ရိုးမ ၃
အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် မြန်မာပြည်ခရီးစဉ်အတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံအဖွဲ့များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
ယနေ့နံနက်ပိုင်းက အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်တို့ပါဝင်သည့်အဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းနှင့် ဒေါက်တာစင်သီယာမောင်ဆေးခန်းသို့ လာရောက်လေ့လာမှုများ ပြုလုပ်ပြီး ဒေသခံသတင်းထောက်များကို ယခုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။
“မနက်ဖြန်ဆိုရင်တော့ ကျနော် မြန်မာပြည်သွားပါမယ်။ အဲဒီမှာ ခေါင်းဆောင်တွေနဲ့တွေ့တဲ့အခါ ဒုက္ခသည်တွေကိစ္စ လူနည်းစုတွေအပေါ် စစ်ဆင်တိုက်ခိုက်မှုတွေကြောင့် သူတို့တွေ ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးလာကြရတယ်၊ ဒီလူတွေဟာ အိုးအိမ်နဲ့ မိသားစုနေရာတွေကို ပြန်လိုကြတယ်ဆိုတာကို ပြောရပါမယ်” ဟု ပြောသည်။
မစ္စတာဂျွန်မက်ကိန်းအနေဖြင့် ၎င်း၏ မြန်မာပြည်ခရီးစဉ်အတွင်း အစိုးရခေါင်းဆောင်များ၊ လွှတ်တော်အမတ်များနှင့် တွေ့ဆုံကာ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး၊ အတိုက်အခံအဖွဲ့များနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးလုပ်ရန်နှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အမှန်တကယ်လိုချင်ပါက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအကြား ဆွေးနွေးမှုများ ပြုလုပ်သွားရန်တို့ကို တိုက်တွန်းပြောဆိုသွားမည်ကြောင်း မစ္စတာ ဂျွန်မက်ကိန်းက ဆက်ပြောသည်။
အမေရိကန်အထက်လွှတ်တော်အမတ်က ထိုင်း-မြန်မာနယ်စပ်လေ့လာရေးခရီးစဉ်အတွင်း နယ်စပ်ဒေသရှိ လူထုကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ လိုအပ်ချက်များရှိနေသည်ကို တွေ့ခဲ့ရကြောင်း ပြောဆိုခဲ့သည်ဟု ဒေါက်တာ စင်သီယာမောင်က ပြောသည်။
“လက်ရှိ ဒီဆေးခန်းမှာရှိတဲ့ လူနာအခြေအနေ ရောဂါအခြေအနေနဲ့ ဒုက္ခသည်စခန်းနဲ့ နယ်စပ်ဒေသအခြေအနေကို လာပြီးတော့ လေ့လာသွားတာ၊ သူပြောသွားတာကတော့ နယ်စပ်ဒေသမှာရှိတဲ့ လူထုတွေအနေနဲ့ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ပံ့ပိုးမှုတွေအများကြီး ဆက်ပြီးတော့ လိုအပ်နေတယ်၊ တိုးမြှင့်ပြီးတော့ ကူညီပံ့ပိုးသွားဖို့ လိုအပ်တယ်ဆိုတာမျိုးတော့ မစ္စတာဂျွန်မက်ကိန်းက ပြောသွားတယ်” ဟု ပြောသည်။
အမေရိကန် အစိုးရသည် နှစ်စဉ် အမေရိကန်ဒေါ်လာ (၄၂) သန်းကို ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်များအတွက် အကူအညီပေးနေသည့် နိုင်ငံဖြစ်ပြီး အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် ၁၉၈၈ ခုနှစ်မှ စ၍ ယနေ့တိုင် အစိုးရအား ဝေဖန်မှုများပြုလုပ်ခဲ့သည့် အမတ်တဦးဖြစ်သည်။
No comments:
Post a Comment