ပြီးခဲ့တဲ့ မတ်လ ၃၀ ရက် နေ့မှာ ဗိုလ်ချုပ် ကြီးမင်းအောင်လှိုင် ဟာ မြန်မာ့ တပ်မတော်ရဲ့ အမြင့်ဆုံး ဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာ ပါပြီ။ သူဟာ ၁၀ ဦးမြောက် ကာကွယ်ရေး ဦးစီးချုပ်ပါ။ ဗိုလ်ချုပ် မှူးကြီး သန်းရွှေ တရားဝင် ရာထူး လွှဲပြောင်း ပေးပြီး နောက်ပိုင်းမှာ ဦးစီး ချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ တပ်မတော်မှာ အဖွဲ့ အစည်း ပိုင်းကို သိသာ မြင်သာတဲ့ အပြောင်း အလဲတွေ စတင် လုပ်ဆောင် နေပြီလို့ ပြည်တွင်း ပြည်ပ စစ်ရေး အကဲခပ်တွေက သုံးသပ်ကြ ပါတယ်။မြန်မာ့ တပ်မတော် ဖွဲ့စည်းပုံ စနစ်တွေ ပြောင်းလဲ လာပုံကို လေ့လာ သူတွေရဲ့ သုံးသပ်ချက် တွေနဲ့ တင်ပြပါ့မယ်။
ဗိုလ်ချုပ် မှူးကြီး သန်းရွှေ လက်ထက် တုန်းက ရပ်နား ထားတဲ့ တနိုင်ငံ နဲ့တနိုင်ငံ တပ်မတော် အချင်းချင်း လေ့ကျင့်ရေး သင်တန်း တွေကို စေလွှတ် တာတွေ ပြန်လည် စတင် လာပြီး စစ်ဆင်ရေး အတွက် အရေး ကြီးတဲ့ ဌာန အဖွဲ့ အစည်း တချို့ ကိုလည်း ဖျက်သိမ်းနေတယ်လို့ သိရ ပါတယ်။
ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ တပ်မတော်အကြီးအကဲ ဖြစ်လာပြီး မကြာခင်မှာပဲ ကစထ (စစ်ဆင်ရေးအထူးအဖွဲ့မှူး) ရာထူးတွေ၊ အရေးကြီးတဲ့ စစ်တိုင်းမှူးတွေကို ထုတ်ပစ်တာတွေ၊ နေရာအပြောင်းလဲတာတွေ လုပ်လာပါတယ်။
စစ်ရုံးက ထိပ်ပိုင်းဗိုလ်ချုပ်တွေကိုလည်း လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ပတ်သက်ပြီး ခေါ်ယူစစ်ဆေး မေးမြန်းနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်နောက်ပိုင်း တပ်မတော်ရဲ့ ဖွဲ့စည်းပုံနဲ့ နည်းစနစ် များများစားစား ပြောင်းလဲမသွားဘဲ စစ်ဆင်ရေးအထူးအဖွဲ့တွေပဲ ပြောင်းလဲသွားတယ်လို့ ထိုင်း-မြန်မာနယ်စပ်က စစ်ရေးအကဲခတ် ဦးကျော်ကိုက သုံးသပ်ပြောကြားပါတယ်။
“ဖွဲ့စည်းမှု ပုံသဏ္ဌာန်ကတော့ အများကြီး ပြောင်းတာတော့ မတွေ့ဘူး။ ဒါပေမယ့် သူ့ရဲ့ စနစ်ပိုင်းမှာတော့ တော်တော်လေးကို ပြောင်းသွားပုံရတယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းကတော့ ဗိုလ်ချုပ်သန်းရွှေတို့ စသည်ဖြင့် ဒီလိုထိပ်ပိုင်း တဦးနှစ်ဦးလောက်မှာ အာဏာတည်ထားပြီးတော့ တော်တော်များများကို ဆုံးဖြတ်လုပ်ကိုင်နေမှုကနေ အခုတော့ သူတို့ တစုံတရာ လွှဲသွားတယ်။ ဒါမှမဟုတ် နောက်ဆုတ်သွားတာပေါ့။ ဒီလို အသစ်ပြန်တက်လာတဲ့ စစ်ခေါင်းဆောင် အသစ်တွေ ကြားထဲမှာတော့ အုပ်ချုပ်မှုပိုင်းဆိုင်ရာတွေမှာ မနိုင်နင်းမှုနဲ့ အားလုံးကို ထိန်းချုပ်ကိုင်တွယ်နိုင်မှုပေါ့။ ဒီအပိုင်းမှာတော့ ကျနော်ထင်တယ် ပြဿာနာ ရှိနိုင်မယ် ထင်တယ်။ စုဖွဲ့မှုကတော့ အများကြီး မသိသာပေမယ့် ကစထ ပိုင်းမှာတော့ တစုံတရာ အပြောင်းအလဲ ရှိမယ်လို့ နှိုင်းကြည့်နိုင်တယ် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် ကစထမှူးက လောလောဆယ် သတင်းထွက်ပေါ်လာမှု အခြေအနေတွေကို အတည်ပြုမယ်ဆိုရင် ၂ ယောက်လောက်ပဲ ကျန်တော့မယ်။ အဲဒါဆိုတော့ ဟိုးအရင်ခေတ်တုန်းကလိုပဲ ကစထတွေကို တခုနှစ်ခုလောက်ပဲ ထားတော့မယ်။ ကျန်တဲ့ဟာတွေကို ပြန်ပြီးတော့ အစားမထိုးတော့ဘဲနဲ့ ဒီအတိုင်းထားမယ်ပေါ့။ ဒါမျိုးလည်း ဖြစ်နိုင်တယ်။ အုပ်ချုပ်ရေးနဲ့ စစ်ရေးပိုင်းတွေမှာ ဟန်ချက်ညီ ထိန်းသိမ်းနိုင်ဖို့ အတွက် ပထမဦးဆုံး စုဖွဲ့မှုပုံစံရဲ့ အပြောင်းအလဲ တခုလို့ မှတ်ယူမယ်ဆိုရင် ရနိုင်မယ် ထင်တယ်။”
ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့အကြောင်းကို အကျဉ်းချုံး ပြောပြလိုပါတယ်။ ‘ကစထ’မှူးလို့ လူသိများတဲ့ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ဆိုတာကို မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ဦးနေဝင်း လက်ထက် ၁၉၇၉ ခုနှစ်မှာ စတင်ဖွဲ့စည်းပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ စစ်တိုင်းမှူးတွေကို ကြီးကြပ်ကွပ်ကဲဖို့နဲ့ စစ်ဆင်ရေးတွေမှာ ဦးဆောင်ညွန်ကြားဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာပါ။
စစ်တပ်က မြန်မာနိုင်ငံကို အထက်ပိုင်းနဲ့ အောက်ပိုင်းဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်။ ပထမဦးဆုံး မြန်မာနိုင်ငံအထက်ပိုင်း ကစထအဖွဲ့ ၁ မှူးကတော့ မြန်မာတပ်မတော်မှာ နပိုလီယံလို့ လူသိများတဲ့ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းရီ ဖြစ်ပြီး မြန်မာနိုင်အောက်ပိုင်း ကစထအဖွဲ့ ၂ မှူးကတော့ အငြိမ်းစား ဗိုလ်ချုပ်တင်စိန် ဖြစ်ပါတယ်။
၁၉၈၈ စစ်တပ်က အာဏာသိမ်းအပြီးမှာ ‘ကစထ’အဖွဲ့တွေကို ဖျက်သိမ်းလိုက်ပြီး စစ်ဆင်ရေးဖြစ်နေတဲ့ ဒေသတွေကိုပဲ မူတည်ပြီးတော့ စစ်ဆင်ရေး အထူးအဖွဲ့မှူးဆိုပြီး ခန့်အပ်ပါတယ်။
၂၀၀၁ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ စစ်ဆင်ရေးအထူးအဖွဲ့မှူး ၄ နေရာကနေ ၆ နေရာအထိ တိုးချဲ့ဖွဲ့စည်းလာပါတယ်။ ‘ကစထ’မှူးလို့ လူသိများတဲ့ ကာကွယ်ရေးဝန်ကြီးဌာန အထူးစစ်ဆင်ရေးအဖွဲ့မှူးဆိုတာ စစ်ဆင်ရေးတွေကို ဦးဆောင်ရတာဖြစ်ပြီး တိုင်းမှူးထက် တဆင့်မြင်ပါတယ်။ စစ်ဆင်ရေးတွေသာမက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စတွေကိုလည်း ဦးစီးကွပ်ကဲညွှန်ကြားသူ ဖြစ်ပါတယ်။
စစ်ရေးအကဲခတ်တွေကတော့ နဂိုရှိပြီးသား ‘ကစထ’မှူး ၆ နေရာကနေ ၂ နေရာအထိ လျှာ့ချလိုက်တဲ့အတွက် မြန်မာစစ်တပ်မှာ ဖွဲ့စည်းပုံအရ ပြောင်းလဲတာလို့လည်း ပြောကြပါတယ်။
‘ကစထ’မှူး နေရာတွေကို ဖြုတ်ပစ်လိုက်ပေမယ့် ‘ကစထ’မှူးတာဝန် ယူခဲ့ဖူးတဲ့ ဒုတိယဗိုလ်ချုပ်ကြီးတွေကိုတော့ ဘာတာဝန်သစ်တွေကို ပေးထားသလဲဆိုတာ သတင်းတွေမှာ ပေါ်ထွက်လာခြင်း မရှိသေးပါဘူး။
တကယ်တော့ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာ ဒီလိုရာထူးတွေကို တိုးချဲ့ဖွဲ့စည်းထားပြီးတော့မှ ဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် လက်ထက်မှာ ‘ကစထ’မှူးတွေနဲ့ စစ်တိုင်းမှူးတွေ အများဆုံး နေရာရွှေ့ပြောင်း ဖယ်ရှားလိုက်တာနဲ့ပတ်သက်လို့ တပ်မတော်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူးအောင်လင်းထွဋ်က သုံးသပ်ပြောကြားပါတယ်။
“ထူးခြားတာကတော့ အားလုံးသိတဲ့အတိုင်းပဲလေ။ ဘာလို့ တိုင်းမှူးတွေနဲ့ တိုင်းမှူးအဆင့် ကစထမှူး အဆင့်တွေကို ဖြုတ်ပစ်ကြလဲ ဆိုတာ ဒါ တပ်မတော်မှာ တော်တော်ရှားပါတယ်။ ဘာပဲဖြစ်ဖြစ် တော်တော်လည်း များတယ်။ ဗိုလ်ချုပ် ထွန်းကြည်တို့၊ ဗိုလ်ချုပ်ကျော်ဘတို့ ပြုတ်တဲ့အချိန်က သူက စစ်တပ်ထဲမှာ မဟုတ်တော့ဘူး၊ ဆိုတာက ဝန်ကြီးကာလမှာ သူက ပြုတ်ကျတာ။ အခုဒါ စစ်တပ်ထဲမှာ တိုင်းမှူးအဆင့်တွေ၊ ကစထမှူး အဆင့်တွေ၊ လက်ရှိ ယူနီဖောင်းဝတ်ထားပြီးတော့ လက်ရှိ စစ်တပ်မှာ လုပ်ကိုင်နေတဲ့သူတွေ ပြုတ်တာက ဒီတကြိမ်ကတော့ အများဆုံးပဲ။ အခုလက်ရှိ ဖြစ်တဲ့သူတွေ အားလုံးဟာ ကျနော်တို့ထက် ငယ်တာ များပါတယ်။ ၂၂ အပတ်စဉ်တို့၊ ၂၃ အပတ်စဉ်တို့က ဖြစ်တာ ပိုများတာပေါ့။ အတွေးအခေါ်ပိုင်းပေါ့။ ကျနော်တို့ငယ်ငယ်တုန်း အတွေးအခေါ်ပိုင်းကတည်းက ကျနော်တို့အချင်းချင်းက သင်တန်းတွေ ကျန်တဲ့ နေရာတွေမှာ ဆိုရင် အမြဲတမ်း ဝေဖန်တတ်ပါတယ်။ ဒီစနစ်ရဲ့ မကောင်းတာတွေ၊ ဒီအခြေအနေအရ မလှုပ်ရဲတာတွေ ကျနော်တို့ ရှိကြတာကိုး။ ၉၃-၉၄ လောက် ကျနော်တို့ စစ်ရုံးမှာ ရှိကတည်းကိုက ကျနော်တို့ သူငယ်ချင်းတွေ ကောက်ချက်ချတယ်လေ။ ဗိုလ်ချုပ်ကြီးသန်းရွှေသာ ဦးစီးချုပ် ဖြစ်လာမယ်၊ တိုင်းပြည်ခေါင်းဆောင် ဖြစ်လာမယ်ဆိုရင် တပ်ပျက်ပြီ၊ တိုင်းပြည်လည်း ပျက်ပြီလို့ ကျနော်တို့ ပြောကြပါတယ်။”
မြန်မာတပ်မတော်မှာ အခုလို ‘ကစထ’မှူးတွေ၊ တိုင်းမှူးတွေကို အစုအပြုံလိုက် နေရာရွှေ့ပြောင်းဖယ်ရှားတာမျိုးဟာ ဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် လက်ထက်မှာပဲ ဖြစ်လာခဲ့တာပါ။ ‘ကစထ’မှူးတွေနဲ့ တိုင်းမှူးတွေ အပြောင်းအလဲ ဖြစ်တာဟာ ဒီပုဂ္ဂိုလ်တွေရဲ့ အမိန့်မနာခံမှုနဲ့ လာဘ်ပေးလာဘ်ယူ မှုတွေကြောင့် ဖြစ်ရတာလို့လည်း ပြောဆိုဝေဖန်တာတွေ ရှိပါတယ်။
မြန်မာ့တပ်မတော်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်တုန်းကနဲ့ ကွားခြားတာတွေ ရှိနေပြီလို့လည်း စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
‘ကစထ’မှူး ၆ နေရာကနေ ၂ နေရာထိ ပြန်လျှော့ချထားတာကြောင့် တပ်မတော်မှာ အုပ်ချုပ်မှု မနိုင်နင်းတာတွေ၊ ထိန်းချုပ်မှု လစ်ဟာတာတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ တပ်တွင်း ပြောင်းလဲမှုတွေကြောင့် လက်ရှိတပ်မှူးတွေထဲမှာ သံသယတွေ ပိုများနေတယ်လို့ စစ်ရေးအကဲခတ် ဦးကျော်ကိုက သုံးသပ်ပါတယ်။
“လောလောဆယ်ကတော့ ကောင်းတဲ့ဘက်ကိုတော့ အများကြီး မမြင်နိုင်သေးဘူးပေါ့ဗျာ။ လောလောဆယ် တပ်ထဲမှာ အပြောင်းအလဲ ဖြစ်လာတဲ့ အပေါ်မှာတော့ လူတွေက ဝေဖန်ချက် နည်းနည်း ရှိနိုင်တယ်။ နောက် လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ တပ်မှူးတွေ၊ စစ်ခေါင်းဆောင်တွေ ကြားထဲမှာလည်း သို့လောသို့လော သံသယစိတ်တွေက ပိုများလာနိုင်မယ် ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအရေးယူမှုတွေ၊ စစ်ဆေးမှုတွေကို တောက်လျှောက် ဒီဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တာဝန်ယူပြီးနောက်ပိုင်း စပြီး ထွက်ပေါ်လာတာပေါ့နော်။ လောလောဆယ် တပ်ပိုင်းနဲ့ မတည်ငြိမ်မှု ပြန်ပြောမယ်ဆိုရင် မကောင်းတဲ့ဘက်က ပိုများနေတာပေါ့။”
မြန်မာတပ်မတော်တွင်း ပြောင်းလဲမှုတွေဟာ တိုင်းပြည်အတွက် နိုင်ငံရေးအရ အကောင်းဘက်ကို ဦးတည်နေတာမဟုတ်ဘဲ တပ်ထဲက မတည်ငြိမ်မှုတွေကတော့ အတွင်းပဋိပက္ခဆီကို ဦးတည်နေတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။
ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ တပ်မတော်ထဲမှာ ပြုပြင်ပြောင်းလဲနေသလို တပ်တွင်းစည်းကမ်းပိုင်းနဲ့ အဂတိ လိုက်စားမှုကိစ္စတွေကိုလည်း သေသေချာချာ ကိုင်တွဲမယ်လို့လည်း ပြည်ပရောက် တပ်မတော်အရာရှိဟောင်းတွေက သုံးသပ်ကြပါတယ်။
No comments:
Post a Comment