စက်တင်ဘာ ၁၅ ရက်က ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကို ချီတက်ဆန္ဒပြခဲ့တဲ့ လယ်သမားတွေကို တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်က ငွေဆောင်ဒေသမှာ ဒီနေ့ သွားရောက် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။လယ်သမားတွေက သူတို့ရဲ့ လယ်တွေ၊ ဥယျာဉ်ခြံတွေကို ငါးလုပ်ငန်းဦးစီးက သိမ်းဖို့ လျာထားတာကို ဖျက်သိမ်းပေးဖို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့ကြတာပါ။ အဲဒီနေ့က လယ်သမားတွေကို နောက် ၃ ရက်ကြာရင် လာတွေ့မယ်လို့ ကတိပေးခဲ့ပြီးနောက် ဒီနေ့မှာ တိုင်းဝန်ကြီးချုပ်က လယ်သမားတွေနဲ့ လာရောက် တွေ့ဆုံတာပါ။
ငွေဆောင်နဲ့ ချောင်းသာကမ်းခြေ ကြားမှာ ငါးလုပ်ငန်းက လျာထားတဲ့ မြေဧက (၈၀၀) ရှိပြီး၊ အဲဒီမြေတွေထဲက မြေ (၂) ဧကရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဒေါ်မနီက အခုလို ပြောပါတယ်။
“စိတ်အေးအေးနေပါ၊ လယ်တွေပြန်ရအောင် စည်းကမ်းတွေ ပြောင်းလဲနေပါပြီလို့ ပြောပါတယ်။ သူကိုယ်တိုင်လည်း လယ်သမား သားသမီး လို့ ပြောပါတယ်၊ ပြည်သူလူထုလက်ထဲ လယ်တွေပြန်ရအောင် ပြုလုပ်ပေးမှာပါလို့လည်း ပြောပါတယ်။ ကျမတို့ကို လက်ဆွဲနှုတ်ဆက်ပြီး ရည်ရည်မွန်မွန်ပဲ ပြောသွားပါတယ်။”
ဒီနေ့ ဦးသိန်းအောင်နဲ့ တွေ့တဲ့ လယ်သမား ၃၀ လောက်ရှိပြီး၊ နောက် ၂ ရက်ကြာရင် စစ်ဆေးရေးအဖွဲ့တွေ ထပ်လာမှာမို့ လယ်သမားတွေကို ခရီးမထွက်ဖို့ မှာသွားတယ်လို့ ဒေါ်မနီက ပြောပါတယ်။
၂၀၀၀ ပြည့်နှစ်ကစလို့ ငါးလုပ်ငန်း ဦးစီးဌာနက အဲဒီဒေသမှာ လယ်မြေတချို့ကို လျော်ကြေးမပေးဘဲ သိမ်းထားပြီး နောက်ထပ်လည်း သိမ်းဖို့ပြင်နေတဲ့အတွက် လယ်သမားအင်အား ၂၀၀ နီးပါးဟာ ကြာသပတေးနေ့တုန်းက ပုသိမ်မြို့တပတ် ငြိမ်းချမ်းစွာ ချီတက်သွား ကြပြီးနောက် ၀န်ကြီးချုပ်ရုံးအထိ သွားရောက် စာပို့ခဲ့တာ ဖြစ်ပါတယ်။
No comments:
Post a Comment