Thursday, October 27, 2011

ရေတပေါက်မျှဖြင့် မလုံလောက်

ဧရာဝတီ

သီတင်းကျွတ် လပြည့်နေ့တွင် အကျဉ်းသား ၆ ထောင်ကျော် စတင်လွှတ်ပေးမည် ဆိုသော သမ္မတ ဦးသိန်းစိန်၏ ကြေညာ ချက်ကြောင့် အကျုံး ဝင်သူ အားလုံး မျှော်လင့်တကြီး ဖြစ်ခဲ့ကြသည်။

သို့သော် ယနေ့ လွတ်မြောက်လာသည့် အကျဉ်းသားများထဲတွင် နိုင်ငံရေးခံယူချက်ဖြင့် မတရား ချုပ်နှောင်ခံရသူ အများစု မပါဝင်သောကြောင့် မျှော်လင့်ချက်များ သဲထဲရေသွန်ဖြစ်သွား ခဲ့ရသည်။

ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – မြန်မာနိုင်ငံ (AAPP) ၏ ထုတ်ပြန်ချက်အရ ယနေ့ လွတ်မြောက်လာသည့် အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသား ၁၁၈ ဦးသာ ပါဝင်သည်ဟု သိရသည်။

နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု၊ ၎င်းနောက် ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း ရပ်တံ့သည့် ဆုံးဖြတ်ချက် စသည်တို့ကိုကြည့်၍ မြန်မာပြည်၏ အခြေအနေ အကောင်းဘက်သို့ ပြုပြင်ပြောင်းလဲပြီဟု နိုင်ငံတကာနှင့် မြန်မာပြည်သူလူထုက ထင်မြင်ခဲ့ ကြသည်။

အစိုးရ၏ လုပ်ရပ်အပေါ် အကောင်းမြင်လာသည်နှင့်တကွ ဖြစ်ပေါ်ခဲ့သော ထိုတိုးတက်မှုများ နောက်ပြန်ဆုတ် သွားမည်ကို မည်သူကမျှ မမြင်လိုကြပေ။ ရှေ့သို့သာ မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန် သွားလိုကြသည်။

အရေးကြီးသည့် နိုင်ငံရေး ခေါင်းဆောင်များ ဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် ကဲ့သို့သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ဦးခွန်ထွန်းဦး၊ စိုင်းညွန့်လွင်တို့ ကဲ့သို့သော တိုင်းရင်းသား ခေါင်းဆောင်များ၊ ဦးဂမ္ဘီယ ကဲ့သို့သော ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် အရေးပါသည့် သံဃာ့ခေါင်းဆောင်များ ထောင်ထဲတွင် ဆက်ရှိနေခြင်းက နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုကို နောက်မှ ဆွဲထားသကဲ့သို့ ဖြစ်နေသည်။

ထိုကဲ့သို့ နိုင်ငံရေးခေါင်းဆောင် အများစုကို လွှတ်မပေးခြင်းက အမျိုးသား ပြန်လည် ရင်ကြား စေ့ရေးကို ဟန့်တားသော လုပ်ရပ်ဟု ယူဆရပေလိမ့်မည်။

မြန်မာအစိုးရအနေဖြင့် မည်သည့်အတွက် သံသယဖြစ်စရာ လုပ်ရပ်ကို လုပ်ရသနည်း၊ လတ်တလော အမေရိကန်အပါအဝင် အနောက်နိုင်ငံအစိုးရများ၏ ချီးမွမ်းထောပနာ ပြုမှုများအပေါ်တွင် ကျေနပ်၍ သာယာနေခြင်းလော၊ ထို ချီးမွမ်းမှုများဖြင့် လုံလောက်ပြီ၊ လိုအပ်သမျှ ရပြီဟု ယူဆနေခြင်းလော။

ဖြစ်သင့်သည်မှာ ပြည်ပနိုင်ငံများ၏ ချီးကျူးမှုကို သာယာနေခြင်းထက် မိမိနိုင်ငံသားများ၏ လှိုက်လှိုက်လှဲလှဲ ချစ်ခင် ချီးကျူး မှုကို ခံယူရန် ကြိုးစားသင့်သည်။

နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်မပေးသမျှ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်တွင်း ဒီမိုကရေစီ အင်အားစု အားလုံး၏ ပူးပေါင်းပါဝင်လာမှုကို မျှော်လင့်၍ မရနိုင်ဟု မိမိတို့က ထင်မြင်ယူဆသည်။

တချိန်တည်းမှာပင် ကချင်ပြည်နယ်တွင် အစိုးရ၏ ထိုးစစ်ဆင်မှုများ မြင့်တက်လာသည်ကို သတိပြုမိသည်။ ဒေသခံ တိုင်းရင်းသား ပြည်သူများအနေဖြင့် စစ်ဘေးဒဏ်ခံရင်း ကျီးလန့်စာစား ဖြစ်နေရသည်ကို ကိုယ်ချင်းစာ မိသည်။

အကျဉ်းထောင်များအတွင်း ကျန်ရှိနေသေးသော ခေါင်းဆောင်များကို လွှတ်ပေးပြီး ပြည်တွင်းစစ်ကို ရပ်စဲမှသာ အစိုးရ အပေါ် ပြည်သူလူထု တရပ်လုံးက သံသယရှင်းစွာ ကြိုဆိုထောက်ခံ ကြလိမ့်မည်။

ကန္တာရထဲတွင် ရေငတ်နေသူတို့အဖို့ ရေတပေါက်ဖြင့် မလုံလောက်ပေ။ အိုအေစစ်ရောက်သည်အထိ ပို့ဆောင်ပေးရန်မှာ ဦးစီးဦးဆောင်လုပ်သူတို့၏ တာဝန်သာ ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

No comments: