ရိုးမ ၃
ဧရာဝတီတိုင်း ဒေသကြီး၊ မြန်အောင်မြို့နယ်အတွင်း အဓမ္မလုပ်အားပေး ခိုင်းစေရာမှ လူသေ၊ ဒါဏ်ရရှိမှုများ ဖြစ်ပွားခဲ့ပြီး တစုံတရာ လျော်ကြေးမရရှိကြောင်း ဒေသခံတဦးက ပြောသည်။
မေလ (၁၇) ရက်နေ့က မြန်အောင်မြို့နယ် အင်ပင်ကျေးရွာနှင့် ရွှေပြည်သာ လမ်းမြေဖို့ရန် ထူးအုပ်စုကျေးရွာအုပ်ချုပ်ရေးမှူး၏ စေခိုင်းချက်ဖြင့် လုပ်အားပေးလုပ်ကိုင်နေစဉ် မြေပိပြီး တဦးသေဆုံးကာ ၂ ဦးဒါဏ်ရာ အပြင်းအထန်ရရှိခဲ့ခြင်း ဖြစ်သည်။
“ထူးအုပ်စုထဲက ခေါင်းတိုပေါက်ကျေးရွာ တရွာလုံး လုပ်အားပေးသွားရတယ်၊ မသွားရင် ဒဏ်ငွေဆောင်ရမယ်ဆိုလို့ အဲဒီမှာ မြေသွားဖို့ရင်းနဲ့ မြေပြိုပြီး ပိတာ၊ တယောက်သေတယ်၊ နှစ်ယောက် ဒါဏ်ရာတော်တော်ပြင်းတယ်” ဟု ပြောသည်။
လုပ်အားပေးလုပ်ကိုင်နေစဉ် ခေါင်းတိုပေါက်ကျေးရွာမှ အသက် (၃၇) နှစ်ရှိ မောင်သန်းအောင်မှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားပြီး မထက်ထက် (၃၀) နှစ်၊ မောင်အုံးလှိုင် (၃၀) နှစ်တို့မှာ ပြင်းထန်စွာ ဒါဏ်ရာရရှိခဲ့သည်။
ယင်းကဲ့သို့ အဓမ္မလုပ်အားပေးခိုင်းစေနေစဉ်အတွင်း သေဆုံးသွားမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်များဘက်မှ တစုံတရာလျော်ကြေးပေးခြင်းနှင့် အခြားအကူအညီပေးခြင်းများ မရှိကြောင်း ဒေသခံက ဆက်ပြောသည်။
ဒေသခံရွာသားများအနေဖြင့် လုပ်အားပေးမလုပ်လျှင် ဒဏ်ငွေတသောင်းခွဲကျပ်ပေးဆောင်ရမည်ဟု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖိုးကေက အမိန့်ထုတ်ထားသည့်အတွက် အုပ်စုအတွင်းကျေးရွာများမှ ယခုကဲ့သို့ လုပ်အားပေးသွားရခြင်းဖြစ်ကြောင်း ဒေသခံက ဆက်ပြောသည်။
“ထူးအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖိုးကေက တအုပ်စုလုံး လုပ်အားပေးရမယ်၊ မလုပ်ရင် ဒဏ်ငွေပေးရမယ်ဆိုပြီး အမိန့်ထုတ်ထားတာ၊ အဲဒီမှ ခေါင်းတိုပေါက်ကျေးရွာက ရာအိမ်မှူးက လာဆင့်ခေါ်တော့ တရွာလုံးသွားလုပ်ပေးရတာ” ဟု ပြောသည်။
အဆိုပါ လုပ်အားပေးခိုင်းစေရင်း လူသေဆုံးမှုအခင်းဖြစ်ပွားသည့်နေရာမှာ အင်ပင်ရဲစခန်းအပိုင်းနယ်မြေတွင်ဖြစ်ပြီး ယနေ့အထိ သက်ဆိုင်ရာက တစုံတရာ လျော်ကြေးပေးဆောင်ရွက်ခြင်း မရှိကြောင်း ဒေသခံကပြောသည်။
No comments:
Post a Comment