ကာကွယ်ရေး ဦးစီး ချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင် ဟာ မတ်လ ၃၀ ရက် နေ့မှာ တရားဝင် ရာထူး လွှဲပြောင်း ယူပြီးတဲ့ နောက်မှာ မြန်မာ တပ်မတော် ထဲမှာ အဖွဲ့ အစည်းပိုင်း ဆိုင်ရာ ပြောင်းလဲ မှုတွေ သိသိ သာသာ လုပ်ဆောင် လာတာကို ပြီးခဲ့တဲ့ အပတ်က တင်ပြပြီး ဖြစ်ပါတယ်။ဒီတပတ် မှာတော့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဟာ သူကိုယ် တိုင်က တပ်မတော် ထဲမှာ တကယ်ကို ပြုပြင် ပြောင်းလဲ မှုတွေ လုပ်ချင် ခဲ့လို့ လုပ်နေ တာလား၊ ဒါမှ မဟုတ် အာဏာ ရှင်ဟောင်း ဗိုလ်ချုပ် မှူးကြီး သန်းရွှေရဲ့ ဆန္ဒတွေကို လုပ်ဆောင် ပေးနေ ရတာလား…။ ဗိုလ်ချုပ် မှူးကြီး သန်းရွှေ မြန်မာ တပ်မတော်မှာ ဩဇာ အာဏာ ဆက်လက်ရှိ သေးတယ် ဆိုတာကို မြန်မာ တပ်မတော်က အရာရှိ ဟောင်း တွေနဲ့ လေ့လာ သုံးသပ်သူ တွေရဲ့ သုံးသပ်ချက် တွေနဲ့ တင်ပြပေး သွားမှာပါ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို တရားဝင် လွှဲပြောင်း ပေးလိုက် ပေမယ့် မြန်မာတပ်မတော်ရဲ့ အရေးကြီးတဲ့ အမိန်ပေးညွှန်ကြားမှုတွေကို နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေတယ်။ နေပြည်တော်မှာရှိတဲ့ ကာကွယ် ရေးဦးစီချုပ်ရုံးလို့ခေါ်ဆိုတဲ့ အဆောက်အဦမှာ တပ်ချုပ်ကြီးရုံး ရုံးခန်းဖွင့်ထားပြီး တနိုင်ငံလုံးမှာရှိတဲ့ ကြည်းရေလေ တပ်ရင်း တပ်ဖွဲ့ အသီးသီးကို ဦးစီးကွပ်ကဲညွှန်ကြားနေတယ်လို့ မြန်မာစစ်တပ်ကအရာရှိတွေနဲ့ စစ်ရေးအကဲခတ်တွေက ပြောဆိုကြပါတယ်။
ထို့အတူပဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း၊ တပ်မတော် ညှိနိုင်းကွပ်ကဲရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်းတို့ဟာ ဗိုလ်ချုပ်မှုးကြီးဟောင်း ဦးသန်းရွှေကို နေ့စဉ် သတင်းပို့ပြီး ဦးသန်းရွှေရဲ့ အဆုံးအဖြတ်ကို နားထောင်ပြီးမှ စစ်ရေးကိစ္စတွေကို ဆောင်ရွက်ကြတယ်လို့လည်း ဆိုပါတယ်။
တရုတ်-မြန်မာနယ်စပ်က စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော်ကတော့ ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ စစ်ဘက်အတွေ့အကြုံ နည်းနေသေးတယ်၊ ကာကွယ်ရေးဦးစီးချုပ်အဖြစ် အာဏာမရှိသေးဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ကြည့်ခြင်းအားဖြင့် လည်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဟာ စစ်တပ်ကို နောက်ကွယ်ကနေ ကြိုးကိုင်နေတယ်လို့ သုံးသပ်ပြောပါတယ်။
“အခုလုပ်နေတဲ့အရာမှန်သမျှ မင်းအောင်လှိုင်က သူ့ဝိတ်နဲ့သူ သုံးလို့ မရဘူး။ မင်းအောင်လှိုင်ဆိုတာ မနေ့တနေ့ကမှ တက်လာတာ။ ဘယ်လိုနည်းနဲ့မှ သူ့ဝိတ်က သုံးလို့မရနိုင်ဘူး။ သူ့မှာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပါဝါက သူ့မှာ မရှိဘူး။ ကာကွယ်ရေး ဦးစီးချုပ်က သူ(ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ)ပဲ ဆက်ကိုင်ထားတာ။ အခု လှုပ်ရှားမှု အားလုံးကို သူပဲ ချုပ်ကိုင်ထားတာ။ ဒေါ်စုကို ဆွဲထိန်းထားတာ။ အားလုံးက သူ့နည်းနာတွေပဲ။ ကေအိုင်အေကို သူတို့ တိုက်တဲ့ ဖိနှိပ်တဲ့ ကိစ္စတွေက သူကလွဲရင် ဘယ်သူမှ မလုပ်နိုင်ဘူး။ ဗိုလ်သန်းရွှေပေါ့။ အများက သိတယ်၊ သူနောက်ကွယ်မှာ ရှိနေတယ်ဆိုတာကို။ ခုချိန်ထိ လေးလပတ်တွေ ဆိုရင် သူပါတာပဲလေ။”
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ရဲ့ အရေးကြီးတဲ့ အင်အား အာဏာ အပြန်အလှန် ထိန်းညှိဖို့အတွက် အစိုးရအဖွဲ့၊ တပ်မတော်၊ ပြည်ထောင်စုလွှတ်တော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လေးပွင့်ဆိုင်အနေအထားကို ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကနေ ချမှတ်ခဲ့ပါတယ်။
အရင်ကလို အထက်အောက် ဒေါင်လိုက် အမိန့်ပေးညွှန်ကြားတာမျိုး မဟုတ်တော့ဘဲ ဘေးတိုက် အပြန်အလှန် ညွှန်ကြားနေတာတွေကို တွေ့ရပါတယ်။
အဲဒီအတွက်လည်း စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ လက်ရှိတပ်မတော်က ဗိုလ်ချုပ်တွေ ကြားထဲမှာ အခုလို အကူးအပြောင်းကာလအတွင်း ပြဿနာပေါ်နိုင်တယ်လို့လည်း စစ်ရေးလေ့လာသူတွေက ထောက်ပြတာတော့ ရှိပါတယ်။
အဲဒီအတွက်လည်း အစိုးရအဖွဲ့၊ တပ်မတော်၊ ပြည်ထောင်စုလွှတ်တော်နဲ့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ဒီလေးဖွဲ့ကို ထိန်းညှိနိုင်ဖို့အတွက် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက တရားမ၀င် နောက်ကွယ်ကနေ လုပ်ဆောင်ပေးနေတယ်လို့လည်း NDD ဒီမိုကရေစီနှင့် ဖွံဖြိုးတိုးတက်ရေးကွန်ရက်အဖွဲ့ သုသေတနဌာနက ဦးဌေးအောင်က အခုလို သုံးသပ်ပါတယ်။
“အကူးအပြောင်း ကာလမှာ ပြဿနာတွေ ရှိနိုင်တယ်လို့ ကျနော်ထင်တယ်။ နောက်တခုက ကျနော်တို့ လေ့လာတွေ့ရှိချက်အရ သူတို့ တချို့နေရာတွေမှာ ပြဿနာလေးတွေ ပေါ်နေတယ်ဆိုတဲ့ အနေအထားတွေ တွေ့ရတယ်။ စပ်ကူမတ်ကူး ကာလမှာတော့ ဒေါင်လိုက် ဖွဲ့စည်းပုံကနေ အလျားလိုက် ဖွဲ့စည်းပုံ ပြောင်းတဲ့အခါမျိုးမှာ နောက်ကနေပြီးတော့ အားလုံးကို ထိန်းညှိပေးနိုင်တဲ့ ပုံစံတမျိုးတော့ လိုနေတာ အမှန်ပဲ။ အဲဒီတော့ အဲဒီနေရာက ကာလုံလို့ ခေါ်တဲ့ ကာကွယ်ရေးနဲ့လုံခြုံရေး အဖွဲ့ကလည်း ဒါမျိုးကို သိပ်လုပ်ပေးနိုင်မယ့် အနေအထားမျိုးလို့ ကျနော်က မထင်ဘူး။ အဲဒီတော့ ထိန်းညှိပေးဖို့က တရားဝင် ဖွဲ့စည်းပုံက မပါပေမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး တို့က နောက်ကွယ်ကနေ ဒါကို ထိန်းညှိပေးမယ့် ပုံစံမျိုး ရှိနိုင်တယ်။ အဲဒါက တရားဝင် ဥပဒေနဲ့ တရားဝင်အာဏာနဲ့ မဟုတ်တောင်မှပဲ သူတို့ရဲ့ အစတုန်းက ရှိထားခဲ့ဖူးတဲ့ ဩဇာအရှိန်အ၀ါတွေနဲ့ သုံးပြီးတော့ ဒီကြားထဲမှာ ထပ်ပြီးတော့ ထိန်းညှိပေးနေတာမျိုးတွေ လုပ်နေတယ်လို့ပဲ ကျနော်က ယူဆတယ်။”
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဟာ တပ်မတော်ကို နောက်ကွယ်ကနေ ထိန်းချုပ်ထားတာကို မြန်မာစစ်တပ်အတွင်းမှာ မကျေနပ်တဲ့ တပ်မှူးတွေ ရှိသလိုပဲ အကောင်းမြင်တဲ့ စစ်တပ်အရာရှိတွေလည်း ရှိနေပါတယ်။
ဦးသန်းရွှေ ရှိနေတဲ့အတွက်လည်း စစ်တပ်အတွင်းမှာ ၀ရုန်းသုန်းကား မဖြစ်နိုင်ဘူး၊ ဗိုလ်ချုပ်တွေကြားထဲမှာ ဖြစ်ပေါ်လာနိုင်တဲ့ အတွင်းပဋိပက္ခတွေကိုလည်း ရှောင်ရှားနိုင်လိမ့်မယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။
ဘယ်လိုပဲပြောပြော မြန်မာတပ်မတော်က အငြိမ်းစားအရာရှိတွေနဲ့ စစ်ရေးလေ့လာသူတွေကတော့ ဦးသန်းရွှေဟာ တပ်မတော်ကို နှစ်ပေါင်း ၂၀ နီးပါး ထိန်းချုပ်လာခဲ့တယ်၊ စစ်အုပ်ချုပ်ရေးယန္တရားကို သူရဲ့အတွေ့အကြုံနဲ့ ထိန်းကျောင်းလာခဲ့တာလို့ ပြောဆိုကြပါတယ်။
ဒါပေမယ့် ဦးသန်းရွှေဟာ မြန်မာတပ်မတော်ကို နောက်ကွယ်ကနေ ကြိုးကိုင်ထားတာဟာ မကောင်းဘူး၊ ဆိုးကျိုးဘက်ကိုပဲ ပိုမိုပြီး ဖြစ်စေတယ်လို့လည်း စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော်က ခုလို သုံးသပ်ပါတယ်။
“အကျိုးထူးတော့ မရှိပါဘူး။ သူတို့လည်း မရှိတော့ဘူးဆိုရင် တိုင်းပြည်အတွက် ပိုကောင်းမှာပေါ့။ တပ်မတော်လည်း ပိုကောင်းမှာပေါ့။ တပ်မတော်မှာ အမျိုးသားသစ်တခု ပြန်ပေါ်လာနိုင်တယ်။ တပ်မတော်ထဲမှာ မင်းအောင်လှိုင်လို လူမျိုးပေါ်လာသလိုပဲ အခြားအခြားသော သူမရှိတဲ့နောက်မှာ တပ်ကို ထိန်းနိုင်မယ့် concrete grip (အခိုင်အမာဆုပ်ကိုင်မှု) လျော့သွားတာ တပ်ထဲမှာ စဉ်းစားပြီး လုပ်ကိုင်မယ့် လူတော်လူမျိုးစုံပေါ့ ထွက်လာနိုင်တယ်။ အဲဒီမှာ ကောင်းတယ်ဆိုရင်လည်း ခေါင်းနည်းနည်း ထောင်လာနိုင်တာပေါ့။ မျိုးချစ်စိတ်ရှိတဲ့ တပ်မတော်ခေါင်းဆောင် တချို့ ထွက်လာနိုင်တာပေါ့။ နို့မိုဆိုရင်တော့ မရဘူး။ သူရှိနေသမျှတော့ တပ်က အကွဲအပြဲ ဖြစ်မှာပဲ။”
ဦးသန်းရွှေဟာ မြန်မာတပ်မတော်ကို အချိန် ဘယ်လောက်အထိ ကြာကြာ ထိမ်းချုပ်ထားနိုင်မလဲ၊ နောက်တက်လာတဲ့ စစ်တပ်က ထိပ်ပိုင်းဗိုလ်ချုပ်တွေက လည်း ဦးသန်းရွှေရဲ့ ဩဇာအာဏာ လွှမ်းမိုးတာကို လက်ခံနိုင်မလဲဆိုတာ မေးစရာမေးခွန်းတွေ ရှိပါတယ်။ ဒါပေမယ့် စစ်ရေးလေ့လာသူတွေကတော့ ဦးသန်းရွှေဟာ အရင် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌဟောင်း ဦးနေ၀င်းကနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခံရသူဖြစ်တယ်။ ဦးသန်းရွှေဟာ စစ်တပ်ဦးစီးချုပ်အဖြစ် ၁၀ နှစ်နီးပါးအကြာမှာ ဦးနေ၀င်းရဲ့ လွှမ်းမိုးမှုကို ဖယ်ရှားနိုင်ခဲ့ပြီးတော့ ဦးနေ၀င်းရဲ့ မိသားစုဝင်တွေကို ထောင်ချအရေးယူတာတွေ၊ ဦးနေ၀င်းမိသားစုရဲ့ အကျိုးစီးပွားကိုလည်း ထိန်းချုပ်ခဲ့တာ တွေ့ရပါတယ်။
ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အပါအ၀င် နောက်တက်လာတဲ့ စစ်ဗိုလ်ချုပ်တွေကလည်း သူတို့ခြေထောက်ပေါ် သူတို့ ရပ်တည်လာနိုင်ပြီး သူတို့ကိုယ်သူတို့ ယုံကြည်မှု ရှိလာရင်တော့ တရားဝင်ဖွဲ့စည်းပုံမှာ မပါတဲ့ ဦးသန်းရွှေရဲ့ အခန်းကဏ္ဍကိုလည်း လေးစားလိုက်နာစရာ မလိုဘူးလို့လည်း စစ်ရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။ အာဏာ အပြန်အလှန် ထိန်းညှိစရာ အခိုက်အတန့် ကာလမှာတော့ အခက်အခဲ ရှိနေသေးတဲ့အတွက် ဦးသန်းရွှေကို လက်ခံထားနိုင်ပြီးတော့ စစ်တပ်မရှိတဲ့ ဦးသန်းရွှေရဲ့ အခန်းကဏ္ဍဟာလည်း ဆက်လက်ပြီး စစ်တပ်အပေါ် ဩဇာလွှမ်းမိုးနိုင်မှာ မဟုတ်ဘူးလို့လည်း စစ်ရေးလေ့လာသူ ဦးဌေးအောင်က သုံးသပ်ပြောဆိုပါတယ်။
“စစ်တပ်မှာ အမိန့်အာဏာကို လိုက်နာတယ်ဆိုတာက သူတို့မှာ တရားဝင် ပခုံးပေါ်မှာ အပွင့်တွေရှိနေတဲ့ကာလမျိုး၊ ဖွဲ့စည်းပုံမှာ တရားဝင် အာဏာရှိနေတဲ့ ကာလမျိုးမှာပဲ အောက်က လိုက်နာကြတာများတယ်။ သူတို့ပြုတ်သွားတာနဲ့ တပြိုင်နက် သူတို့ မော်တော်ကား ကိုမောင်း တဲ့ ရိုးရိုးကားဒရိုင်ဘာ စစ်သားကအစ၊ နောက် သူတို့ခြံစောင့်တဲ့စစ်သားကအစ သူတို့ကို လုံးဝဂရုစိုက်တော့တာ မဟုတ်ဘူး။ အစက တည်းကလည်း ဘာကြောင့်လည်းဆိုတော့ သူတို့အပေါ်မှာ လေးစားတဲ့စိတ်နဲ့ နာခံနေကြတာ၊ အမိန့်ကို လိုက်နာနေကြတာ မဟုတ်ဘူး။ သူတို့ အကြောက်တရားနဲ့သာ လိုက်နာနေကြတဲ့အတွက်ကြောင့် သူတို့မှာ အကြောက်တရားတွေ မရှိတော့ဘူး၊ အာဏာတွေမရှိတော့ဘူး၊ သူတို့ကို ခြိမ်းခြောက်နိုင်တဲ့ အရာတွေ မရှိတော့ဘူးဆိုရင်တော့ သူတို့ကို ဘယ်သူမှ လေးလေးစားစား လိုက်နာတဲ့အနေအထားမျိုး မတွေ့တော့ဘူး။ အဲဒါတွေက ရှေးတုန်းက စစ်တပ်ထဲမှာ ဖြစ်သွားတဲ့ အနေအထားတွေမှာ အများကြီးတွေ့ရပါတယ်။”
ဗိုလ်ချုပ်မှုးကြီးဟောင်း ဦးသန်းရွှေဟာ လက်ရှိအချိန်မှာတော့ မြန်မာစစ်တပ်ကို နောက်ကွယ်ကနေ ထိန်းချုပ်ကွပ်ကဲနေတာဖြစ်ပြီး ရေရှည်မှာတော့ ဦးသန်းရွှေဟာ တပ်မတော်ကို ထိန်းချုပ်နိုင်ဖို့တော့ မဖြစ်ဘူးဆိုတာ မြန်မာအရေး လေ့လာသူတွေက သုံးသပ်ကြောင်း တင်ပြလိုက်ရပါတယ်။
No comments:
Post a Comment