ဟိန်းသူ Monday, 06 June 2011
အမေရိကန် အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်း နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မကြာသေးခင်က တွေ့ဆုံစဉ် ရိုက်ကူးထားသည့် ဓာတ်ပုံများကို အပတ်စဉ်ထုတ် ဂျာနယ် ၂ စောင်တွင်သာ ဖော်ပြခွင့် ရသဖြင့် ရန်ကုန်မှ စာနယ်ဇင်းသမားများ မကျေမနပ် ဖြစ်နေကြသည်။
ဓာတ်ပုံထည့်သွင်းနိုင်သည့် ဂျာနယ် ၂စောင်မှာ Weekly Eleven News နှင့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကို ပိုင်ဆိုင်သည့် Flower News တို့ ဖြစ်သည်။
“အခုလို ဂျာနယ်တွေကို ခွဲခြား ဖော်ပြခွင့်ပြုတာနဲ့ ပတ်သက်ပြီး စာပေစိစစ်ရေးကို သိပ်ပြီး သဘောမကျပါဘူး” ဟု ဂျာနယ် အယ်ဒီတာတဦးက ဧရာဝတီကို ပြောသည်။
အမေရိကန်အမတ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်သည့် ဓာတ်ပုံကို ယခုတပတ်အတွက် ပိတ်ပင်ကြောင်း စာပေစိစစ်ရေးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင် ကိုယ်တိုင် ပြောဆိုခဲ့သည်ဟု သူက ရှင်းပြသည်။
ဂျွန်မက်ကိန်း၏ မြန်မာပြည်ခရီးစဉ်သတင်း ဖော်ပြနိုင်ကြသော်လည်း မည်သည့်အတွက်ကြောင့် ဓာတ်ပုံနှင့်ပတ်သက်ပြီး ကန့်သတ်ထားခြင်းဖြစ်ကြောင်း မသိရသေးပေ။
ယခုကဲ့သို့ ခွဲခြားမှုများ ရှိနေလင့်ကစား စာပေစိစစ်ရေးက ဂျာနယ်များအပေါ် တင်းကျပ်မှုများ လျော့နည်းလာကြောင်း၊ ယခင်က ဖော်ပြခွင့် မပေးခဲ့သော သတင်းများကို ယခုသိသိသာသာ ဖော်ပြခွင့် ပြုလာကြောင်း ဂျာနယ် သတင်းထောက်တဦးက ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းမျိုးတွေကို နောက်ဆက်တွဲ တင်ပြပြီး ဖော်ပြခွင့်ရဖို့ ဆိုတာ အရင်က လုံးဝ မဖြစ်နိုင်ပါဘူး။ အခု နောက်ပိုင်း စာပေစိစစ်ရေး အနေနဲ့ တော်တော်လေး လိုက်လျောလာတယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် သတင်းကို စာပေစိစစ်ရေး ခွင့်ပြုသည်ထက် ကျော်လွန်ပြီး ရေးသား ဖော်ပြကြသည့် ဂျာနယ် ၉ စောင်မှာ ထုတ်ဝေခွင့်များ ယာယီ ရပ်ဆိုင်းခံရဖူးသည်။
ဤအတောအတွင်း ဂျာနယ် အယ်ဒီတာများ၊ ပုံနှိပ်ထုတ်ဝေသူများနှင့် ဆွေးနွေးရန် ဖိတ်ကြားထားကြောင်း စာပေစိစစ်ရေးဌာန တာဝန်ရှိသူ တဦးက ပြောသည်။
ဖိတ်စာဖြင့် တရားဝင် ဖိတ်ကြားထားခြင်းဖြစ်ပြီး အစည်းအဝေးကို လာမည့် ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီး အဆောက်အအုံတွင် ပြုလုပ်မည်ဟု ဆိုသည်။
“ဘာတွေ ဆွေးနွေးကြမယ် ဆိုတာကို ကျနော်လည်း အတိအကျ မသိသေးပါဘူး။ ပြန်ကြားရေးဝန်ကြီးဌာနက ပြောစရာလေးတွေ ရှိလို့ ဆိုပြီးတော့ ဖိတ်တာပါ။ ကျနော့်ကိုတော့ ထုတ်ဝေသူ အနေနဲ့ ခေါ်ထားပါတယ်” ဟု စာနယ်ဇင်း ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။
ထိုအစည်းအဝေးမှာ စာပေစိစစ်ရေး မူဝါဒများ အပြောင်းအလဲနှင့် ပတ်သက်ဖွယ်ရှိသည်ဟု ရန်ကုန်မှ ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။
“ဟိုတစ်ခေါက် စိစစ်ရေး ဒုညွှန်ကြားရေးမှူး ဦးတင့်ဆွေ ပြောထားတဲ့ စာပေ ၆ မျိုးကို စာပေစိစစ်ရေး ကင်းလွတ်ခွင့် ပေးဖို့ အတွက် အစည်း အဝေး လုပ်တာ ဖြစ်နိုင်ပါတယ်” ဟု သူက သုံးသပ်သည်။
အစိုးရသစ်လက်ထက်တွင် အားကစား၊ သုတရသ၊ ဂမ္ဘီရ၊ နည်းပညာ၊ အနုပညာနှင့် ကလေးစာပေ စသည့် ဂျာနယ် အမျိုးအစား ၆ မျိုးကို အာဏာပိုင်များထံ တင်ပြရန်မလိုဘဲ ပုံနှိပ် ထုတ်ဝေနိုင်မည်ဟူသော ဦးတင့်ဆွေ၏ ပြောဆိုချက်ကို သူက ဆိုလိုခြင်း ဖြစ်သည်။
No comments:
Post a Comment