Friday, June 10, 2011

ရခိုင်ပြည်နယ် အ၀န်း ကျောင်းဝင်ကြေးများ ကောက်ခံမူ တိုးပွားနေ

စံလင်း

ရခိုင်ပြည်နယ် တ၀န်းလုံးတွင် ကျောင်းဝင်ကြေးကို သတ်မှတ် ထားချက် ပိုမကောက် ရဟု အမိန့် ထုတ်ပြန်ထားသော်လည်း ကျောင်းဝင်ကြေး ပိုကောက်ခံမူများ ဆက်လက် ရှိနေကြောင်း သတင်း ရရှိသည်။

ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာတွင် အသစ်ကျလာသော အထက်တန်းကျောင်းတွင် မူလတန်း အဆင့် အတွက် ကျောင်းဝင်ကြေး ၁၅၀၀၊ အလယ်တန်းကျောင်း အဆင့် ၅၅၀၀ ကျပ်နှင့် အထက်တန်း အဆင့် ၆၅၀၀ ကျပ် စီကောက်ခံနေကြောင်း သိရသည်။

ထိုသို့ ကောက်ခံနေသဖြင့် ကျောင်းသားမိဖများ အခက်ကြုံတွေ့နေရပြီး အဆိုပါ ကိစ္စကို ပြည်နယ် လွှတ်တော် အမတ် ဦးကျော်လွှင်မှ တဆင့် အထက်ကို တိုင်ကြားထားကြောင်း ကျောင်းသား မိဖ တစ်ဦးက ပြောသည်။

မောင်တောမြို့ပေါ် အမှတ် (၁) အလက ကျောင်းတွင် ကျောင်းဝင်ကြေးနှင့် ကျောင်းထွက် လက်မှတ်ကြေးကို ကျောင်းတွင် မကောက်ခံဘဲ ကျောင်းအုပ်ကြီး၏ အိမ်မှနေ၍ ကောက်ခံနေကြောင်း သိရသည်။

မောင်တောမှ ကျောင်းသား မိဘ တစ်ဦးက“ ဆရာကြီးရဲ့ မိန်းမက ကောက်နေတာ ဖြစ်ပါတယ်။ ကျောင်းဝင်ကြေး၊ ကျောင်းထွက်လက်မှတ် အကုန်လုံးကို ဆရာကြီး မိန်းမက ဒိုင်ခံ ကောက်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ကျောင်းထွက် လပ်မှတ် တစ်စောင်ကို ၅၀၀၀ ကျပ် အထက် ကောက်ကြောင်း ကျောင်းသား မိဘ တစ်ဦးက ပြောသည်။

အခုကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းဆရာမတဦးကလည်း အခုကဲ့သို့ ပြောသည်။

" ကျောင်းဝင်ကြေး ကျောင်းပြောင်းကြေးတွေကို သတ်မှတ်နှုန်းထက် ပိုမကောက်ခံဖို့ အထက်က ညွန်ကြားထားပါတယ်။ အခုကိစ္စကလည်း အကျွန်တို့ ဆရာ၊ ဆရာမတွေနဲ့ မသက်ဆိုင်လို့တော့ ထင်ပါတယ်။ ဆရာကြီးကိုတော့ အကျွန်တို့ ဆရာ၊ ဆရာမတွေကတော့ ဘယ်လိုမှ မဝေဖန်ရဲပါဘူး။ ဆရာကြီးကလည်း ပြသာနာဖြစ်ရင် ကိုယ်တိုင်ရှင်းမဲ့ ပုံစံမျိုးနဲ့ ကျောင်းကိစ္စကို အိမ်မှာ လုပ်နေ တယ်လို့ ထင်ပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ကျောင်းဝင်ကြေးများကို သတ်မှတ်ထားချက်ထား ကျော်လွန်ကာ ရခိုင်ပြည်နယ် အနှံ့အပြားတွင် ကောက်ခံနေကြောင်း သတင်းများ ရရှိသည်။

No comments: