Monday, September 12, 2011

မိုင်းဆက်မြို့နယ်က ပညာရေးဝန်ထမ်းများ​​ လစာမရ

အံ့ဘုန်းမြတ်

ရှမ်းပြည်နယ် အရှေ့ပိုင်းမှာရှိတဲ့ မိုင်းဆက်မြို့နယ်က အခြေခံပညာကျောင်းတွေက ကျောင်းဆရာ၊ ဆရာမတွေအားလုံး လုပ်ခလစာတွေ ယခုအထိ မရကြသေးပါဘူး။

မိုင်းဆက်မြို့နယ်အတွင်းက အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းတွေက ကျောင်းဆရာ၊ ဆရာမ ၃၀၀ ကျော်အပါအ၀င် မြို့နယ်အခြေခံပညာဦးစီးဌာနက ပညာရေးဝန်ထမ်းအားလုံး ပြီးခဲ့တဲ ဩဂုတ်လအတွက် လစာတွေကို ဒီကနေ့အထိ မရကြသေးတာပါ။

ဒီလိုလစာမရတာနဲ့ ပတ်သက်ပြီး ကျောင်းဆရာမတဦးက“ပညာရေးဌာန တခုလုံး မရသေးတာ။ ဘာကြောင့်လဲတော့ မရှင်းပြတတ်ပါဘူး။ သူတို့တွေက ပညာရေးဌာနက ပညာရေးမှူးက ငွေထုတ်တဲ့ လက်မှတ် အဲဒါ အပြည့်အစုံ မပြနိုင်သေးလို့တဲ့။ ကျမလည်း ကောင်းကောင်းတော့ မသိဘူး။ ”လို့​​ ​ပြော​ပါ​တယ်​။

ဒီလိုဝန်ထမ်းတွေကို လစာမပေးနိုင်တာနဲ့ ပတ်သက်ပြီး မိုင်းဆက်မြို့က ကျောင်းအုပ်ဆရာတဦးကို မေးမြန်းကြည့်ရာမှာတော့ “အဲဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော်ပြောလို့ မရလို့ပါ။ ကျေးဇူးတင်ပါတယ်နော်။” လို့သာ ဖြေဆိုပါတယ်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးထွန်းကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ကို တိုင်စာ အမြန်းဆုံးပို့တာနဲ့ အရေးယူ ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။

“အစိုးရအဖွဲ့ကို ရုံးလိပ်မူပြီး တိုင်လိုက်ပါ။ ရှင်းပေးပါ့မယ်။”

အရင်အစိုးရ လက်ထက်တုန်းက ဗဟိုအစိုးရအသီးသီးက လစာ ဘတ်ဂျက်တွေကို စီစဉ်ပေးပို့လေ့ရှိပေမယ့် အစိုးရသစ်ပြောင်းလဲအပြီး ဒီဘတ်ဂျက်တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေကပဲ ကိုင်တွယ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒါတွေနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့သစ်ရဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒေသဆိုင်ရာဝန်ကြီးတွေကြား ဘယ်လို ဆောင်ရွက် နေကြတယ် ဆိုတာ ပွင့်လင်းမြင်သာမှုရှိအောင် ပြည်သူတွေကို ထုတ်ပြန်ပေးဖို့ လိုအပ်နေပါတယ်။

No comments: