
ခန္ဓာရှိရင် ဝေဒနာရှိတယ်ဆိုတဲ့ စကားကို စိတ်ထဲ မှတ်မှတ်ထင်ထင် ရှိရတဲ့နေ့က ကျမ ချော်လဲတဲ့နေ့ပါပဲ။ ဒုက္ခသည် စခန်းမှာ မိုးမပြတ်ပါဘူး။ ရိက္ခာမီးသွေး ထုတ်ရာကအပြန် တောင်ကုန်းအဆင်းက ရေညှိကို နင်းမိရာက လဲကျတာ
လေ။
ထမင်းချက်ရာမှာ အသုံးပြုရတဲ့ ဒီမီးသွေးကို မြင်တော့ ငါ့ခန္ဓာကိုယ် အစိတ်အပိုင်းတခုကို အရင်းအနှီးပြုပြီး ချက်နေရ တာလို့ ခံစားမိတယ်။ ညာဘက်လက်ကောက်ဝတ် နေရာမှာ နာကျင်ပြီး လက်တခုလုံး ယောင်လာတယ်။ အရေးပေါ် ဓါတ်မှန်ရိုက်ဖို့ ဒုက္ခသည်စခန်းမှာ မဖြစ်နိုင်ပါဘူး။
ဒုက္ခသည်တွေ အားထားရာ AMI ဆေးရုံလေးဆီကို ကျမအားကိုးတကြီး ကျမသွားရတယ်။ ဆေးရုံသွားရာမှာ လူနာ
က ကိုယ့်အားကိုယ်ကိုးပဲ။ မိနစ်နှစ်ဆယ်ကြာ ခြေလျင် လျှောက်သွားရတယ်။ မိုးရေတွေကြားမှာ ဒုက္ခသည် စခန်းလေးက ကျမလို အားငယ်နေပုံရတယ်။
တခြားဆေးရုံတွေမှာလို ဆေးဝါးကိရိယာ မပြည့်စုံပေမယ့် အဲဒီဆေးရုံတွေက မရတဲ့ ကြင်နာမှုတွေကို AMI ဆေးရုံ
လေးမှာ ကျမခံစားရတယ်။ ကရင်လူမျိုးဆရာ၊ ဆရာမ ဆေးရုံဝန်ထမ်းတွေက ကျမကို နွေးနွေးထွေးထွေး ကြိုဆို
တယ်။
အုန်းဖန်မြို့လေးကနေ လာရတဲ့ ဆရာဝန်မ အလာနဲ့ ကျမရောက်တဲ့ အချိန်က အတိအကျ ချိန်းဆိုထားသလိုပါပဲ။ ဆရာဝန်မကိုမြင်တော့ ဆေးရုံတခုလုံးက လူနာတွေနဲ့အတူ ကျမပါ အားရှိသွားတယ်။ ဆရာဝန်မက ကျမ ညာဘက် လက်ကို ပြန်ဖြောင့်ပေးဖို့ ဆေးရုံက တာဝန်ရှိသူတွေကို ညွှန်ကြားပါတယ်။
ယောက်ျားအားနဲ့ ခပ်သာသာ ဆွဲလိုက်တဲ့ အချိန်မှာ ဖြစ်ခါစထက်တော့ လက်က ကြည့်ကောင်းသွားတယ်။ ပတ်တီး စီးပေးပြီး ကျမကို နောက်နေ့ရက် ချိန်းပေးလိုက်ပါတယ်။ ဒုတိယနေ့မှာ လက်အယောင် မကျဘူး။ ဆေးရုံကိုသွား
တော့ ဆရာဝန် မရှိလို့ သည်းခံစောင့်ပါတဲ့။
တတိယမြောက်နေ့ ဆရာဝန်မ ရောက်လာတဲ့အချိန်မှာ ကျမလက်ကိုကြည့်ပြီး အုန်းဖန် ဆေးရုံကိုသွားဖို့ အတည်ပြု
ပေးတယ်။ အုန်းဖန်ဆေးရုံကို သွားတဲ့အခါ AMI ဆေးရုံကားနဲ့ သွားရပါတယ်။ ဒုက္ခသည် ကျမတို့ အတွက် စခန်းအတွင်းက ထွက်ခွာခွင့် လက်မှတ် အထူးတင်စရာ မလိုတော့ဘူး။ ဆေးရုံ လူနာစာရင်းနဲ့ သွားခွင့်ရတယ်။
လိုအပ်တဲ့ ပစ္စည်းထုတ်လေးနဲ့ ကျမတို့ရင်ထဲ စိုးရိမ်စိတ် အပြည့်ထည့် သွားခဲ့ကြတယ်။ လအတန်ကြာ မပြတ်တမ်း ရွာသွန်းနေတဲ့မိုးကြောင့် လမ်းတွေ ပျက်ကုန်တယ်။ ကျမညာဘက်လက်ကို ပုဆိုးနဲ့ သိုင်းလွယ်ပြီး ဘယ်ဘက်လက်နဲ့
ခေါင်းပေါ်က ကားအပိုးတန်းကို ကိုင်လိုက်ရတယ်။
ချိုင့်တွေ ကွေ့ပတ်ရှောင်တိမ်း မောင်းနေပေမယ့် ရှောင်စရာ မရှိတဲ့အခါ ချိုင့်ထဲကပဲ ကားပိုမောင်းရတယ်။ ကျမ လက်တွေ အပြင် ကျမရင်ထဲက ကလီဇာတွေကိုပါ ခိုင်မခိုင် နို့ဖို့မဲဆောက် ကားလမ်းက စမ်းသပ်နေပုံ ရတယ်။
အုန်းဖန်မြို့ ဝင်ခါနီး အစိမ်းနဲ့ အဝါ ရောထားတဲ့ ပြောင်းခင်းတွေကို တမျှော်တခေါ် မြင်ရပြီ။ တောင်တန်းတွေကြား
မှာ အစိမ်းအဝါ ဆေးစက်တွေ ကြဲပက်ထားတဲ့ ပန်းချီကားတချပ်လို လှပနေတဲ့ သဘာဝရှုခင်းကို ဝေဒနာကြားက
ကျမ ခံစားမိသေးတယ်။
အုန်းဖန်မြို့လေးက မြန်မာပြည်က ပြင်ဦးလွင်မြို့လေးနဲ့ သိပ်တူပါတယ်။ ကျမတို့ ဒုက္ခသည်စခန်းက လာသူတွေ အတွက် အဆောင်မှာ နေရတယ်။ ဆေးရုံနဲ့ ငါးမိနစ်ပဲ ဝေးတဲ့အဆောင်က ခြံကျယ်ကျယ် နှစ်ထပ်အိမ်ကြီးပါ။ ခြံဝန်းထဲမှာ နှစ်ရှည်သီးပင်တွေ အများကြီး စိုက်ထားပါတယ်။ ကျွန်းပင် အလုံးလိုက်ကို အိမ်တိုင် လုပ်ထားတဲ့ အိမ်ကြီးရဲ့ ကြမ်းခင်းတွေ နံရံတွေက ပျဉ်းကတိုးတွေ သစ်သားကြမ်းခင်းရဲ့ အထိတွေ့က သက်တောင့် သက်သာ ရှိလိုက်တာ။
ဒုက္ခသည် စခန်းထဲက ကျမတို့ တဲအိမ်လေးတွေနဲ့များ သပ်သပ်စီပဲ။ တဲအိမ်ဝါးကြမ်းခင်းတွေက စန္ဒရား ခလုပ်လိုပဲ။ နင်းမိရင် အသံစုံ ထွက်တတ်တယ်။ တဲအိမ်ထဲ ဝင်မယ်ဆိုရင် ခေါင်းငုံ့ ဝင်ရတယ်။လေးစားရို့ကျိုးတဲ့ နေရာလို့ ကြံဖန် တွေးမိရသေးတယ်။ ကျမတည်းခိုရတဲ့ အဆောင်က ထမင်းကျွေးပါတယ်။
ထမင်းစားဖို့ ကရင်လို "အော့မေ" လို့ ပြောလိုက်ရင် လူနာစောင့်တွေ၊ လူနာတွေ ထမင်းစားခန်းထဲ သွားရတယ်။ မနက်စောစောဆို ကြက်ဥပြုတ် နှစ်ယောက်စာ သုံးလုံး၊ နေ့လည်စာ အတွက် ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ကြက်ဥ
ရောကြော် ထားတဲ့ဟင်း၊ ညနေစာ အတွက်ဆို ကြက်သား နုတ်နုတ်စင်းထားပြီး ခရမ်းသီး ကျောက်ဖရုံသီး
ရောချက်ထားတဲ့ဟင်း။ ထမင်းကတော့ လိုသလောက်ရတယ်။ ဟင်းကတော့ ဝေပုံကျပဲ။ ပူပူနွေးနွေးဆိုတော့ စားလို့ ကောင်းတယ်။
အဝေရာပင်က အရွက်နုလေးတွေ ခူးပြီး အစိမ်းတို့စားတော့လဲ ထမင်းမြိန်တာပဲ။ မနက်၈နာရီဆို နို့ဖိုး၊ အုန်းပြန့် ဒုက္ခသည်စခန်းက လူနာတွေကို AMI က ကားနဲ့လာကြိုပြီး အုန်းဖန် ဆေးရုံကို လိုက်ပို့ပေးတယ်။ အုန်းဖန်ဆေးရုံမှာ ကျမတို့ လူနာတွေအတွက် စကားပြန် ဆောင်ရွက်ပေးမယ့် ဝန်ထမ်းတယောက် ပါပါတယ်။ အဲဒီဝန်ထမ်းက ထိုင်းစကား၊ ကရင်စကား၊ ဗမာစကား ဘာသာစကား သုံးမျိုး တတ်သူပါ။
အုန်းဖန်ဆေးရုံက ကျယ်ဝန်းသပ်ရပ်ပါတယ်။ သိပ်ကိုသန့်ရှင်းတယ်။ အနံ့အသက်မရှိဘူး။ ဆေးရုံအဝင်မှာ ထိုင်းဘုရင့် သားတော် မိသားစု ဓါတ်ပုံက ကျမတို့ကို ဆီးကြိုနေပါတယ်။ ဆရာဝန် ဆရာမတွေရဲ့ ယူနီဖောင်းတွေကလဲ သပ်ရပ်ကြတယ်။ သူနာပြုဆရာမတွေက အဖြူရောင် အင်္ဂျီာ၊ မီနီစကတ် ဝတ်ပြီး အဖြူအနက်အကြား ခေါင်းဆောင်း
လေးတွေနဲ့ပါ။
မွေးလူနာဆောင်မှာ တာဝန်ကျသူတွေက အဝါရောင်ကုတ် အင်္ကျီနဲ့ ဘောင်းဘီကို ဝတ်ထားတယ်။ လမ်းလျှောက်ပုံ
က အစ အားလုံးက တင့်တင့်တယ်တယ် ထယ်ထယ်ဝါဝါနဲ့ ကြည့်လို့ ကောင်းလှပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိတဲ့ မျက်နှာကိုယ်စီနဲ့ပါ။
ဒုက္ခသည်စခန်းက လာသူ ကျမလို လူနာတွေ အတွက် ဝန်ထမ်းက စာရွက်စာတမ်း ပေးလိုက်ယုံပဲ။ ထိုင်းလူမျိုးတွေ၊
ရွှေ့ပြောင်း မြန်မာလုပ်သားတွေ အတွက် လူနာမှတ်ပုံတင်တဲ့ နေရာရှိတယ်။ ဘတ်ငွေ နှစ်ဆယ် ပေးလိုက်ရင်
ချက်ချင်း မှတ်ပုံတင်၊ လူနာစာရင်း သွင်းပေးတယ်။ အကြာကြီး စောင့်စရာမလိုဘူး။
ပလပ်စတစ် လောင်းပြီးသား မှတ်ပုံတင် ကဒ်ပြားကို ကိုင်ဆောင်ထားတဲ့ လူနာဟာ အချိန်မရွေး အခမဲ့ ဆေးကုသ
ခွင့် ရသွားပြီ။ ကျမတို့လို ဒုက္ခသည် လူနာတွေ အတွက်တော့ AMI က ဆေးဖိုးအားလုံး ရှင်းပေးရတယ်။ ညနေဆို အုန်းပြန့်၊ နို့ဖိုးဒုက္ခသည်စခန်းက လူနာသစ်တွေ ရောက်လာကြပြီ။
မနက်ရှစ်နာရီ ဆိုရင်တော့ အုန်းဖန် ဆေးရုံမှာ ကုသလို့မရတဲ့ လူနာတွေ မဲဆောက်ဆေးရုံကို သွားဖို့နဲ့ အုန်းပြန့်ကို
ပြန်မယ့် ဒုက္ခသည် လူနာတွေကို လာကြိုပြီ။ နို့ဖိုး ဒုက္ခသည်စခန်းကို ဝေဒနာ သက်သာတဲ့ လူနာတွေပြန်ဖို့ ကား
နှစ်စီး တပြိုင်နက် ရောက်လာကြတယ်။
ဆေးရုံအဆောင်မှာ ခင်မင်ရင်းနှီးသွားတဲ့ ဒုက္ခသည် လူနာအချင်းချင်း အပြန်အလှန် အားပေး နှုတ်ဆက်သံတွေနဲ့ အဆောင်ခြံဝင်းတခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေတတ်တယ်။ နေ့လည်နေ့ခင်းမှာတော့ အဆောင်တခုလုံး တိတ်ဆိတ်
နေပါတယ်။ လူနာအချင်းချင်း ဘဝအမြင်ချင်း ဖလှယ်ကြတဲ့ အသံပဲ ရှိပါတယ်။
ကျမစိတ်ထဲ မှတ်မှတ်ထင်ထင် ရှိခဲ့တဲ့ လူနာနှစ်ဦး ရှိပါတယ်။ တဦးက ခြောက်လသားအရွယ် ခေါင်းမှာ ရေအိတ် တည်နေတဲ့ လူနာကလေးပါ။ ကလေးကကြီးမားတဲ့ ဦးခေါင်းကို မထိန်းနိုင်တော့ ပက်လက်လှန် ထားရတယ်။
နှစ်နာရီခြား တခါ နာနာကျင်ကျင် ငိုကြွေးနေတဲ့ ကလေးကို ကြည့်ပြီး ကျမခံစားနေရတဲ့ ဝေဒနာကို မေ့သွားတယ်။ သူ့မိခင်က အသက်နှစ်ဆယ်အရွယ် ကလေးသုံးယောက် မိခင်ပါ။ ဆယ့်လေးနှစ်သမီးမှာ အိမ်ထောင် ကျခဲ့တယ်တဲ့။
မိခင်နို့ မလုံလောက်တော့ သကြားကို ရေနဲ့ ဖျော်ပြီး ကလေးကို တိုက်ရတယ်။ မိခင်နို့ မလုံလောက်ရှာဘူး။ အာဟာရ ချို့တဲ့နေတဲ့မိခင် နို့မထွက်တာလဲ အပြစ်မရှိပါဘူး။ ဝါကျင်နေတဲ့ ရေသန့်ဘူးဟောင်းထဲက နောက်ကျိနေတဲ့ ရေနဲ့ ကလေးကို သကြားရည် ဖျော်တိုက်တော့ ကျမတို့မှာ ရင်ဘတ်စည်တီးပါပဲ။
ဘဝအသိ၊ ပညာအသိ ဘာမှမရှိရှာပေမယ့် မိခင်စိတ်ကတော့ ပြည့်စုံရှာတယ်။ သားငယ်ကို တယုတယ ပိုက်ထွေးပြီး မအိပ်မနေ ပြုစုရှာတယ်။ သားငယ်ကို ချစ်ခင်ယုယစွာ တရှုံ့ရှုံ့နမ်းနေတဲ့ သူတို့သားအမိကို ကံကြမ္မာက ဘယ်အတိုင်း အတာ အထိ မျက်နှာသာပေးမလဲဆိုတာ ကျမ သိချင်လိုက်တာ။
နောက်တဦးကတော့ အုန်းပြန့် ဒုက္ခသည်စခန်းက မြေးအဘိုး နှစ်ယောက်ပါပဲ။ ကျမရောက်ပြီး သုံးရက်မြောက်နေ့မှာ သူတို့ မြေးအဘိုး ရောက်လာပါတယ်။ မြေးလူမမာကို စောင့်ရှောက်မယ့် အဘိုးက မျက်စိမမြင်ပါဘူး။ အဘိုးကို လူမမာမြေးမလေးက တွဲခေါ်လာရတယ်။ မိဘမဲ့ မြေးလေးကို စောင့်ရှောက်တဲ့ အဘိုးအတွက် ကျန်သူတွေက စုတ်တသပ်သပ်ပါ။
ဘဝတွေ အမျိုးမျိုး ရှိတယ်တဲ့။ ဘဝအလွဲတွေကြား ဒီလိုပဲ ဖြတ်သန်းနေရဦးမယ်။ ခြောက်ရက်မြောက်နေ့မှာ ညာဘက် လက်ကောက်ဝတ် အရိုးအက်သွားတဲ့ ကျမလက်ကို ကျောက်ပတ်တီးကိုင်ပြီး နို့ဖိုး ဒုက္ခသည်စခန်းကို ပြန်ခဲ့ပါတယ်။
မျက်မမြင် အဘိုးက ကျမကို နှုတ်ဆက်စကား ဆိုပါတယ်။ "သံသရာ ဝဋ်ဒုက္ခက အမြန်ဆုံး လွတ်မြောက်ပါစေ" တဲ့။ ကျမနဲ့ အတူ လေးဆယ့်ခြောက်နှစ်လုံးလုံး ဘဝအချိုအခါးကို အတူရင်ဆိုင်ခဲ့တဲ့ ညာဘက်လက်၊ အကျဉ်းကျ မိသားစုဝင် အဖြစ်၊ ဒုက္ခသည် အဖြစ် ဘဝကို ဖြတ်သန်းရာမှာ လောကဓံကို ရဲရဲရင်ဆိုင်နိုင်ခဲ့တာ သတ္တိဆိုရင် ဒီသတ္တိကိုကျမ ညာဘက်လက် ကလေးက ပေးခဲ့တာ။ ဒုက္ခကလူကို လိုအပ်ပေမယ့် လူကဒုက္ခကို မလိုအပ်ပါဘူး။
No comments:
Post a Comment