
မြန်မာနိုင်ငံ ရွှေးကောက်ပွဲ ကော်မရှင်သည် မဲဆန္ဒရှင်များ၏ ဆန္ဒကို မလေးစားသည်သာမက စော်ကားမူများ ပြုလုပ်ခဲ့သည်ဟု ပေါက်တောမြို့ပေါ်မှ ရတပ ပါတီ အဖွဲ့ဝင် လူငယ် တစ်ဦးဖြစ်သူက ပြောသည်။
ရွှေးကောက်ပွဲ ကော်မရှင် ခုံသမာဓိ လူကြီးများက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံကို အရှုံးပေပြီး ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ်ကို အနိုင်ပေးလိုက်သဖြင့် သူက ထိုသို့ ပြစ်တင် ဝေဖန် ပြောကြားလိုက်ခြင်း ဖြစ်သည်။
၂၀၁၀ ခုနှစ် နိုဝင်္ဘာလ ၇ ရက်နေ့က ပြုလုပ်ခဲ့သော ရွှေးကောက်ပွဲတွင် ပေါက်တောမြို့နယ် ပြည်သူ့ လွှတ်တော်နေရာကို ယှဉ်ပြိုင်ကြရာ ရတပ ပါတီမှ ဦးအောင်ကျော်ဇံမှာ ၃၀၅၅၀ မဲ ရရှိခဲ့ပြီး ကြံ့ဖွံ့ ကိုယ်စားလှယ် ဦးထွန်းအောင်ခိုင်မှာ ၁၁၅၅၁ မဲသာ ရရှိခဲ့သည်။
ယခုကဲ့သို့ ရွှေးကောက်ပွဲတွင် ပြည်သူများ တခဲနက် ထောက်ခံ မဲပေးခဲ့ကြသော ဦးအောင်ကျော်ဇံအား ကော်မရှင် ခုံရုံးက အရှုံးပေးလိုက်ခြင်း အပေါ် ပါတီတွင်းက လူငယ်များသာမက ပေါက်တော ဒေသခံများကလည်း မကျေမနပ် ဖြစ်နေကြသည်ဟု ပေါက်တောမြို့နယ် ပါတီ အတွင်းရေးမှူးက ပြောသည်။
" အခု ကျွန်တော်တို့ရုံးကို ပြည်သူတွေ လာပြီးမေးနေကြတယ်။ ကျွန်တော်တို့ ဒီလောက် ထောက်ခံပြီး မဲပေးထားတဲ့သူကို ဘာကြောင့် ရွှေးကောက်ပွဲကော်မရှင်က အရှုံးပေးလိုက်ရတာလဲ။ ပါတီက ဘယ်လို လုပ်မလဲ။ ကျွန်တော်တို့ နောက်ကလိုက်ပြီး ဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်ဆိုပြီး လာပြောနေကြတယ်။ ကျွန်တော်တို့လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ခေါင်းမီးတောက်နေကြပါတယ်" ဟု သူက ပြောသည်။
၎င်းပြင် သူက ဦးအောင်ကျော်ဇံအား ရွှေးကောက်ကော်မရှင် ခုံရုံးက စက်တင်္ဘာလ ၉ ရက်နေ့က အရှုံးပေးလိုက်ခြင်းနှင့် ပတ်သက်ပြီး ပါတီ ဗဟိုမှ ညွှန်ကြားချက်ကို စောင့်နေကြောင်းနှင့် လောလောဆယ်တွင် မည်သို့မှ စီစဉ် ဆောင်ရွက်မည်ကို မသိသေးကြောင်း သူက ပြောသည်။
ယခုကဲ့သို့ ရွှေးကောက်ပွဲတွင် မဲအရေ အတွက် တ၀က်ကျော်ထက်များသော မဲဖြင့် အနိုင်ရရှိခဲ့သူ ဦးအောင်ကျော်ဇံအား ကော်မရှင် ခုံရုံးက အရှုံးပေးခြင်းမှာ ကြံ့ခိုင်ရေး ပါတီမှ ဖိအားပေး၍ သော်လည်း၊ အစိုးရ ပါတီ အပေါ် ဘက်လိုက်၍လည်းကောင်း၊ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သူများက လာဒ်ငွေများ ပေးဆောင်၍ လည်းကောင်း ဖြစ်နိုင်သည်ဟု ပေါက်တောမြို့တွင် ဝေဖန် ပြောဆိုနေကြသည်ဟု သိရသည်။
ရွှေးကောက်ပွဲ ကော်မရှင် ခုံရုံးသည် ပေါက်တောမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံအား အရှုံးပေး ခဲ့သော်လည်း ပေါက်တော မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွန်းအောင်နှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်သိန်းတို့ကို အနိုင်ပေးခဲ့သည်။
No comments:
Post a Comment