြွနေတတ်ပါတယ်။

ကြိုးစားပမ်းစား ဖြေဆိုကြတဲ့ ဆရာဂျော့တပည့်လေးတွေခမျာ သတ်မှတ်ထားတဲ့ NGO တွေရဲ့ စည်းမျဉ်းကို မကျော်လွှားနိုင်ခဲ့ကြပါဘူး။ ဒုက္ခသည်စခန်းထဲကနေ ပညာရေးအတွက် ရှေ့ဆက်မတိုးနိုင်တဲ့ တပည့်လေးတွေရဲ့ စိတ်ခံစားမှုကို သူက ပိုပြီးခံစားတတ်သူ ဖြစ်ပါတယ်။

ဒုက္ခသည် တပည့်လေးတွေအတွက် ပညာဆိုတဲ့အရာကိုပြည့်စုံစွာ ယူဆောင်သွားစေချင်တဲ့ စေတနာအပြည့်နဲ့ ဆရာဂျော့က အခုလိုပြောဘူးတယ်။

“စစ်ရေးနိုင်ငံရေးကြောင့် ဒို့တွေဒုက္ခသည်စခန်းထဲကို ရောက်လာခဲ့ကြတာ။ တချိန်မှာ တို့တိုင်းပြည်ကို
ပြန်လည်ထူထောင်ရင် မင်းတို့လူငယ်တွေနဲ့ ထူထောင်ရမှာ။ တိုင်းပြည်ကို လက်နက်နဲ့ ထူထောင်လို့မရဘူး။ ပညာနဲ့ထူထောင်မှရမှာ။ ငါသိသလောက်ကြိုးစားသင်ပေးလို့ မင်းတို့တော်ရင် ငါဝမ်းသာတယ်။ အေး ဒိထက်အဆင့်မြင့်ပြီး တိုင်းပြည်ကို မင်းတို့ပညာနဲ့ပြန်ပြီး ကူညီနိုင်တယ်ဆို ငါဂုဏ်ယူတယ်ကွာ” လို့ပြောတဲ့ ဆရာဂျော့ရဲ့ မျက်ဝန်းမှာ မျက်ရည်စတွေ ခိုသီးနေတယ်။ ဒီစကားကိုနားနဲ့ ဆတ်ဆတ်ကြားရတဲ့ ကျမကိုယ်တိုင် ဆရာဂျော့ရဲ့ တိုင်းပြည်အပေါ်ထားတဲ့၊ တပည့်တွေအပေါ်ထားတဲ့ သံယောဇဉ်စကားကြောင့် မျက်ရည်စို့ခဲ့ရတယ်။

ဆရာဂျော့တို့လို ဆရာတွေရဲ့ စိတ်ရှည်သည်းခံမှု၊ အမျှော်အမြင်ရင့်သန်မှု၊ စေတနာဖြူစင်မှုတွေကြောင့် ဒုက္ခသည်စခန်းရဲ့ ပညာရေးအခက်အခဲကို တနိုင်တပိုင် ကျော်လွှားနိုင်ခဲ့ရပါတယ်။ ကျမတို့ဒုက္ခသည်တွေက
ကိုယ့်အနာဂတ်ကိုယ်မပိုင်ပဲ အိမ်ရှင်ထိုင်းနိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက အလှူရှင်တွေကို မှီခိုနေရသူတွေပါ။ ဒီနှစ်စာသင်နှစ်မှာ ပညာရေးအတွက် အလှူရှင်တွေ လျော့ပါးသွားတယ်။ ဒုက္ခသည် သားသမီးတွေရဲ့ ပညာရေးဟာ ဆယ်တန်းဆိုတဲ့ ပညာရေးကနေ ရှေ့တက်မရတာ၊ ပညာရေး အခွင့်အလမ်း နည်းပါးတာကြောင့် အလှူရှင်တွေ စိတ်ပျက်ပြီး မိခင်နဲ့ကလေးကျန်းမာရေးဘက် အလှူငွေ ရောက်သွားတယ်လို့ ဆိုကြပါတယ်။

ဒါကြောင့် ဆရာဆရာမတွေရဲ့လခကို ဘတ် ၇ဝဝ ကနေ ၃ဝဝ ပဲပေးနိုင်တော့မယ်လို့ ပြောကြပါတယ်။ ဆရာ၊ဆရာမတွေရဲ့ ဘဝရပ်တည်မှု၊ စာသင်ကျောင်းအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ စခန်းအုပ်ချုပ်ရေး တာဝန်ရှိသူများက မူလတန်းအတွက် တလဘတ် ၁ဝဝ၊ အလယ်တန်းအတွက် တလဘတ်၂ဝဝ၊ အထက်တန်းအတွက် တလဘတ် ၃ဝဝ ကျောင်းသားတဦး ကျောင်းအပ်ရင်ပေးရမယ်လို့ အစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။

ဒီသတင်းကြောင့် ကျမတို့ ဒုက္ခသည်စခန်းလေး လေပြင်းတိုက်သလို လှုပ်ရှားသွားခဲ့ရတယ်။ ကျောင်းသားမိဘတွေ ဆရာ၊ဆရာမတွေတိုင်ပင်ပြီး ကလေးတွေပညာရေးအတွက် ဘယ်လိုလုပ်ကြမလဲလို့ ခေါင်းချင်းရိုက်ကုန်တယ်။ ဒုက္ခသည်တွေက စခန်းအပြင်ထွက်ပြီး တရားဝင် အလုပ်လုပ်ခွင့် မရှိပါဘူး။ ဒီလိုဒုက္ခသည်တွေရဲ့ သားသမီးတွေ ပညာရေးက ရင်လေးစရာပါ။ကျောင်းသားမိဘတဦးဖြစ်တဲ့ ဂီတပညာရှင်ကိုတိုးကြီးက မဲဆောက်တက်ခွင့် လက်မှတ်လုပ်ပြီး သူနဲ့အတူ တီးတတ်ဆိုတတ်သူတွေစုပြီး ဂီတပွဲလုပ် အလှူခံမယ်။

ဈေးရောင်းမယ်လို့ ကိုယ်တတ်နိုင်တဲ့ စိတ်ကူးတွေ၊ ခွန်အားတွေထုတ်ပြကြတယ်။ ဟင်းစားဖိုးတောင် မနည်းရှာနေရတာ။ ကျောင်းလခပေးရမယ်ဆို ကျောင်းမထားနိုင်တော့ဘူး”လို့ကျောင်းသားမိဘတချို့က
ဆောက်တည်ရာမရ ဆိုကြတယ်။ ဒုက္ခကိုနှုတ်နဲ့သာ ချေဖျက်နိုင်ကြတာမို့ ဒီလိုမိဘတွေကိုလဲ အပြစ်မဆိုကြပါဘူး။

ဒီလိုနဲ့ ၂ဝ၁၁-၂ဝ၁၂ စာသင်နှစ်မတိုင်ခင် အပြောင်းအလဲများ ပေါ်လာမလားလို့ ဒုက္ခသည်တွေ မျှော်ခဲ့ကြတာ။
ကျောင်းဖွင့်တဲ့နေ့မှာတော့ မနှစ်ကလို ကျောင်းသားကျောင်းသူလေးတွေရဲ့ပျော်ရွှင် ကြည်နူးသံကို သိပ်မကြားရတော့ဘူး။ ကစားဖော် သူငယ်ချင်း ကျောင်းတက်သလို သူလဲကျောင်းတက်ချင်တယ်လို့ ပူဆာနေတဲ့ ကလေးတွေရဲ့အသံက ကျမတို့ရင်ကို ထိခိုက်စေပါတယ်။

ဒုက္ခသည်စခန်းက ကျောင်းတက်ချင်လို့ ငိုနေတဲ့ ကျောင်းသားလေးတွေရဲ့ အသံ၊ ကျောင်းသားမိဘဆရာဆရာမတွေရဲ့ ရင်ခုန်သံ၊ သက်ပြင်းချသံ၊ တမ်းတသံတွေကို မိုးသက်လေပြင်းသံတွေက ဖုံးလွှမ်းသွားအောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒုက္ခသည်စခန်းသာ သူတို့ကမ္ဘာလို့ ကလေးတွေက ထင်နေကြတယ်။ ဒုက္ခသည်မိဘကို မှီခိုအားထားနေရတဲ့ ကလေးတွေရဲ့ ပညာရေးက အလင်းရောင်တခုပါပဲ။ ဒီအလင်းတံခါးကို ဖွင့်ပေးဖို့ ဒုက္ခသည်စခန်းထဲက အနာဂတ်ရှည်တဲ့ကျောင်းသားကျောင်းသူလေးတွေက စောင့်မျှော်နေကြတယ်။

No comments: