ဖနိဒါ | အင်္ဂါနေ့၊ ဇွန်လ ၁၄ ရက် ၂၀၁၁ ခုနှစ်
အစိုးရတပ် စစ်ကူစေလွှတ်ရာ လမ်းပေါ်တွင် တည်ရှိသည့် မိုးမောက်မြို့နယ်ရှိ နမ်ဖတ်ခချောင်း ကြိုးတံတားအား ကချင်လွတ်မြောက်ရေး တပ်မတော် KIA က အင်္ဂါမနက်၌ မိုင်းခွဲ ဖျက်ဆီးလိုက်ကြောင်း KIO ဗဟိုကော်မတီဝင် ဦးလနန်က ပြောသည်။
နမ်ဖတ်ခချောင်း ကြိုးတံတားသည် တာခေါခ-တာပိန်မြစ် ရေကာတာ စီမံကိန်းသို့ ဖြတ်သွားမည့် လမ်းပေါ်တွင် တည်ရှိပြီး၊ အရှည် ၁ဝဝ ပေ၊ အကျယ်မှာ ကားတစီးစာ သွားလာနိုင်သည့် တံတားဖြစ်ပြီး အင်္ဂါမနက် ၃ နာရီခွဲ၌ KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၅ က ဖျက်စီးပစ်လိုက်ခြင်း ဖြစ်သည်။
“တာပိန်ရေအားလျှပ်စစ်ကို သွားတဲ့၊ ရိက္ခာထောက်ပို့ လုပ်တဲ့ လမ်းကြောက နမ်ဖတ်ခ တံတားကို မနက် ၃ နာရီခွဲလောက်မှာ ဖြတ်လိုက်ပြီ။ မော်တော်ကားကြီးတွေနဲ့ စစ်ကားတွေ ဖြတ်ဖို့ မဖြစ်နိုင်တော့ဘူး။ စစ်ကူ မလာနိုင်တော့ဘူး။ ” ဟု ဦးလနန်က မဇ္စျိမကို ပြောသည်။
အစိုးရ ထိန်းချုပ်နယ်မြေရှိ မိုးမောက်မြို့နှင့် စစ်ဖြစ်ပွားနေသော ဆန်ဂန်တောင်ကြားရှိ စစ်အစိုးရ တပ်စခန်းမှ တာပိန်ရေအားလျှပ်စစ် စီမံကိန်းကို သွားနိုင်သည့် တံတားဖြစ်ပြီး၊ အဓိကအားဖြင့် မိုးမောက်မှ တက်လာသည့် စစ်ကူများ မလာနိုင်ရန် ဖြတ်တောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဇွန်လ ၁၁ ရက်မှစ၍ အစိုးရတပ်ဖွဲ့များက KIA ထိန်းချုပ်ရာ ဘွမ်ဆန်တောင် (ထုံးဘိုစခန်း) ဘက် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာမှ တနင်္လာ ညနေပိုင်းတွင်မူ ပစ်ခတ်ရှိန် လျော့ကျသွားကာ၊ နှစ်ဖက်ပစ်ခတ်မှုကို ရပ်ထားလိုက်ကြသည်။
လွန်ခဲ့သည့် ၃ ရက်အတွင် အစိုးရတပ်များက ၈၂ မမ၊ ၁၂ဝ မမ အမြောက်ဖြင့် ပစ်ခတ်မှုမှာ ကျည်အလုံးရေ ၁၀၀၀ ခန့် ရှိပြီဟု သိရသည်။
တနင်္လာနေ့က KIA ဘွမ်ဆန်တောင် (ထုံးဘိုစခန်း)ကို အစိုးရတပ်များကို သိမ်းလိုက်ပြီဟု သတင်းပေးပို့ချက်များ အပေါ် ဦးလနန်က ငြင်းဆိုလိုက်ပြီး သူ၏တပ်များ ရှောင်ရှားခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
စစ်ဘေးရှောင်ရန် တာပိန် ရေအားလျှပ်စစ် စီမံကိန်းမှ တရုတ်ဝန်ထမ်း ၃ဝ ကျော်ကို တရုတ်ကုမ္ပဏီက ကားဖြင့် လာခေါ်သော်လည်း ထိုနေရာရှိ အစိုးရတပ်က ပြန်ခွင့်မပြုဟု သူက ဆက်ပြောသည်။
“သူတို့ မပြန်ခိုင်းဘူး၊ ပြန်ဖို့ ခွင့်မပေးဘူး။ တန်ဆာခံပုံစံ လုပ်နေတယ်။ သူတို့ လူဒိုင်းပေါ့နော်။ တရုတ်နဲ့ ပေါင်းနေရင် KIA က ပစ်မှာ မဟုတ်ဘူးဆိုတဲ့ ပုံစံမျိုး အကာအကွယ်ထားတာမျိုး ဖြစ်နေတယ်။ ဒီမနက်ထိ မပြန်ရသေးဘူး။ ” ဟု သူက ဆိုသည်။
No comments:
Post a Comment